Your browser doesn’t support HTML5
မြန်မာနိုင်ငံမှာ ၂၀၁၉ - ၂၀၂၀ အတွင်း ငလျင်တွေ ပိုလှုပ်ဖို့ ရှိနေတယ်လို့ မြန်မာနိုင်ငံ ငလျင်ကော်မတီ အတွင်းရေးမှုးဟောင်းဖြစ်တဲ့ အင်ဂျင်နီယာဘူမိပညာရှင် ဦးတင့်လွင်ဆွေက သတိပေးပါတယ်။ ဘာကြောင့် အခုလိုပြောရတာပါလဲ။
ဦးတင့်လွင်ဆွေ။ ။ “မြန်မာနိုင်ငံက တကယ်တော့ ကမ္ဘာ့ငလျင်ရပ်ဝန်းကြီး ၂ ခုထဲမှာ တခု အပါအဝင်ဖြစ်တဲ့ Alpine လို့ခေါ်တဲ့ မြန်မာ-ဟိမဝန္တာ တောင်တန်း ငလျင်ရပ်ဝန်းကြီးရဲ့ တောင်ဘက် အစွန်မှာ ကျတယ်။ အဲဒီလို ကျနေ တဲ့အပြင် ကျနော်တို့ ဘူမိဗေဒ အခေါ် တက်တိုးနစ် tectonic ခေါ်တာပေါ့။ အဲဒါက မြေထုချပ်တွေ တခုနဲ့တခု တွန်းတိုက်တဲ ယန္တရားရဲ့ ရှုပ်ထွေးတဲ့ အနားစွန်းမှာလည်း လာပြီးတော့ ကျနေတဲ့ အခါကျတော့ လှုပ်ရှားမှုက အမြဲတမ်း ရှိနေတယ်။ အဲဒီတော့ အထူူးသဖြင့်ကတော့ မြန်မာပြည် အလယ်ပိုင်းလို နေရာမျိုးပေါ့လေ။ လူဦးရေ ထူထပ်တဲ့ နေရာမျိုးမှာကျတော့ ခုနပြောတဲ့ မြေထုချပ် လှုပ်ရှားမှုအများဆုံး နေရာမှာ မြို့ပြတွေ တည်ဆောက် နေတာ၊ လူအဖွ့ဲအစည်းတွေ နေနေကြတဲ့ အခါကျတော့ ဒါဟာ အန္တရာယ် ရှိတယ်ဆိုတာ ပညာရှင်တွေက ပြောကြတာဖြစ်ပါတယ်။
ဒီလို အန္တရာယ်ရှိတဲ့ ငလျင်ရပ်ဝန်းထဲကျရောက်နေတဲ့ မြန်မာနိုင်ငံရဲ့ ဝန်းကျင်မှာရော အခြေနေက ဘယ်လိုရှိပါသလဲ။
ဦးတင့်လွင်ဆွေ။ ။“အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့တပတ်ကပဲ မီးတောင်ပေါက်ပြီးတော့ ဆူနာမီဖြစ်ခဲ့တယ်။ ဒီမီးတောင်က Sumatra စူမားတြားဒေသမှာ Sandra Sraits စန်ဒရာ ရေလက်ကြား လို့ခေါ်တဲ့ အီကွေတာ တောင်ဘက် ယွန်းယွန်းလေးမှာ ရှိတဲ့နေရာမှာ ပေါက်တယ်။ အဲဒီမီးတောင်က Katatoa မီးတောင် အငယ်လေးပေါ့။ အဲဒီမီးတောင်က ၁၈၈၃ ခုနှစ်တုန်းက အကြီးအကျယ် ပေါက်ဖူးတယ်။ အဲဒီတုန်းကတော့ လူ ၃ သောင်း - ၄ သောင်းလောက် သေတာပေါ့ အခုတခါက ၄၀၀ လောက်သေတယ်။ ဒီဥစ္စာက ကျနော်တို့ ဘူမိဗေဒမှာ အိန္ဒိယမြေထုချပ်နဲ့ သြစတြေးလျ မြေထုချပ်တို့ ငုတ်လျှိုး တွန်းတိုက်တဲ့ အချိန်မှာ ဖြစ်တဲ့ မီးတောင်တွေ။ ဒါက တောင်ဘက်ခြမ်းမှာပေါ့။
၂၀၀၄ ခုနှစ် တုန်းကကျတော့ သူ့ထက် မြောက်ဖက်ကျတဲ့ အခြမ်း စူမားတြားမှာ ဖြစ်တယ်။ စူမားတြား ဆိုတာက အင်ဒိုနီးရှားရဲ့ မြောက်ပိုင်း ဆိုပေမယ့် မြန်မာပြည်နဲ့ကျတော့ ကပ်လျက်ဖြစ်သွားတယ်။ အဲဒီလို ကပ်လျက်ဖြစ်သွားတော့ ဒီစူမားတြား ငလျင် ၂၀၀၄ မှာ လှုပ်ပြီးတဲ့အခါ နောက်ပိုင်းမှာ သူက မြေထုချပ် ရွေ့တာက မြန်မာပြည်ဘက်မှာ လာပြီးတော့ Burma Plate လို့ခေါ်တဲ့ မြေထုချပ် အတွင်းထဲမှာ ဖြစ်တယ်။
၂၀၀၄ ငလျင်ကလည်း အနောက်ဖက်က အိန္ဒိယမြေထုချပ်နဲ့ Burma Plate လို့ခေါ်တဲ့ မြန်မာ မြေထုချပ် ၂ ခု ထိစပ်တဲ့ ရင်ချင်းအပ်တဲ့နေရာမှာ လာပြီးဖြစ်တဲ့အခါကျတော့ ၂၀၀၄ ငလျင်ကြီး ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ကျနော်တို့က ၂၀၀၄ ဆိုတာ ၂၀၀၄ ဒီဇင်ဘာမှာ ဖြစ်တဲ့အခါကျတော့ ၂၀၀၅ ထဲကို ရောက်တာပေါ့လေ။ ၂၀၀၅ ထဲမှာ ကျနော်တို့ မြန်မာနိုင်ငံ အတွင်းထဲမှာ ငလျင်ငယ် ကလေးတွေက ပုံမှန်နဲ့ မဟုတ်ပဲနဲ့ ပိုပြီးတော့ အရေအတွက်တွေ တက်လာတယ်။ အဲဒါက ဘာဖြစ်လို့လည်း ဆိုတော့ ဒီမြေထုချပ်ချင်း ဆက်စပ်တဲ့ အတွက်ကြောင့် သူ့ရဲ့ ဒီဘက်က တွန်းတိုက်တဲ့ ဒဏ်ကြောင့် မြန်မာပြည်ထဲမှာ Burma Plate ထဲမှာ အဲဒီလှုပ်ရှားမှုကြီးက ဖြစ်တယ်။ ဆိုတော့ အဲဒီ သဘောတရားကို အချက်အလက်အရ တွေ့နေရတာပေါ့လေ။”
ရလာတဲ့ ငလျင်ဆိုင်ရာ အချက်အလက်တွေကို စုပေါင်းပြီးမှ ရေးသားခဲ့တဲ့ ၂၀၁၈ အတွက် ငလျင် အနှစ်ချုပ်မှာတော့ ၂၀၁၉ - ၂၀၂၀ မှာ ငလျင်လှုပ်မယ့် အရေအတွက် ပိုများလာနိုင်တယ်လို့ ခန့်မှန်းလိုက်တာ ဖြစ်ပါတယ်။
ဦးတင့်လွင်ဆွေ။ ။ “ကျနော်က ပြန်ပြီးတော့ လေ့လာလိုက်တဲ့ အခါမှာ ပြန်ကြည့်လိုက်တဲ့ အခါကျတော့ နှစ်အလိုက်မှာလည်း ခုနပြောသလိုပဲ တဖြေးဖြေးနဲ့ စူမားတြားငလျင်ကြီးနောက်ပိုင်းမှာ နှစ်အလိုက် ငလျင်သေးသေးလေးတွေ လှုပ်တဲ့ အရေအတွက်က မြန်မာပြည် မြောက်ခြမ်းထဲမှာပဲ ပိုပြီးတော့ များများ လာတယ်။ အဲဒါကို ကျနော်လာပြီးတော့ တွေ့တယ်။ အဲဒါကြောင့် အနှစ်ချုပ်မှာ ကျနော်ရေးခဲ့တာပါ။ နောက်ပြီးတော့ များလာတဲ့ အရေအတွက်ကလည်း ၅ နှစ် တပတ်လည် cycle လေးတွေလို ဖြစ်နေတဲ့ သဘောလေးလဲ တွေ့ရတဲ့ အခါကျတော့ ဒါကို surface trend line မျက်နှာပြင်ပေါ်တင်ပြီး လိုင်းဆွဲကြည့်လိုက်တဲ့ အခါကျတော့ ၅ နှစ်တပတ်လည်မှာ တိုးတိုးလာတာ တွေ့ရတယ်။ အဲဒီတော့ ၂၀၁၄ အလွန်လောက်မှာ စပြီးတော့ ပြန်ပြီးတော့ ကျသွားတယ်။ ကျသွားပြီးတော့ သူ့နှစ် cycle အတိုင်းဆိုရင် ပြန်ပြီးတော့ တက်ဖို့ရာ မြင်တာပေါ့လေ။ အဲဒီတော့ အဲဒီ cycle က ဘယ်မှာ ပြန်ဖြစ်နိုင်သလဲ ဆိုတော့ ၂၀၁၉ -၂၀၂၀ လောက်မှာ ပြန်ပြီး တက်လာနိုင်တယ်။ အဲဒါကြောင့် ကျနော်က ၂၀၁၉ - ၂၀၂၀ လောက်မှာ အရင်ထက်စာရင် ငလျင်လှုပ်တဲ့ အရေအတွက်တွေ ပိုများကောင်း များလာနိုင်တယ်လို့ ကျနော် ပြောတာပါ။
၂၀၁၈ ခုနှစ်အတွင်း လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေရဲ့ ပတ်သက်ပြီး ထူးခြားချက်တွေက ဘာပါလဲ
ဦးတင့်လွင်ဆွေ။ ။“၂၀၁၈ က ဇန်နဝါရီလလောက်မှာ ပေါ့နော်၊ ပဲခူးရိုးမ အလယ်လောက်မှာ ပမာဏက ၆ လောက်ရှိတဲ့ ငလျင်လှုပ်တယ်။ အားလုံးကတော့ ဖြူးမြို့နယ် အနောက်တောင်ဘက် လောက်မှာ၊ ပဲခူးရိုးမ အလယ်လောက်မှာ ရှိတယ်။ ပမာဏက ၆ ရှိတယ်။ ဒါပေမယ့် သူက နောက်ဆက်တွဲ ငလျင်လေး တွေက ဘယ်အထိ သွားလဲ ဆိုတော့ ဖေဖေါ်ဝါရီ- ဇွန်လောက် အထိ နောက်ဆက်တွဲ ငလျင်တွေ သွားတယ် ပေါ့လေ။ အဲဒီမှာ ကျနော်တို့က အစောပိုင်းမှာတော့ စိုးရိမ်စိတ်ရှိတယ်။ အရင်တုန်းက။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ရဲ့ မြန်မာပြည်ရဲ့ အလယ်မှာ စစ်ကိုင်းပြတ်ရွေ့ ဆိုတဲ့ ပြတ်ရွေ့အကြီးကြီး ရှိတယ်။ ဒီပြတ်ရွေ့က မြေထုချပ်ကြီး ၂ ခု ထိစပ်တဲ့ အရာလည်း ဖြစ်တယ် နောက် လှုပ်ရှားမှုလည်း သူက အမြဲတမ်း ရှိနေတဲ့ အခါကျတော့ ဒီပမာဏ ၆ ရှိတဲ့ ဖြူး- ဒီပဲခူးရိုးမ ငလျင် လှုပ်ပြီးတဲ့ အချိန်မှာ ဒီ စစ်ကိုင်းပြတ်ရွေ့များ လှုပ်မလား ဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိခဲ့တယ်။
ဒါပေမယ့် အဲဒီအချိန်မှာ လေ့လာကြည့်တဲ့အချိန်မှာ ဒီ ပမာဏ ၆ ရှိတဲ့ ငလျင်က ပဲခူးရိုးမထဲမှာပဲ ဖြစ်တာ။ ဖြစ်တဲ့အခါကျတော့ ပဲခူးရိုးမထဲမှာလည်း သူက အခြားသော ယန္တရားတွေ ရှိတယ်။ ဒီပဲခူးရိုးမ ကိုယ်တိုင်ကလည်း သူက မြေထုချပ် ၂ ခု ထိစပ်တဲ့ နေရာမှာ ရှိတဲ့ ကြားခံနယ်လို ဖြစ်နေတယ်။ အဲဒါကြောင့် သူကလည်း တွန့်ခေါက်ပြီးတော့ သူ့ကြားထဲမှာလည်း ပြတ်ရွေ့အငယ်လေးတွေ သီးခြား ရှိနေတယ်။ ဆိုတော့ အဲဒီ ပြတ်ရွေ့ အငယ်ကလေးတွေကနေ လှုပ်ရှားပြီးတော့မှ သူကလည်း ဒီပဲခူးရိုးမထဲမှာ ငလျင်လေးတွေ ဖြစ်တာ။ အဲဒီ ပဲခူးရိုးမရဲ့ သူ့နေရာ ဖြူးတောင်ဘက် ပဲခူးရိုးမ အလယ်တင် မဟုတ်ပဲနဲ့ အဲဒီအားက ဘယ်အထိ သွားသလဲ ဆိုတော့ အနောက်ပိုင်းမှာ သူက ပြည်ရဲ့ အရှေ့မြောက် ဒီ ပဲခူးရိုးမရဲ့ အခြေလောက်အထိ အားတွေ ဆက်သွားလိုက်တာ။ အဲဒါ ဘယ်လောက် အထိ သွားလှုပ်သလဲဆိုတော့ နိုဝင်ဘာ - ဒီဇင်ဘာ လောက်အထိ အဲဒီ အရှိန်က ရှိနေတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ အဲဒီ ခုန ပြောခဲ့တဲ့ ပဲခူးရိုးမ ငလျင်ရဲ့ အရှိန်ကတော့ ရပ်သွားလောက်ပြီပေါ့။ ရပ်သွားလောက်ပြီ ဆိုပေမယ့် သူက ငလျင်ကတော့ ရပ်သွားမှာတော့ မဟုတ်ဖူး။ သူက မြေထုချပ်ရဲ့ အတွင်းထဲမှာ ရှိတဲ့ အားတွေက နေရာတကာမှာ ပြန့်နေတဲ့ အခါကျတော့ ဒီနေရာမှာ စုစည်းတာ ကတော့ ပြေလည်သွားတယ်။ ဒါပေမယ့် ဒီအားဟာ တခြားနေရာကို ခုနကလို ဆင့်ပွါးပြီးတော့ သွားမယ်လို့ ကျနော် ယူဆတယ်။ အဲဒါ ဒါပေမယ့် ဘယ်နေရာကို သွားမယ်ဆိုတာတော့ တိတိကျကျ မပြောနိုင်ဘူး။”
ဆင့်ပွါးဖြစ်လာနိုင်တဲ့ အားရှိနေတာကို တွက်ချက်နိုင်ပေမယ့် ဒီအားဟာ ဘယ်အရပ်ကို ဦးတည်မယ် ဆိုတာ တိတိကျကျ မသိနိုင်တဲ့အတွက် လာမယ့်နှစ်တွေ အတွင်း အထူးသတိထားရမယ့် နေရာတွေက ဘယ်မှာပါလဲ။
ဦးတင့်လွင်ဆွေ။ ။“မြန်မာပြည်မှာ ငလျင်လှုပ်နိုင်တဲ့ အရေးကြီးတဲ့ source အရင်းအမြစ်က စစ်ကိုင်းပြတ်ရွေ့ပါ။ မြန်မာနိုင်ငံက မြို့ကြီးတွေ တည်ထားတာ ကလည်း စစ်ကိုင်းပြတ်ရွေ့တလျှောက် မှာ အများကြီး တည်ထားတာပေါ့။ ဒီစစ်ကိုင်းပြတ်ရွေ့ကလည်း ဘယ်လောက်အထိ ရှည်သလဲ ဆိုတော့ သူက တောင်ဘက် သမုဒ္ဒရာအစပ်ကနေပြီးတော့ မြောက်ဖက် ပူတာအို လောက်အထိ တောက်လျှောက် တဆက်ထဲရှည်တဲ့အပြင် သူက အဆစ်အပိုင်းတွေ ရှိနေတယ်။ အဆစ်အပိုင်းတွေ ကလည်း သူက မတူညီတဲ့ လှုပ်ရှားမှုတွေ ရှိတယ်။ အဲဒီတော့ ၂၀၁၂ တုန်းက သပိတ်ကျင်းမှာ လှုပ်ပြီးတဲ့ နောက်မှာ တခြား အဆစ်အပိုင်းတွေက မလှုပ်ရသေးဘူး။
နောက်ပြီးတော့ စစ်ကိုင်းပြတ်ရွေ့ရဲ့ တောင်ဘက်ခြမ်းမှာ ရှိတဲ့ ပဲခူးတို့ဘာတို့ကလည်း အခုထက်ထိ အနှစ်တရာ - အနှစ် ၇၀- ၈၀ လောက် အတွင်းမှာ ငလျင်သေးသေးလေးတွေတောင် မမြင်ရတဲ့ အခါကျတော့ သူက မြေတွင်းအားတွေ စုနေမယ်လို့ ကျနော် ယူဆတယ်။ နောက်တော့ သူက လှုပ်လို့ရှိရင် အဓိက လှုပ်မယ်။ သူက အတိတ်မှာလည်း လှုပ်ခဲ့တယ်။ နောက် မြို့ကြီးတွေက အဲဒီ ပြတ်ရွေ့ရဲ့ ဘေးမှာ ရှိနေတယ်။ အဲဒီတော့ ပထမဦးဆုံးကတော့ မြို့အကြီးစားကို ပြောပါဆိုရင် ရန်ကုန်နဲ့ ပဲခူး။ ဒါတွေက မြို့ကလည်း ကြီးတယ်။ လူဦးရေကလည်း များတယ်။
ဒုတိယကတော့ မန္တလေး။ မန္တလေး - စစ်ကိုင်းကလည်း ကျနော်တို့က ၁၉၅၆ မှာ စစ်ကိုင်းငလျင် လှုပ်တဲ့ အချိန်မှာ မန္တလေး - စစ်ကိုင်းမှာ လူဦးရေက ဒီလောက် မသိပ်သည်း သေးဘူး။ အခု အချိန်မှာတော့ မန္တလေးမြို့ကြီးကလည်း ကြီးကျယ်လာတယ်။ စစ်ကိုင်းမြို့ကလည်း ကြီးကျယ် လာတယ်။ ဆိုတဲ့အခါကျတော့ အင်မတန် စိုးရိမ်စရာကောင်းတယ်။ မနေ့ကပဲ ကျနော် အဲဒီနေရာတွေကို ကြည့်ဖြစ်သေးတယ်။ အဲဒီမှာ အဆောက်အအုံတွေ တိုးချဲ့လာတာ တွေကလည်း မြေနုတွေ ဘက်ကို တိုးချဲ့သွားတာတွေက အများကြီး ဖြစ်နေတဲ့ အခါကျတော့ ဒီမြေနုတွေကို ဘယ်လို control လုပ်ထားသလဲတော့ မသိဘူး။ ဒါပေမယ့် ဒီမြေနုတွေ ဘက်ကို ကြီးမားတဲ့ အဆောက်အဦးတွေတိုးချဲ့တာ၊ စက်မှုဇုံ တိုးချဲ့တာ သတိနဲ့ သွားစေချင်တယ်။ အဲဒါတွေက အရေးကြီးတယ်။
နောက်တခုကတော့ မြန်မာပြည် အလယ်ပိုင်းက ဒီ နေပြည်တော် တဝိုက်ပေါ့လေ။ တောင်ငူ တဝိုက်က အဲဒါတွေကတော့ တော်တော် အရေးကြီးတယ်လို့ ထင်ပါတယ်။”
အင်ဂျင်နီယာဘူမိပညာရှင် ဦးတင့်လွင်ဆွေပါ။