မြန်မာနိုင်ငံမှာ မြေထုအတွင်းပိုင်းကျောက်မျိုးကိုလေ့လာပြီး ငလျင်နဲ့ရေဘေးအန္တရာယ်တွေအတွက် အဖြေရနိုင်သလို ဧရာဝတီမြစ်စီးဝင်ရာ ကမ်းလွန်ပင်လယ်အနည်ကျကျောက်လေ့လာရင် နိုင်ငံဖြစ်တည်မှုသမိုင်းကို သိရပါမယ်။ ဂျပန်အဏ္ဏဝါဘူမိသိပ္ပံနဲ့ နည်းပညာဌာနက ပညာရှင်ဒေါက်တာမိုးကျော်သူ ကို ဒေါ်ခင်မျိုးသက် က မေးမြန်းထားပါတယ်။
မေး ။ ။ ဦးမိုးကျော်သူ ပြောသွားတဲ့အထဲမှာ ကမ္ဘာမြေအတွင်းပိုင်းက ကျောက် အော်ဖီရိုလိုက် ophiolite လို့ခေါ်တဲ့ ကျောက်လွှာတွေက မြန်မာပြည်မှာလည် ရှိတယ်ဆိုတော့ မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာရှိလဲ။ ဘယ်လောက်စိတ်ဝင်စားဖို့ ကောင်းလဲ နည်းနည်းလေး ရှင်းပြပေးပါ။
ဖြေ ။ ။ ကျနော်က အထူးပြုလေ့လာခဲ့တာ မဟုတ်တော့ အတိအကျကြီး မဟုတ်ပေမယ့် အကြမ်းမျဉ်းပြောပြရရင်တော့ ရခိုင်နဲ့ ချင်းတောင်တန်း၊ နာဂတောင်တန်းတကြောမှာ ရှိပါတယ်။ နောက်ပြီးတော့ စစ်ကိုင်းပြတ်ရွေ့ကြောရဲ့ မြောက်ဘက်တကြောမှာ ရှိပါတယ်။ အဲဒီတော့ ရခိုင်၊ နာဂ တောင်တန်းကြီးဆိုတာက ငလျင် အရမ်းများတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိန္ဒိယသမုဒ္ဒရာတိုက်ကြီးက အာရှတိုက်ကြီးရဲ့အောက်ကို တိုးဝင်နေတဲ့အချိန်မှာ ဖြစ်လာတဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေ။ အဲဒီအပိုင်းနဲ့ စစ်ကိုင်းပြတ်ရွေ့ကြောရဲ့ မြောက်ဘက်ပိုင်းမှာ ရှိနေတော့ စစ်ကိုင်းပြတ်ရွေ့ကြီးနဲ့ ဘယ်လောက်ဆက်စပ်နေမလဲဆိုတဲ့ အပိုင်းတွေဆိုတော့။ သံယဇာတဆိုတာထက် မြန်မာနိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်အပိုင်းနဲ့ ပတ်သက်တဲ့ သုတေသနတွေမှာ တော်တော်လေး စိတ်ဝင်စားစရာ အချက်အလက်တွေ သိလာနိုင်မယ်လို့ထင်တယ်။
အခုဟာက ကုန်းပေါ်က ဘူမိဗေဒအနေနဲ့ ကျောက်တွေကို နမူနာ ယူပြီးရင် ဓါတ်ခွဲလေ့လာတဲ့ အပိုင်းလောက်ပဲ ရှိတာ။ ဒီထက်ပိုပြီးတော့ မြန်မြန်သိအောင်ဆိုပြီးတော့ အောက်အနက်ထိ တူးကြည့်တာဟာမျိုးကို အိုမန်ကနေတဆင့် နည်းပညာတွေကိုသုံးဖို့ စိတ်ကူးထားပါတယ်။
မေး ။ ။ ဆိုတော့ အခုလိုမျိုး မြန်မာနိုင်ငံမှာက Marine Science လို့ခေါ်တဲ့ ပင်လယ်ရေအောက် လေ့လာတာ တူးဖေါ်တာနဲ့ ပတ်သက်ပြီးတော့ သိပ်ပြီးတော့ တွင်တွင်ကျယ်ကျယ် မလုပ်ကြသေးပါဘူး။ ဒီဘာသာရပ်ဟာ ဘယ်လောက်အရေးပါတယ်။ ကိုမိုးကျော်သူကိုယ်တိုင် ပါရဂူဘွဲ့ကို ဂျပန်က တက္ကသိုလ်မှာ ယူထားတယ်ဆိုတော့ ဒီဟာကို နည်းနည်းလေး ရှင်းပြပေးပါ။ ဘယ်လောက်စိတ်ဝင်စားဖို့ ကောင်းလဲ။ ဒါကို လေ့လာခြင်းအားဖြင့် မြန်မာနိုင်ငံ ဘာတွေ သိရှိနိုင်မယ်၊ သဘာဝ ဘေးအန္တရာယ်တွေ အထိ တွက်ချက်လို့ရတာတွေ နည်းနည်းလေး ဆက်စပ်ပြီးတော့ ရှင်းပြပေးပါ။
ဖြေ ။ ။ ကျနော်က ဂျပန်ကို သွားခဲ့တာလဲ မြန်မာနိုင်ငံမှာ Marine Geoscience, Marine Geology မရှိလို့ ပထမဦးဆုံးအနေနဲ့ ပညာသွားယူပါဆိုပြီး ဆရာတွေက ညွှန်ကြားလို့ သွားဖြစ်တာပါ။ အဲဒီအတိုင်း ပညာသွားယူလိုက်တဲ့အချိန်မှာ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့အပိုင်းတွေ အများကြီး ရှိခဲ့ပေမယ့် တကယ်ကို စိတ်ဝင်စားစရာ ပညာရပ်ဖြစ်သလို၊ မြန်မာနိုင်ငံအတွက် ပင်လယ် ဧရိယာအကျယ်ကြီးရှိတဲ့ နိုင်ငံအတွက် အရမ်းကို အရေးကြီးတယ်ဆိုတာကို သိလာရပါတယ်။ အဲဒါကြောင့်မို့လဲ ပြောရရင် Geohazard ပေါ့နော်။ ငလျင်တွေ လှုပ်မယ် Sumatra မှာ လှုပ်ခဲ့တဲ့ ငလျင်ကြီး ရှိခဲ့သလို၊ ကျနော်တို့ Andaman ကျွန်မှာလည်း စစ်ကိုင်ပြတ်ရွေ့ကြီးက ပင်လယ်ထဲအထိ ဆင်းသွားတော့ ငလျင်တွေ ရှိလာနိုင်တယ်ဆိုတာကို သိနေကြပါတယ်။ ငလျင်လှုပ်လာရင် ဆူနာမီ ဆိုတာ ရှိလာမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပင်လယ်ကမ်းရိုးတန်း ဖြစ်လို့။ ဒီဟာတွေနဲ့ ပတ်သက်ပြီး ပင်လယ်ကမ်းရိုးတန်းဆိုတာ လူနေများတဲ့ နေရာတွေ ဖြစ်လို့ အန္တရာယ်တွေ အများကြီးပါ။
ပြီးတော့ ဆူနာမီ မဟုတ်ဘဲနဲ့တောင်မှ အခုကြုံနေရတဲ့ ရေကြီးတဲ့ကိစ္စ၊ ဒီရေတက်တဲ့ကိစ္စ - အထူးသဖြင့် စစ်တောင်းမြစ် ဒီရေတက်တာ အရမ်းကြမ်းပါတယ်။ ဒီလိုကိစ္စတွေကတော့ ပြောရရင်တော့ နည်းနည်းလေး လေ့လာလိုက်ရုံနဲ့ လူတွေ အများကြီး အသက်ကို ကယ်လို့ရမယ်ဆိုတဲ့အပိုင်းတွေပါ။ နိုင်ငံခြားက အကူအညီတွေ အများကြီးလည်း မလိုပါဘူး။
ပြီးတော့ ဧရာဝတီမြစ်ကြီးပါ။ အခု စကားဆက်စပ်သွားလို့ အခု Conference ကြီးမှာ အထူးတွေ့လိုက်ရတာက မြန်မာဆိုတဲ့ ခေါင်းစဉ်လေးနဲ့ Search လုပ်ကြည့်လိုက်တဲ့အခါမှာ အများကြီး တက်လာပါတယ်။ ဘာတွေတက်လာလဲဆိုတော့ ဧရာဝတီမြစ်ကြောတလျှောက်မှာ ပြည်ပက ပညာရှင်တွေ အများကြီး သုတေသန လုပ်ထားပါတယ်။ ဝမ်းနည်းစရာကောင်းတာက မြန်မာသုတေသနပညာရှင်က တယောက်၊ နှစ်ယောက်ပဲ ပါတဲ့အပြင် ဘယ်သူမှလာပြီး ဒီကိုလာပြီး မတက်နိုင်ဘူး။ ပြည်ပကပညာရှင်တွေ အများကြီးက သုတေသန လုပ်နေတယ်ဆိုတဲ့သဘောက အရမ်းကို စိတ်ဝင်စားစရာ ဖို့ကောင်းတာတခုရယ်၊ ကမ္ဘာပေါ်မှာ ဒီသုတေသနက ဒီနေရာတခုပဲ ကျန်နေခဲ့တာ။ ကျန်တဲ့နေရာတွေမှာ လုပ်လို့ပြီးသွားပြီ။ ဒီတော့ ဧရာဝတီမြစ်ကြီးနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ။ ပြီးမှ ဧရာဝတီမြစ်ဝကျွန်းပေါ်ကနေ ဆက်ပြီးပြောရရင် shelf ပေါ့နော်။ ကမ်းရိုးတန်းတလျှောက်မှာ ရေတိမ်ပိုင်းမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေ ထွက်တဲ့နေရာတွေမှာဆိုရင် ဧရာဝတီ Fan လို့ ခေါ်ပါတယ်။ ယပ်တောင်ပုံစံနဲ့ သွားတဲ့နေရာဟာ အနယ်ကျကျောက်တွေ အထူကြီး၊ အများကြီး ရှိနေပြီး၊ အဲဒီရဲ့ ဖွဲ့စည်းပုံ ဘယ်လိုဖြစ်သလဲဆိုတာတွေက အခုစပြီး လေ့လာနေတာပါ။
အဲဒါအပြင်ကို ပြောရရင် ပင်လယ်ထဲမှာဆိုတော့ Geoscience ဆိုတော့ နည်းနည်းနွယ်သွားပေမယ့် သဘာဝမုန်တိုင်းတွေ ကာကွယ်ဖို့အတွက် ဒီကိစ္စတွေကို အများကြီးလုပ်လို့ရမှာပါ။ ငါးဖမ်းတာတွေကတော့ ဝင်ငွေရ၊ စီးပွားရေးအတွက်လည်း ကောင်းတဲ့အလုပ်တွေပါ။
မေး။ ။ မြန်မာနိုင်ငံမှာက ဒီဘာသာရပ်က သိပ်ပြီးမထွန်းကား သေးပါဘူး။ အဲဒီတော့ ထွန်းကားအောင် ဘာတွေလုပ်ဖို့ လိုသလဲ၊ အခြေခံကတော့ ဘူမိဗေဒလို့ နားလည်ထားတာပါ။ ဦမိုးကျော်သူ မြန်မာပြည်က တက္ကသိုလ်တွေမှာ သွားပြီးတော့ သင်ကြားပို့ချပေးနေတယ် ဆိုတော့ အဲဒီ အခြေနေလေးနဲနဲ ပြောပြပေးပါ။ ဘူမိဗေဒဘာသာရပ်နဲ့ Marine လို့ခေါ်တဲ့ပင်လယ် ရေအောက် ဆိုင်ရာ လေ့လာတဲ့ ဘာသာရပ်အတွက် ဘယ်လောက်များ တိုးတက်မှု ရှိနေပါပြီလဲ။
ဖြေ။ ။ ဟုတ်ကဲ့ခင်ဗျ။ ကျနော်တို့ ဒီက တက္ကသိုလ်တွေက ၂၀၁၁ - ၁၂ လောက်မှာ စပြီးတော့ ဒီ marine geology ကို သင်ကြားဖို့ဆို ပြဌာန်း သင်ကြားခွင့် ပေးတယ်ပေါ့နော်။ ဒါပေမယ့် မယူမနေရ အဆင့် မဟုတ်သေးပါဘူး။ လက်ရွေးစင် selected အနေနဲ့ ခွင့်ပြုတာပါ။ အဲဒီအချိန်က စပြီးတော့ ကျနော်တို့ရဲ့ မိတဆွေတွေ ပါမောက္ခတွေကနေ အကူညီတောင်းလာပြီး ပြောလာတဲ့ အတွက်ကြောင့်မို့ ကျနော်လည်း ၂၀၁၄ ခုနှစ်က စတာပါ။ တနှစ်ကို ဆယ်ယောက် ကျနော့်ရဲ့ ဌာနကို ခေါ်တယ်။ ပြီးတော့ marine geoscience ဆိုတာ ကမ္ဘာအဆင့်နဲ့ ဘယ်လို လုပ်နေကြတယ် ဆိုတာ သူတို့အားလုံးကို ဆယ်ရက်တိတိ လေ့လာရေး ပုံစံလေးတွေ စီစဉ်ပေးတယ်။ သူတို့က သင်ထားတဲ့ ကလေးတွေ အတွက်က ကျနော်က ဆယ်ယောက်ကို ခေါ်လိုက်တယ်။ သူတို့ တက္ကသိုလ် ပြန်သွားရင် ၇၀၀ - ၈၀၀ သူတို့က သင်ထားတယ်။ အဲဒီကလေးတွေကို ကျနော်က မြန်မာပြည်ပြန်သွားရင် ၃ ရက်ဆက်တိုက် - မိုးလင်းမိုးချုပ်ပါ။ အထူးသင်တန်း အနေနဲ့ ပေးပါတယ်။ အထူးသင်တန်း ဆိုတာက ကျနော်က စာသင်တာ မဟုတ်ပဲနဲ့ သူတို့ သင်ထားတဲ့ အခြေခံ အပေါ်မှာ ဒီကလေးတွေ စိတ်ဝင်စားမှု တိုးလာအောင် ကျနော်ပုံပြင် ပြောပြတာပါ။
လက်ရှိ ကမ္ဘာပေါ်မှာ လုပ်နေတဲ့ ဘူမိဗေဒ ဆိုတာ ဘူမိဗေဒ တခုထဲ မဟုတ်ဖူး။ ဘူမိသိပ္ပံပါလာမယ်၊ ရူပဗေဒ ပါလာမယ်။ ဓါတုဗေဒ ပါလာမယ်။ တခြား သမိုင်းတွေ၊ ပထဝီတွေ၊ အကုန်ပါလာပြီးတော့ multidisciplinary ပေါ့နော်။ ဘက်စုံ ကနေ ဆက်နွယ်ပြီးတော့ လုပ်ကြတဲ့ သုတေသနက ဘယ်လောက် စိတ်ဝင်စားဖို့ ကောင်းသလဲ ဆိုတာကို သူတို့ကို ပြောပြတယ်။ ပြောပြပြီးတော့မှ သူတို့ထဲက တော်လာတဲ့ ကလေး generation တွေကို ဖြေးဖြေးချင်း မွေးလာတဲ့ပုံစံမျိုးနဲ့ ချဲ့လာတဲ့ဥစ္စာ အခုဆိုရင် ၅ နှစ် မြောက်သွားပြီ ပေါ့။ ပြောရရင်တော့ လူ ၂၀၀၀ လောက်အထိ ကျနော်တို့ မွေးထားတဲ့ အဆင့် လောက်တော့ ရောက်သွားပါပြီ။ ဆိုတော့ variation က အမျိုးမျိုး ရှိတယ် ခင်ဗျ။ အားတက်စရာလည်း အများကြီးပါ။ တကယ်တော်တဲ့ ကလေးတွေက ဘယ်လောက်ပဲ စံနစ်က မကောင်းခဲ့ဘူး ပြောခဲ့ပေမယ့်၊ တကယ်တော်တဲ့ ကလေးက တကယ်တော်တယ်။ ကြိုးစားတဲ့ ကလေးက အရမ်းကို ကြိုးစားတဲ့ သဘော ရှိတယ်ခင်ဗျ။
မေး။ ။ ဒီတော့ ဒီလောက် စိတ်ဝင်စားဖို့ကောင်းတဲ့။ မြန်မာပြည်အတွက်လည်း အင်မတန်မှ အကျိုးရှိမယ့် ဘာသာရပ် တခုကို အစိုးရဘက်က ပညာရေးဌာန ဘက်က ဘာတွေ ပံ့ပိုး ကူညီပေးဖို့ လိုတယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ ဟုတ်ကဲ့ခင်ဗျ။ အားလုံးသိကြတဲ့ အတိုင်းပဲ ဒီ မြန်မာပြည် အစိုးရ ဆိုတာကလည်း ပြန်လည် ထူထောင်ရေး ဆိုတဲ့ အပိုင်းကို အကြီးအကျယ် လုပ်နေရတယ်။ သူလည်း ကဏ္ဍ ပေါင်းစုံအတွက် အများကို အလုပ်များနေကြတဲ့ အပိုင်းတွေ ရှိပေမယ့် coordination ပေါ့နော်။ ပူးပေါင်း ဆောင်ရွက်တာပေါ့။ ဒီပညာရပ်တွေ တခုနဲ့ တခုက ဆက်နွယ်နေတာ ဆိုတော့ ပူးပေါင်း ဆောင်ရွက် ဖို့ဟာ အရမ်း အရေးကြီးပါတယ်။ အထူးသဖြင့် ကျနော်ပြောချင်တာက တက္ကသိုလ် တခု ထဲက သုတေသန လုပ်လို့ မရသလို အစိုးရ ဌာန တခုထဲကလည်း သုတေသနကို လုပ်လို့ မရပါဘူး။ အဲတော့ အားလုံးက မျှပြီး သုံးရမှာပါ။
ဘာလို့လည်း ဆိုတော့ တကယ်သုံး၊ တကယ်သုတေသန လုပ်မယ့် လူဆိုတာက တက္ကသိုလ်မှာ ရှိသလိုမျိုး သုတေသန လုပ်ဖို့၊ လိုအပ်တဲ့ ဘတ်ဂျက်ရှိတာက အစိုးရဌာန တွေမှာ ရှိပါတယ်။ အဲဒီတော့ အစိုးရဌာနတွေရယ်၊ တက္ကသိုလ် တွေရယ်၊ ပြီးတော့မှ ပုဂ္ဂလိက ကဏ္ဍတွေရယ် ပူးပေါင်းပြီးဆက်နွယ်ပြီး လုပ်ကြမယ် ဆိုရင် အရမ်းကို အကျိုးရှိမယ်။ နောက် ပြည်ပကနေ ကျနော်တို့အတွက် အကူအညီတွေ အများကြီးလာတယ်။ နောက် စိတ်ဝင်စားလို့ သုတေသနတွေ လာလုပ်ကြတယ် ဆိုရင် ရသလောက် ယူတတ်ဖို့ပါ။ ယူတဲ့အချိန်မှာလည်း အကျိုး ရှိရှိ ယူတတ်ဖို့ပါ။ ပညာယူဖို့က အရေးကြီးပါတယ်။ ပစ္စည်းယူဖို့က အရေးမကြီးဘူး ဆိုတာ ကျနော် အဓိက ပြောချင်ပါတယ်။ ပစ္စည်း ဆိုတာက နောက်ကျလေ နောက်ကျလေ ပစ္စည်းက တန်ဖို့ ဈေးသက်သာလေ ဖြစ်ပြီးတော့ ပစ္စည်း ကောင်းကောင်း ရမယ် ဆိုတာကို နားလည် စေချင်တယ်။ အဲဒါကြောင့် ပညာကို အဓိက ယူစေချင်ပါတယ်။ ပြီးတော့ အတွေ့အကြုံကို ယူစေချင်ပါတယ်။
အဲဒီတော့ အစိုးရပိုင်းက လုပ်ပေးဖို့က ဒီလို coordination လေးတွေကိုပါ။ ပြည်ပက လာပြီး လုပ်ချင်တဲ့ လူတွေ လွယ်လွယ် ကူကူ လုပ်နိုင်အောင်၊ ပြည်တွင်းက လူတွေ ပြည်ပကို သွားပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်အောင် စီစဉ်ပေးနိုင်မယ် ဆိုရင်တောင်မှ ငွေ အများကြီး စိုက်ထုတ်စရာ မလိုပါဘူး ဆိုတာလေးပါ။
မေး။ ဆိုတော့ ခုန ပြောတဲ့ထဲမှာ နိုင်ငံရပ်ခြားက လူတွေ မြန်မာနိုင်ငံ ထဲမှာ သုတေသနတွေ လာလုပ်ကြတယ်။ အချက်အလက်တွေ ယူကြတယ်၊ မြန်မာတွေက မသိကြဘူး ဆိုတော့၊ ဥပမာလေး ပြောပြပေးပါလား။ ဒီအတွက် အစိုးရအနေနဲ့ ဘာတွေ လုပ်ရမယ် ဆိုတာ သိရအောင်။
ဖြေ။ ။ ဟုတ်ကဲ့ပါခင်ဗျ။ အဲဒါ တော်တော် အရေးကြီးပါတယ်။ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ တိုးတက်တဲ့ နိုင်ငံတိုင်းရော ကျနော်တို့ အာဆီယံ အိမ်နီးချင်း နိုင်ငံတွေမှာ ကြည့်မယ် ဆိုရင် ဒီသုတေသနကို အားပေးဖို့ ဆိုရင် နိုင်ငံတကာနဲ့ ချိတ်ဆက်ဖို့ ဆိုတာ centralized ပေါ့။ ဒီအပိုင်းတွေမှာ ဗဟိုချုပ်ကိုင်မှုက အရမ်းကို အရေးကြီးပါတယ်။ ဘာလို့လည်း ဆိုတော့ တနေရာထဲကို အားလုံးလာမှ သိနေမှ။ အားလုံးကို အဲဒီလို ဗဟိုချုပ်ကိုင်ပြီးတော့ information အားလုံးက ဝင်လာပြီ ဆိုရင် အဲဒီကနေမှ အားလုံးကို ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာ နဲ့ အကုန်လုံး ဖြန့်ပေးနိုင်မယ် ဆိုရင် မရှုပ်တော့ဘူး။ ပြီးရင် အဲဒီမှာ အပြိုင်အဆိုင်နဲ့ တကယ့်ကိုပွင့်ပွင့်လင်းလင်းနဲ့ အပြိုင်အဆိုင် ဝင်ပြီးတော့ လျှောက်နိုင်ပြီးတော့ တကယ်တော်တဲ့ လူတွေကို ရွေးချယ်ခွင့်၊ ပြည်ပကိုရော ပြည်တွင်းကနေပါ လုပ်ခွင့်ရမယ် ဆိုရင်က နိုင်ငံ အတွက်က အရမ်းကို အကျိုးရှိမယ့် ကိစ္စပါ။ ဒါက ငွေကုန်ကြေးကျ ဖြစ်မယ့် ကိစ္စလည်း မဟုတ်ဖူး။ အဲဒါကြောင့် အဲဒီကိစ္စကို ကျနော် အမြန်ဆုံး လုပ်စေချင်ပါတယ်။ အထူးသဖြင့် ပညာရေးမှာ ပြောရမယ် ဆိုရင်တော့ ဒီလို ဦးစီးးဌာန တခုကနေ ပြီးတော့ နိုင်ငံခြား ပညာသင်ကိစ္စကို control လုပ်တယ်ဆိုတဲ့ ကိစ္စက ဘယ်လိုမှ မလုပ်သင့်တော့တဲ့ ကိစ္စတခုပါ။
မေး ။ ။ ဦးမိုးကျော်သူ စောစောက ပြောသွားတဲ့အထဲမှာ မြန်မာနိုင်ငံရဲ့ မြစ်ဝကျွန်းပေါ်၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို ကမ္ဘာတလွှားက စိတ်ဝင်စားကြတယ်လို့ ပြောတယ်။ ဆိုတော့ အဲဒါလေးနဲ့ ပတ်သက်ပြီးတော့ နည်းနည်းလေး ရှင်းပြပေးပါ။ ဘာတွေလေ့လာဖို့ လိုတယ်။ ဧရာဝတီမြစ်ကနေ စီးဆင်းလာတဲ့ နုန်းအနယ်တွေကျတဲ့ဒေသမှာ ဘာတွေလုပ်ဖို့လိုလဲ။ နည်းနည်းရှင်းပြပေးပါ။
ဖြေ ။ ။ ဒီအစီအစဉ်နဲ့ ပတ်သက်တဲ့ဟာမျိုးက မြန်မာနိုင်ငံနဲ့ ပထမဦးဆုံး သုတေသနလုပ်ဖို့ စိတ်ဝင်စားမှု ဖြစ်လာတာ ၂၀၀၄ ခုနှစ်ကပါ။ အာရှတခုလုံးမှာ Delta ဆိုတဲ့ Project ကြီး အကြီးကြီးတခု ဂျပန်ကနေ ဦးဆောင်ပြီးတော့ လုပ်ကြတာ အရမ်းကို အောင်မြင်သွားပါတယ်။ အဲဒီအချိန်မှာ အဲဒီအဖွဲ့အစည်းက မြန်မာနိုင်ငံက ဧရာဝတီမြစ်တခုပဲ ကျန်နေတယ်။ ကမ္ဘာပေါ်က ရှိသမျှမြစ်တွေထဲမှာ အဲဒီလောက် ကီလိုမီတာထောင်နဲ့ချီ ရှည်တဲ့ စကေးထဲမှာ ကျန်နေပြီးတော့မှ၊ ဒီဧရာဝတီ Fan ဆိုတဲ့ဟာက အနယ်တွေကျတာ အရမ်းများတဲ့ Himalayas ဟိမဝန္တာကနေ သယ်လာတဲ့ အနယ်တွေက အရှည်ကြီးဖြတ်ပြီးမှ ဒေသမျိုးစုံကိုဖြတ်ပြီးမှ ရောက်လာတာ။ ဆိုတော့ အဲဒီလိုဟာမျိုး သုတေသနကို အရမ်းကို လုပ်ချင်တဲ့အတွက်ကြောင့် ဆက်သွယ်ပေးပါ။ ဆက်စပ်ပေးပါဆိုတဲ့ဟာနဲ့ ကျနော် စတင်ခဲ့တာပါ။ အဲဒီသုတေသနကို စိတ်ဝင်စားတာ။
ဆိုတော့ အခုနောက်ဆုံးအနေနဲ့ ကျနော်တို့ ဘယ်လောက်အထိ စိတ်ကူးထားသလဲဆိုတော့ မြစ်ကြီးတခုလုံးက သယ်လာတဲ့ဟာကို မြစ်ကြီးတခုလုံးမှာ သုတေသန လုပ်မယ်ဆိုရင် လူတစ်ထောင်သုံးပြီးတော့ ဆယ်နှစ်လောက်လုပ်တောင် မပြီးနိုင်ဘူး။ ငွေလည်းအများကြီးကုန်မယ်။ အဲဒီတော့ ကတွတ်ပေါက်ကနေ စောင့်သလိုပါပဲ - ဧရာဝတီမြစ်ရဲ့ Shelf မှာ ထွက်လာလိုက်ရင် အခု ရေနံတွင်းတွေ တူးထားတာတွေရှိတယ်။ ဒါပေမဲ့ အဲဒီတွင်းထဲက Data တွေကို ကျနော်တို့ မသိသေးဘူး။ အဲဒီမှာစောင့်ပြီးတော့ မီတာ ငါးရာ၊ တစ်ထောင် တူးလိုက်လို့ရှိရင် နှစ် သန်းနဲ့ချီတဲ့ အချက်အလက်တွေကို - အခုက ဓါတ်ခွဲတဲ့နည်းပညာတွေကလည်း အရမ်းကောင်းနေတော့ - ဓါတ်ခွဲလိုက်တာနဲ့ တစ်မီတာချင်း၊ တမီတာချင်း။ တစ်စင်တီမီတာချင်း၊ တစ်စင်တီမီတာချင်း၊ (၁) နှစ်ချင်း (၁) နှစ်ချင်းရဲ့ သမိုင်းကို အတိအကျ သိရမယ်။ အဲဒီတော့ ကျနော်တို့ မြန်မာနိုင်ငံကြီးရဲ့ ကျန်ခဲ့တဲ့ နှစ် (၁) သောင်း၊ (၁) သိန်း၊ (၁) သန်းကနေ ဖြစ်ခဲ့တဲ့ အပြောင်းအလဲတွေကို ကျနော်တို့ အကုန်လုံး ပြောနိုင်မယ်။ ပြောနိုင်မယ့်အပြင် ကျနော်တို့ ဘယ်လောက်အထိ စိတ်ကူးယဉ်လာလဲဆိုရင် မြို့ပြတွေ ဘယ်လိုဖြစ်လို့ ပျက်ဆီးသွားပြီး၊ ဘယ်လို တိုးတက်လာသလဲဆိုတာကို ရာသီဥတုနဲ့ ဆက်နွယ်ပြီး ပြောနိုင်တဲ့အဆင့်အထိကို ကျနော်တို့ စိတ်ကူးယဉ်ကြ ပါတယ်။
မေး ။ ။ အခုလို မသိတဲ့ ဗဟုသုတတွေ မျှဝေပေးတဲ့အတွက် ဦးမိုးကျော်သူကို အရမ်းကျေးဇူးတင် ပါတယ်။