သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငလျင်ဒဏ် အန္တရာယ်လျှော့ချရေး


ငလျင်ဒဏ်သင့် ပုဂံဘုရားတစ်ဆူ
ငလျင်ဒဏ်သင့် ပုဂံဘုရားတစ်ဆူ
ငလျင်ဒဏ် အန္တရာယ်လျှော့ချရေး
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

မကြာခင်က မြန်မာနိုင်ငံမှာ ငလျင် ခပ်စိပ်စိပ် လှုပ်ခတ်ခဲ့ပြီး၊ ငလျင်ဆိုင်ရာ ကျွမ်းကျင်သူတွေ နောက်ထပ် ငလျင်ကြီးတွေ လှုပ်ကောင်းလှုပ်လာနိုင်တယ်လို့ သတိပေးထားတာကြောင့်၊ ဖြစ်လာလျှင် ထိခိုက်ဒဏ်ရာရ သက်သာအောင် ကြိုတင်ပြင်ဆင်ထားဖို့ ကျန်းမာရေး ပညာရှင်တွေကလည်း တိုက်တွန်းနေပါတယ်။

ငလျင်လှုပ်လာချိန်မှာ အဆောက်အဦးအထပ်မြင့်မှာ ရှိနေသူတွေအနေနဲ့ အောက်ကိုဆင်းပြေးပြီး လမ်းမပေါ်ထွက်တာမျိုး မလုပ်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ အောက်ဆင်းတဲ့လမ်းမှာ လူတွေပိ၊ပိတ်မိသွားတာအပြင်၊ ပြိုကျလွင့်စင်လာတာတွေ လာထိခိုက်၊ ပိမိသွားနိုင်လို့ပါ။ ဒါ့အပြင် အထပ်မြင့်တွေအနေနဲ့ သံချောင်းတွေ သံကွေးတွေ အထပ်တိုင်းမှာ ကြားခံထည့်သွင်းပြီး ဆောက်ထားတာကြောင့် အဆောက်အဦးတစ်ခုလုံး ပြားပြားဝပ် ပြိုကျတာ ဖြစ်လေ့မရှိဘဲ၊ မျက်နှာကြက်ပြိုကျတာ၊ နံရံပဲ့ထွက်တာ၊ မှန်ပြူတင်း ကွဲထွက်တာတွေမျိုးသာ ဖြစ်လေ့ရှိတာကြောင့်ပါ။ အထပ်မမြင့်တဲ့ အိမ်ထဲမှာ ရှိနေသူတွေလည်း အလားတူပဲ ပြိုကျလွင့်စင်တာတွေ မထိရအောင် အိမ်အပြင်ကို ချက်ချင်း ထွက်မပြေးသင့်ပါဘူး။

ဒါပေမဲ့ အထပ်မြင့်ပေါ်မှာရော အထပ်နိမ့်အိမ်ထဲမှာပါ ဆက်နေရာမှာ မတ်တပ်ရပ်ပြီး မနေသင့်ပါ၊ လန့်ပြီး မူးလဲကာ ဒဏ်ရာတွေ ပိုရလာနိုင်လို့ပါ။ လုပ်သင့်လုပ်ရမှာက အိမ်ထဲမှာပဲ လေးဖက်ထောက်ချလိုက်ပြီး (တံတောင်နှင့် ဒူးတို့ ကြမ်းပြင်နဲ့ထိထားခြင်း)၊ အကာအကွယ်ယူကာ (ဥပမာ စားပွဲအောက်၊ ကုတင်အောက်၊ ဘေးနေရာတွေကို ဝင်ကာ)၊ လက်တစ်ဖက်က ခေါင်းနောက်စေ့ကို ကာထားပြီး၊ နောက်တစ်ဖက်က တိုင် (စားပွဲတိုင်၊ ကုတင်ခြေ) ကို ကိုင်ထားခြင်းဖြင့် ပြိုကျလွင့်စင်လာတာတွေကနေ မထိခိုက်မိအောင်၊ မဖိမိအောင် ကာကွယ်ပေးထားနိုင်ပါတယ်။

ငလျင်ကြောင့် အဓိက အသက်ဆုံးရှုံးရသူတွေက ခေါင်းကို ထိခိုက်မိတာနဲ့ ကိုယ်ပေါ် ဖိ(ပိ)မိတာတွေကြောင့်ပါ။ စားပွဲ၊ ကုတင် မရှိလျှင်လဲ ဘီရို၊ ဆိုဖာခုံတွေဘေးနားမှာ အထက်ပါအတိုင်း လေးဖက်ထောက် ဝပ် (Drop)၊ အကာအကွယ်ယူကာ (Cover)၊ တိုင်ခြေတစ်ခုကို ကိုင်ထားခြင်းဖြင့် (Hold) အပေါ်ကကျလာနိုင်တာတွေကနေ တြိဂံပုံ လုံခြုံတဲ့နေရာလပ်လေး ဖန်တီးပေးပြီး ကာကွယ်ပေးနိုင်ပါတယ်။ အိပ်နေတုံးဖြစ်လျှင်လည်း ချက်ချင်း ခေါင်းအုံးကို ခေါင်းမှာ ကာလိုက်ပြီး အထက်ပါအတိုင်း လေးဖက်ထောက်ဝပ်ချ အကာအကွယ်ယူ ကိုင်ထားပါ။ ဒါပေမဲ့ ပြူတင်းပေါက်နဲ့ မှန်တွေနားမှာတော့ သွားမဝပ်ချပါနဲ့၊ မှန်တွေလွင့်စင် ထိခိုက်လာနိုင်လို့ပါ။ တွဲလွဲကျလာနိုင်တဲ့ ပန်ကာ၊ လျှပ်စစ်ခလုပ် နဲ့ စာအုပ်စင် တွေနားကလည်း ရှောင်ပါ။ ဂက်စ်မီးဖိုအိုးနဲ့ ဝေးရာမှာလည်း နေပါ၊ ဂက်စ်မီးဖိုအိုး ပြိုလဲကျပြီး ပေါက်ကွဲမီးလောင်နိုင်လို့ပါ။

လမ်းမပေါ်ရောက်နေသူတွေအနေနဲ့ ကားထဲမှာရှိနေရင် ကားထဲမှာ ဆက်နေသင့်ပါတယ်။ အကာအကွယ်ရထားပြီး ဖြစ်တာအပြင် မြေပြိုကျတာလည်း ဖြစ်လာနိုင်လို့ပါ။ တံတားပေါ်ရောက်နေရင်တော့ တံတားကျိုးသွားနိုင်တာမို့ ကားကို တံတားကနေလွတ်အောင် အမြန်မောင်းထွက်သင့်ပါတယ်။ မြစ်ချောင်းနားရောက်နေလျှင်လည်း ဝေးရာကို ထွက်သွားသင့်ပါတယ်၊ ငလျင်ဒဏ်ကြောင့် မြစ်ကြောင်းပြောင်းတာ၊ သောင်ထွန်းတာ၊ နဂါးပွက်အိုင် ပိုပွက်တာတွေ ဖြစ်လာနိုင်လို့ပါ။ လမ်းမပေါ်က ဓာတ်မီးတိုင်၊ ဓာတ်ကြိုး၊ သစ်ပင်အောက်မှာလည်း မနေသင့်ပါဘူး။ လှိုင်ခေါင်းထဲရောက်နေလျှင်လည်း အမြန်ဆုံး ထွက်သင့်ပါတယ်။ လမ်းမပေါ်မှာလည်း အိမ်ထဲမှာလိုပဲ လေးဖက်ထောက်ဝပ်ချလိုက်ပြီး အကာအကွယ် ရနိုင်လျှင် ယူပါ။ မတ်တပ်ရပ်နေလျှင် မူးပြီး ယိုင်လဲသွားနိုင်လို့ပါ။

ငလျင်လှုပ်အပြီးမှာ နောက်ဆက်တွဲငလျင်နဲ့ ဆူနာမီရေလှိုင်းတွေ ဆက်ဖြစ်လာနိုင်တာကြောင့် မြစ်ချောင်းတွေနဲ့ နီးသူတွေ နေရာရွှေ့ပြောင်းသင့်ပါတယ်။ ငလျင်အပြီး အပျက်အစီးတွေ၊ အုတ်ပုံတွေအကြား ပိတ်မိနေလျှင်တော့ ဖုန်မှုန့်သဲမှုန့်တွေကြောင့် အသက်ရှုလမ်းကြောင်း ပိတ်သွားနိုင်တာမို့ အင်္ကျ ီလက်ကိုင်ပုဝါ၊ နဲ့ နှာခေါင်း၊ ပါးစပ်တို့ကို ဖုံးကာပြီး အသက်ရှုသင့်ပါတယ်။ လာကယ်သူတွေသိနိုင်ဖို့ ပါးစပ်ဟ အော်ခါ်မဲ့အစား နီးစပ်ရာ သံပိုက်၊ အုတ်ခဲ စတာတွေကို ခေါက်ပြီး အသံပေးနိုင်ပါတယ်။ အော်ခေါ်တာကြောင့် အားကုန်တာအပြင်၊ အသက်ပိုရှုနိုင်တာကြောင့် ဖုန်တွေ ပါးစပ်ကတဆင့် အသက်ရှုလမ်းကြောင်းထဲ ပိုဝင်သွားနိုင်လို့ပါ။

ငလျင်မလှုပ်ခင်မှာလည်း မိမိအဆောက်အဦးမှာ သံချောင်း၊ သံကွေးတွေအထပ်တိုင်းမှာ သုံးပြီးဆောက်ထားးတာ သေချာအောင် စစ်ဆေးရေးအဖွဲ့တွေနဲ့ ပြန်စစ်ဆေးတာအပြင်၊ စာအုပ်စင် မပြိုအောင် တိပ်ကြိုးနဲ့ ပတ်စည်းထားတာ၊ မျက်နှာကျက် ခိုင်အောင်လုပ်ထားတာ၊ ပန်ကာခိုင်ခံမှု့ စစ်ဆေးထားတာ၊ ဂက်စ်မီးဖိုအိုး မယိုစိမ့်အောင် စစ်ထားတာ၊ လျှပ်စစ်ကြိုးတွေ ပြုတ်မကျအောင် စီစဉ်တာတွေ လုပ်ထားပေးသင့်ပါတယ်။ ဒါ့အပြင် ငလျင်လှုပ်ချိန်မှာ အိမ်ထဲက ခိုအောင်းနိုင်တဲ့ အလုံခြုံဆုံးနေရာကိုလည်း ကြိုရှာထားသင့်ပါတယ်။ အရေးပေါ်ဆေးဝါးတွေကိုလည်း အိမ်မှာ၊ လမ်းမှာ ကြိုတင်စုဆောင်းထားပြီး ဒဏ်ရာကနေ သွေးထွက်တာအတွက် ဘယ်လိုလုပ်သင့်တာတွေ ကြိုသိထားသင့်ပါတယ်။

ဒီသဘာဝဘေးအန္တရာယ်အကြောင်းကို ပိုနားလည်သိစေဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG