မတ်လ၁၁ရက်နေ့ ဂျပန်ငလျင်နဲ့ နောက်ဆက်တွဲအန္တရာယ်တွေကို မျက်ဝါးထင်ထင် တွေ့နေချိန်မှာပဲ မတ်လ ၂၄ရက်နေ့က ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင်မှာ ပြင်းအားအဆင့် ၆.၈ရှိတဲ့ ငလျင်နဲ့ ပြင်းအားအဆင့် ၅ ဝန်းကျင်နောက်ဆက်တွဲ ငလျင်တွေကြောင့် သေဆုံးပျက်စီးမှုတွေ ကြုံခဲ့ရပါတယ်။
ဂျပန်အပါအဝင် ပစိဖိတ်သမုဒ္ဒရာ ပတ်လည်နိုင်ငံတွေဟာ ကမ္ဘာမှာလှုပ်ခဲ့တဲ့ ငလျင်အားလုံးရဲ့ ၉၀%နဲ့ ပြင်းအား သိပ်များတဲ့ ငလျင်အားလုံးရဲ့ ၈၀% လှုပ်ခတ်ရာ Ring of Fire လို့ခေါ်တဲ့ ငလျင် ရပ်ဝန်းထဲမှာ ရှိနေပါတယ်။ မြန်မာနိုင်ငံကတော့ Alpide belt လို့ခေါ်တဲ့ အက်တလန်တိတ် သမုဒ္ဒရာကနေစပြီး မြေထဲပင်လယ်တလျောက်နဲ့ ဟိမဝန္တာတောင်တန်းကိုဖြတ်၊ မြန်မာနိုင်ငံကနေ စူမာထြား၊ ဂျာဗားအထိသွားတဲ့ ပြင်းအားများတဲ့ ငလျင်အားလုံးရဲ့ ၁၇% လောက်လှုပ်ခတ်တဲ့ ရပ်ဝန်းထဲမှာပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၀ အတွင်းပြင်းအား ရစ်ချတာစကေး ၇နဲ့ အထက်လှုပ်ခဲ့တဲ့ ငလျင်ကြီး ၁၆ခုထက်မနဲ ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် အနောက်ဖက်တကြောက ငလျင်အများဆုံးလှုပ်တဲ့ (Western Fold Belt) အနောက်ဖက်အကြော၊ အလယ်ပိုင်းက စစ်ကိုင်းပြတ်ရွေ့တကြောနဲ့ မြန်မာနိုင်ငံ အရှေပိုင်းက အပြိုင်ပြတ်ရွေ့ တွေရှိရာဒေသ တွေအဖြစ် ငလျင်လှုပ်စေတဲ့ အကြောင်းရင်းနဲ့ အနေထားအလိုက် အကြမ်းဖျင်း ၃ပိုင်း ပိုင်းနိုင်ပါတယ်။
မြန်မာနိုင်ငံ အနောက်ဖက်တကြော Western Fold Belt ထဲက ရခိုင်၊ ချင်းနဲ့ နာဂတောင်တန်းတွေမှာ တွေ့ရလေ့ရှိတဲ့ ငလျင်တွေကို ဖြစ်စေတဲ့ အားကိုမြေထုချပ်ကြီး ၂ခုရဲ့ လှုပ်ရှားမှုကြောင့် ရပါတယ်။ Eurasia Plate လို့ခေါ်တဲ့ မြေထုချပ်ကြီးရဲ့ တောင်ဖက်အစွန်မှာရှိတဲ့ မြန်မာ မြေထုချပ်အောက်ထဲ အိန္ဒိယမြေထုချပ် ကြီးက အနောက်တောင်ဘက်ကနေ တနှစ်ကို ၃.၅ စင်တီမီတာနှုံးနဲ့ တိုးဝင်နေတာကြောင့်ပါ။
အလယ်ပိုင်းစစ်ကိုင်းပြတ်ရွေ့တကြော တွေ့ရလေ့ရှိတဲ့ ငလျင်တွေကတော့ တောင်ဘက် ကပ္ပလီ ပင်လယ် ပြင်ထဲမှာ ရှိတဲ့ ချော်ရည်ပူတွေ တိုးဝင်ရာ လမ်းကြောင်းအတိုင်း တနှစ်ကို ၂.၅ စင်တီမီတာနှုံးနဲ့ ဘယ်ညာ ဖြန့်ကျက်ရွေ့လျားနေတဲ့ spreading centre ကြောင့်ပါ။ သူက မြန်မာမြေထုချပ်ကို မြောက်ဖက်ကို ရွေ့ စေတဲ့ အင်အားတခုပါ။
အနောက်ဖက်တကြောက မြေထုချပ်ထဲတိုးဝင်တဲ့ နှုံးနဲ့အနေထားဟာ တောင်ဘက် အင်ဒိုနီးရှားကအနေထားနဲ့ ကွဲပြားတဲ့အပြင် တိုးဝင်နှုံးလဲပိုနှေးတာမို့ မြန်မာနိုင်ငံအတွက် သက်သာစေတယ်လို့ ဘူမိပညာရှင် ဒေါက်တာ ဦးဝင်းနိုင်ကပြောပါတယ်။ ဒါ့ပြင် အလယ်ပိုင်း စစ်ကိုင်းပြတ်ရွေ့အတွက်လည်း အင်အား အသင့်အတင့် ပြေလျော့ စေမယ့် သဘာဝအနေထားတွေရှိနေတယ်လို့ ဆိုပါတယ်။
ငလျင်ရပ်ဝန်းထဲမှာရှိနေတဲ့ မြန်မာနိုင်ငံအတွက် ၂၀၀၃ခုနှစ်ကနေ ၂၀၀၅ခုနှစ်အတွင်း ဘူမိဗေဒပညာရှင် ဒေါက်တာဦးသိန်း ဦးဆောင်တဲ့ အဖွဲ့က ငလျင်ဇုံသတ်မှတ်နိုင်ဖို့ ကျိုးစားခဲ့ကြပြီး နောက်မှာ ဇုံ၅ခု ခွဲခြား ခဲ့ပါတယ်။ မြေပြင် အရှိန်ပြင်းအား (ground acceleration) g အဆင့် ဝ.၄နဲ့ ဝ.၅ကြားမှာရှိတဲ့ Destructive အပျက်အစီး အများဆုံး ဇုံနံပါတ် ၅လို့သတ်မှတ်ထားတဲ့ ထဲမှာ ဒေသ၄ခု ကျရောက်နေပါတယ်။ လူနေထူထပ်တဲ့ ပဲခူး-ဖြူး ဒေသနဲ့ မန္တလေး-စစ်ကိုင်း-တကောင်း ဒေသတွေ၊ နောက် ကချင်ပြည်နယ်က ပူတာအို-တနိုင်းဒေသနဲ့ ကလေးမြို့-ဟုမ္မလင်း ဒေသတွေလို လူနေသိပ်မထူထပ်တဲ့ နေရာတွေပါ။
g အဆင့် ဝ.၃ကနေ ဝ.၄ ရှိတဲ့ နံပါတ် ၄ဇုံဖြစ်တဲ့ ဆိုးဝါးတဲ့ (Severe) ဇုံထဲမှာ တော့ မြို့ကြီးတွေဖြစ်တဲ့ တောင်ငူ၊ တောင်တွင်းကြီး၊ ပုဂံ၊ ညောင်ဦး၊ ကျောက်ဆည်၊ မေမြို့၊ ရွှေဘို၊ ဝန်းသို၊ ခမ္မတီး၊ ဟားခါး၊ မြစ်ကြီးနား၊ တောင်ကြီးနဲ့ ကွမ်းလုံတို့ကို တွေ့ရပါတယ်။
ရန်ကုန်မြို့ကြီးက ဇုံ၂ထဲမှာ ရှိနေပေမယ့် ရန်ကုန်တိုးချဲ့နေရာတွေကတော့ ဇုံနံပါတ် ၃ထဲမှာ ရောက်နေပါတယ်။
ဒီလိုခွဲထားတဲ့ ဇုံတွေထဲက ဇုံနံပါတ် ၄ထဲမှာ ရှိနေတဲ့ တောင်တွင်းကြီးမှာ ၂၀၀၃ခုနှစ်တုန်းက ပြင်းအားအဆင့် ၇ကျော်တဲ့ငလျင်လှုပ်ခတ်ခဲ့ပြီး အဲဒီဒေသက ပြတ်ရွေ့ကတော့ စစ်ကိုင်းပြတ်ရွေ့လို ဘေးတိုက်မရွေ့ပဲ အထက်အောက် ပြောင်းပြန်ပြတ်ရွေ့ အနေထားမို့ထူးခြားပါတယ်။
စစ်ကိုင်းပြတ်ရွေ့တကြောမှာ ရှိတဲ့ တောင်ငူ-ပဲခူးနဲ့ စစ်ကိုင်း-တကောင်းဒေသတွေမှာ ငလျင်မလှုပ်တာ နှစ်ပေါင်း ၅၀ကျော်နေပါပြီ။ သိပ္ပံပညာရှင်တွေရဲ့ တိုင်းတာချက်တွေအရ မြေတွင်းဒဏ်အားပိနေတဲ့ နေရာ တွေကို မန္တလေးတဝိုက်မှာ တွေ့နေရသလို ပဲခူးတဝိုက်မှာလည်း ဖြစ်နိုင်ချေတွေ တွေ့နေရတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် အရှေ့ပိုင်းမှာရှိတဲ့ ကျောက်ကြမ်းပြတ်ရွေ့ဟာလည်း စစ်ကိုင်းပြတ်ရွေ့လောက် ရွေ့လျားမှုနှုံး မမြန်ပေမယ့် ရွေ့လျားနေတာမို့ ပြင်းအားအဆင့် ၈ ငလျင်လှုပ်ခဲ့တာ နှစ်ပေါင်း တရာကျော်လာချိန်မှာ နောက်ထပ် ငလျင် အတွက် သတိထားသင့်ပါတယ်။
မြောက်ပိုင်း ပူတာအို မြစ်ကြီးနားကနေ စစ်ကိုင်း တကောင်းကိုဖြတ်ပြီး တောင်ငူ ပဲခူးအောက်ဖက် ပင်လယ်ကွေ့ထဲ ထိရှိတဲ့ စစ်ကိုင်းပြတ်ရွေ့တကျောမှာ မြောက်ဖက် အဖျားနဲ့ တောင်ဘက်အစွန်တွေဟာ လောလောဆယ်မှာ တည်ငြိမ်မှု မရှိဆုံးနေရာတွေ ဖြစ်နေပါတယ်။
မြန်မာနိုင်ငံဟာ ငလျင်ရပ်ဝန်းထဲက နိုင်ငံမို့ ငလျင်ဆိုင်ရာ အချက်အလက်တွေ စုဆောင်းပေးနိုင်တဲ့ ငလျင်တိုင်းထွာရေး စခန်းတွေ အခုထက်ပိုထားဖို့ လိုအပ်နေတဲ့ အပြင် တနိုင်ငံလုံးအတိုင်းအတာနဲ့ အစိုးရက ဦးစီးပြီး ငလျင်အန္တရာယ် ပညာပေးလုပ်ငန်းတွေလည်း လုပ်ဖို့ လိုအပ်နေပါတယ်။