ငလျင်အန္တရာယ်ကြီးတဲ့ မြန်မာနိုင်ငံမှာ စစ်ကိုင်းပြတ်ရွေ့အနောက်ပိုင်းမှာရှိတဲ့ ပြတ်ရွေ့ တခုဖြစ်တဲ့ ပဲခူးရိုးမအနောက်ပိုင်း ပြတ်ရွေ့ကနေ ၂၀၁၇ မတ်လမှာ အပျက်အစီး အတော် များတဲ့ တိုက်ကြီးငလျင် လှုပ်ခဲ့ပါတယ်။ အခု ဇန်နဝါရီလမှာလည်း အဲဒီပြတ်ရွေ့ကနေပဲ အားပြင်းငလျင်တခု ဖြူးမှာ ထပ်ပြီး လှုပ်ခတ်ခဲ့တာမို့ အဲဒီဒေသတွင်း ငလျင်အန္တရာယ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒုဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်ကို မေးမြန်းပြီး တင်ပြပေးမှာပါ။
USGS က ထုတ်ပြန်တဲ့ ကနဦး record အရဆိုရင်တော့ ဖြူးမြို့အနောက်ဖက် ၃၉ - ၄၀ ကီလိုမီတာ (၂၅ မိုင်) အကွာလောက်ကနေ လှုပ်ခတ်လိုက်တာပေါ့နော်။ ပြင်းအားကတော့ ပမာဏ ၆.၀ ရှိတယ်။ မြေအောက်အနက်ကတော့ ၁၀ ကီလိုမီတာ - ၆ မိုင်ပေါ့နော်။ အဲဒီ ငလျင်ဗဟိုချက် တည်နေရာအရ ဆိုရင်တော့ ဒီငလျင်က ပဲခူးရိုးမ ပြတ်ရွေ့ကနေပြီးတော့ လှုပ်တယ်လို့ လောလောဆယ် ယူဆလို့ ရတာပေါ့။
အခု ငလျင်လှုပ်တာက တိုက်ကြီးနားမှာ လှုပ်ခဲ့တဲ့ ပဲခူးရိုးမ အနောက်ဖက်က အကြောပေါ့နော်။
ပြတ်ရွေ့ကတော့ ပဲခူးရိုးမ ပြတ်ရွေ့ပါပဲ။ တောင်မြောက်ပေါ့။ NNW- SSE လို့ပြောရမှာပဲ။ အဲဒီအတိုင်း သွယ်တန်းနေတဲ့ အခါကျတော့ အခု ဖြူးရဲ့ အနောက်ဖက်ကနေ ရန်ကုန် ရဲ့ မြောက်ဖက်လောက်အထိ သူက သွားတာပေါ့။ မတ်လတုန်းက လှုပ်သွားတဲ့ တိုက်ကြီး ငလျင်နဲ့ ပြတ်ရွေ့ အတူတူပဲလို့ ပြောလို့ ရတာပေါ့။
သို့သော်လည်းပဲ မတူတာ တခုက ဘာလဲ ဆိုတော့ တိုက်ကြီး ငလျင်တုန်းကတော့ ဘေးတိုက်ရွေ့တဲ့ အခြေနေလေး နည်းနည်းပါတာပေါ့။ အခုကတော့ အပေါ်အောက် တွန်းတင်တာပေါ့နော်။ ဒီ ၂ ခု ကတော့ နည်းနည်းလေး ကွဲတဲ့ဟာပေါ့။ ပြီးတော့လည်းပဲ ငလျင်ဗဟိုချက် epicenter အနေအထား အရဆိုရင်တော့ ပြတ်ရွေ့ တခုတည်းကပဲ ဖြစ်တာလို့ လောလောဆယ် ယူဆရမယ့်သဘော ရှိတာပေါ့။
တိုက်ကြီးငလျင်တုန်းက ဘေးတိုက်လှုပ်သွားတယ်။ အခု ငလျင်က အထက်အောက် ရွေ့တယ် ဆိုတော့ ဘယ်သူက အပျက်အစီး ပိုများနိုင်ပါသလဲ ဒေါက်တာဦးမျိုးသန့်
ငလျင်လှုပ်တဲ့ ဗဟိုနဲ့ နံဘေး ပတ်ဝန်းကျင်မှာ လူနေထိုင်တဲ့ မြို့တွေ ရပ်ရွာတွေ ရှိမရှိပေါ့။ အဲဒီ အပေါ်မှာ မူတည်တာပေါ့။ ပြီးတော့ အဲဒီဒေသမှာရှိတဲ့ အဆောက်အဦးတွေရဲ့ ခံနိုင်ရည် ရှိမရှိပေါ့။ နောက် အဲဒီဒေသရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ မြေအမျိုးအစားပေါ့။ ဒါတွေ အပေါ်မှာလည်း သူက မူတည်ပါတယ်။ အဓိက ဆိုင်တာပေါ့။ ပြင်းအားက တိုက်ကြီး ငလျင် ထက်တောင်မှ များတယ် ဆိုတော့ တကယ်လို့သာ အဲဒီဒေသဝန်းကျင်မှာ ရပ်ရွာတွေ မြို့တွေ ပတ်ဝန်းကျင်မှာ ရှိတယ် ဆိုရင်တော့ အပျက်အစီးလေးတွေ ရှိနိုင်တာပေါ့။ ကွင်းဆင်းတာတွေ လုပ်ဖို့တော့ လိုပါ လိမ့်မယ်။
ပြင်းအား ၆ ရှိတဲ့ ငလျင်လှုပ်ပြီးတော့ သိပ်မကြာခင်မှာပဲ နောက်ဆက်တွဲ ငလျင် ၃ ခု လှုပ်တယ်။ သူတို့ကလည်း ပြင်းအားပမာဏ ၅ ကျော်တယ် ဆိုတော့ နောက်ထပ် ဆက်ပြီးတော့ နောက်ဆက်တွဲ ငလျင်တွေ လာဖို့ ရှိပါသေးလား။
ပြင်းအားကလည်း ၆ ရှိတယ်။ နောက်ပြီးတော့ ငလျင်ဗဟိုချက်ကလည်း တိမ်တဲ့ အခါကျတော့ နောက်ဆက်တွဲ ငလျင်ကတော့ ဆက်လာဖို့ ရှိနိုင်တယ်ပေါ့။
တိုက်ကြီး ငလျင်တုန်းက အပျက်အစီးများတယ် ဆိုတော့ ခုလို အပျက်အစီးများရတဲ့ အကြောင်းရင်းကို ပြောပြပေးပါ။
ရွေ့လျားတဲ့ component ပေါ့နော်။ အပိုင်းကလည်း ၃ ပိုင်း ရှိတယ်။ အပေါ်အောက် ကလည်း တွန်းတင်တာ ရှိသလို၊ အောက်ကို ပြုတ်ကျတာ ရှိတယ်၊ ဘေးတိုက်ရွေ့တာ ရှိတယ်။ ဒီပြတ်ရွေ့ ကတော့ တကယ်တမ်း ပုံမှန်ပြတ်ရွေ့ရဲ့ အနေထားကတော့ အပေါ် အောက် တွန်းတင်တာ။ thrust fault ၊ တိုက်ကြီး ငလျင်တုန်းကတော့ strike slip ပေါ့ ဘေးတိုက်ရွေ့တာ ပါနေတယ်။ ဒါက အဓိက မဟုတ်တောင်မှပဲ အဆောက်အဦးတွေ က ကျွန်တော်ထင်တယ်၊ တချို့ အဆောက်အဦးတွေက ကိုလိုနီခေတ်က အဆောက်အဦးတွေ တောင်ပါတယ်။ အဲတော့ အဆောက်အဦးတွေသက်တမ်းက လည်း ကြာမြင့်နေတယ်။ ဒါ့အပြင်ပေါ့။ အဲ့ဒီဒေသမှာ ရှိတဲ့ မြေ အမျိုးအစားတွေက နည်းနည်း ပျော့တယ်။ soil မြေသား တွေကလည်း တွဲဆက်မှု နည်းတယ်။ loose ဖြစ်တယ်။ မြေအမျိုးစား ညံ့တဲ့ soil တွေရဲ့ အထူကလည်း နည်းနည်းများတဲ့အခါကျတော့ ငလျင်လှိုင်းကို ပိုပြီး ချဲ့သွားတဲ့ဟာမျိုး တွေလည်း တွေ့ရတာပေါ့။ အဲဒီတော့ အဆောက်အဦးတွေရဲ့ ခံနိုင်ရည် ရှိမှု နည်းတာရယ်။ မြေသား အမျိုးစား ပျော့ညံ့တာရယ်။ လှုပ်တဲ့ငလျင်ရဲ့ ဗဟိုချက်ကလည်း တိမ်တဲ့အခါ ကျ တော့ ဒီအချက် ၃ ချက် ပေါင်းတဲ့အခါမှာ အဲဒီဒေသမှာ အပျက်အစီး ပိုပြီး များသွားစေ မယ်လို့ ကျွန်တော် ယူဆတယ်။
နောက်တခါ ပဲခူးရိုးမရဲ့ အနောက်ဖက်မှာ ရှိတဲ့ ပြတ်ရွေ့ကြောင်းတလျှောက် လှုပ်မယ်ဆိုရင် ဘယ်နေရာမှာ ထပ်ပြီး လှုပ်နိုင်ခြေ များပါသလဲ။
နည်းနည်းတော့ ပြောဖို့တော့ ခက်တာပေါ့။ တိုက်ကြီး ငလျင်က ဒီပြတ်ရွေ့ရဲ့ တောင်ဘက် ပိုင်း ဖြစ်နေ တယ်။ အခုလှုပ်တာက ဒီပြတ်ရွေ့ရဲ့ မြောက်ဘက်ပိုင်းမှာ ဖြစ်နေတယ်။ တကယ်လို့ အနာဂတ်မှာ လှုပ်ခဲ့မယ်ဆိုလို့ ရှိရင်တော့ အလယ်ပိုင်းက နည်းနည်းကျန်နေ တဲ့ သဘောရှိနေတာပေါ့။ ဖြစ်နိုင်စွမ်း probability အရ ကြည့်ရင်တော့ အလယ်ပိုင်းက လှုပ်ဖို့ နည်းနည်း ပိုများတယ်လို့ ပြောရမှာပေါ့။
မြန်မာနိုင်ငံမှာက ဘေးတိုက်ပြတ်ရွေ့နဲ့ ပတ်သက်ပြီးပြောမယ်ဆိုရင် စစ်ကိုင်းပြတ်ရွေ့ကို အများက မြင်ကြပါတယ်။ အခု ပဲခူးရိုးမ အနောက်ဖက်ခြမ်း ပြတ်ရွေ့က ဒီ စစ်ကိုင်း ပြတ်ရွေ့နဲ့ဘယ်လောက် ဝေးပါသလဲ။
ဖြူးတို့ဘာတို့က စစ်ကိုင်း ပြတ်ရွေ့နဲ့ ပိုကပ်တာပေါ့။ ကျွန်တော်ထင်တယ်။ သူလည်းပဲ ၃၀ - ၄၀ ကီလိုမီတာ လောက် ဝေးတယ်လို့ပြောရမှာပဲ။
နောင်လှုပ်ခတ်မယ့် ငလျင် အလားအလာနဲ့ ပတ်သက်ပြီးတော့ နည်းနည်းလေး ရှင်းပြပေးပါ။
ပြင်းအား အဆတူမယ့် ငလျင်ဗဟိုချက် အတိမ်အနက်ကလည်း တူမယ်ဆိုရင် ငလျင် လှုပ်တဲ့ ပြတ်ရွေ့အမျိုးအစားကတော့ အပေါ်အောက်တွန်းတင်တဲ့ ပြတ်ရွေ့က ပိုပြီးတော့ အန္တရာယ်များလေ့ ရှိတယ်။ သူကပြင်းအားများလေ့ ရှိတယ်ပေါ့။ စစ်ကိုင်းပြတ်ရွေ့လို ဘေးတိုက် ပြတ်ရွေ့ကတော့ ဒုတိယ အန္တရာယ်အများဆုံးလို့ ပြောရမှာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ဆီမှာကျတော့ မြန်မာနိုင်ငံ အနောက်ဖက်ခြမ်းလောက်ပဲ thrust fault တွေ ရှိတယ်။ ဒါတွေက လူနေထူထပ်တဲ့ မြို့တွေနဲ့ ဝေးနေတဲ့ အခါကျတော့၊ နဲနဲလေး ကံကောင်းတာပေါ့။
ဒါပေမယ့် တကယ့်တကယ် မြို့ကြီးတွေက စစ်ကိုင်းပြတ်ရွေ့ ဘေးပတ်ဝန်းကျင်တွေမှာတို့၊ မြို့တည်တဲ့ အပေါ်မှာတို့ ရှိနေတဲ့အခါကျတော့ ပိုအန္တရာယ်များတာပေါ့။ အဓိက ပြောရလို့ ရှိရင်တော့ ရန်ကုန်နဲ့အနီးတဝိုက်ဆိုလို့ရှိရင် စစ်ကိုင်းပြတ်ရွေ့က မြို့ကြီးတွေအတွက် ပိုပြီးတော့ သတိထားရမှာပေါ့။ဘာဖြစ်လို့လဲဆိုတော့ အားလုံးသိထားတဲ့အတိုင်းပဲ၊ နောက်ဆုံးလှုပ်ခဲ့တာက စစ်ကိုင်းပြတ်ရွေ့ရဲ့တောင်ဘက်အပိုင်းဖြစ်တဲ့ ပဲခူး sagment လို အခုနက ပြောလိုက်တဲ့ ဖြူး segment ၊ ဆွာ segment အပိုင်းသုံးပိုင်းပေါ့။ ဖြူးရယ်၊ ဆွာရယ်က ၁၉၂၉-၃၀ မှာ သုံး-လေး-ငါးလ ခြားပြီးတော့ တောက်လျှောက်လှုပ်ခဲ့တာ။ ဒီပြတ်ရွေ့အပိုင်းက အခုဆိုလို့ရှိရင် Interval နှစ်နဲ့ ခြုံပြီး ကြည့်မယ်ဆိုရင် နှစ်ပေါင်း ၈၀ ကျော် ၉၀ ပတ်ချာလည်ရှိနေပြီ။ ..ဆိုတဲ့အခါကျတော့ ပြင်းအား …. 6.5 - 7 ပတ်ချာလည် လှုပ်မယ်ဆိုရင် လှုပ်ဖို့အတွက် အခွင့်အလမ်းက ဒီဒေသမှာ အရမ်းများလာ တယ်။ အဲဒီတော့ စစ်ကိုင်းပြတ်ရွေ့ကလည်းပဲ ရန်ကုန်၊ ပဲခူး၊ ဆွာ၊ ဖြူး၊ တောင်ငူ အပိုင်းတွေက တော်တော် သတိထားရမှာပေါ့။ နေပြည်တော်ပတ်ခြာလည်တောင် သတိထားရမယ့် အထဲမှာ ပါတာပေါ့။
…ဆိုတော့ ငလျင်လှုပ်ခတ်နိုင်ခြေများတဲ့နေရာတွေ - ဒီ စစ်ကိုင်းပြတ်ရွေ့တကြောက နေရာတွေမှာ ဘာတွေ လုပ်သင့်ပါလဲ၊ နည်းနည်း အကြံပေးပါအုံး။
ငလျင်ကတော့ လှုပ်တယ်၊ ခန့်မှန်းဖို့လည်းခက်တယ်။ ဆိုတဲ့အခါကျတော့ ကြိုတင်ပြင်ဆင် တာ အကောင်းဆုံးပေါ့။ အားလုံးသိတဲ့အတိုင်းပဲ၊ ငလျင်ကတော့ လူကိုသေစေတာ မဟုတ် ဘူး။ အဓိက ကတော့ အဆောက်အဦးတွေကြောင့်မို့လို့ အပျက်အစီးအဆုံးအရှုံး များစေ တယ်။ လူတွေကို သေစေ တယ်။ အဲဒီတော့ အဲဒီဒေသတွေမှာ အနာဂတ်မှာလှုပ်မယ့် ငလျင်တွေကို ငလျင်ဒဏ်ခံနိုင်ရည် ရှိ အောင် ဆောက်တာရော၊ လက်ရှိ ရှိနေတဲ့ အဆောက်အဦးတွေက ငလျင်ဒဏ် ခံနိုင်ရည်ရှိသလား- ဒါတွေကို ဆန်းစစ်ဖို့ လိုတာပေါ့။ အဲဒီတော့ မြို့တွေကို survey လိုက်လုပ်ထားပြီးတဲ့အခါကျတော့ အစိုးရအဆောက်အဦး တွေ၊ ဆေးရုံ၊ ကျောင်းတွေ၊ ဒါမျိုးတွေကို စပြီးတော့ assessment လုပ်သင့် တယ်။ မြို့တွေကိုလိုက်ပြီးတော့ အိမ်အမျိုးအစားတွေ ခွဲပြီးတော့ ခံနိုင်ရည်ရှိမရှိ၊ တကယ်လို့ မရှိတော့ဘူး ဆိုလို့ရှိရင်တော့ ငလျင်ဒဏ်ခံနိုင်အောင် ပြန်လည် မွမ်းမံတာတွ လုပ်သင့်တယ်။ လုံးဝ ခံနိုင်ရည်မရှိတော့ဘူးဆိုရင်တော့ ဖြိုဖျက်ပြီးတော့ အသစ်ပြန်ဆောက်တာတွေ လုပ်သင့်တာပေါ့။ အထူးသဖြင့် ခုနက public building ဖြစ်တဲ့ ဆေးရုံတွေနဲ့ ကျောင်းတွေပေါ့။ နောက် မြို့တွေ၊ ပတ်ဝန်းကျင်တွေ တလျှောက်မှာ ရှိတဲ့ ပြည်သူလူထုကို အသိပညာပေးတဲ့ အစီအစဉ်တွေပေါ့ - ဟောပြောပွဲလို ဟာမျိုးတွေ လုပ်ပေးတာမျိုးတွေ ရှိသင့်တယ်။ အစိုးရအနေနဲ့ ဒေသအလိုက် Disaster management plan - အခုကတည်းက ငလျင်နဲ့ဆိုင်တဲ့အန္တရာယ် စီမံခန့်ခွဲမှုတွေကို ဆွဲထားမယ် ဆိုရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့။
ဒေါက်တာမျိုးသန့်ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက်သိပ္ပံနဲ့နည်းပညာ ကဏ္ဍကို ရပ်နားပါရစေ။