သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံမှာ ဘူမိလေ့လာမှု ဘယ်လောက်လုပ်ပြီးပြီလဲ


The Interstate 5 bridge after it collapsed into the Skagit River dumping vehicles and people into the water in Mount Vernon, Washington, May 23, 2013.
The Interstate 5 bridge after it collapsed into the Skagit River dumping vehicles and people into the water in Mount Vernon, Washington, May 23, 2013.

ဧရာဝတီ မြစ်ကြောင်းပေါ်မှာ ရေအားလျှပ်စစ်ထုတ်ဖို့ ဆောက်လုပ်မယ့် မြစ်ဆုံစီမံကိန်းပါ ဆည်တမံကြီးတွေ အတွက်လေ့လာရာမှာ ဘူမိဗေဒ ပညာရှင်တွေရဲ့ အခန်းကဏ္ဍနဲ့ ဘာတွေ လုပ်ဖို့ လိုနေတယ် ဆိုတာတွေကို ဒီတပတ်မှာ ပြောပြပါရစေ

မြစ်ဆုံစီမံကိန်းအတွက် လေ့လာထားတဲ့ တရုတ် မြန်မာ ကျွမ်းကျင်ပညာရှင်တွေရဲ့ အစီရင်ခံစာ ၂ခုရှိပါတယ်။ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ BANCA (Biodiversity and Nature Conservation Association) အဖွဲ့ရဲ့ အစီရင်ခံစာထဲက မြန်မာပညာရှင်တွေ ရေးတဲ့ အစီရင်ခံစာမှာ မြစ်ဆုံဒေသမှာ ရေကာတာကို မဆောက်သင့် ဘူးလို့ အကြံပေးခဲ့ပေမယ့် တရုတ်ဘက်က အစီရင်ခံစာတွေကိုတော့ ဒေသခံ မြန်မာလူထုက သိခွင့် မရခဲ့ပါဘူး။

မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းက အတွင်းရေးမှုး ဦးစိုးသူရထွန်း ကတော့ ဒီစီမံကိန်းအတွက် လေ့လာတဲ့ အတိုင်းအတာဟာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ဆိုပါတယ်

“ကျွန်တော်တို့ သိသလောက်တော့ မြစ်ဆုံဆည်နဲ့ ပါတ်သက်ပြီး ဆည်မြောင်း ဦးစီးဌာနက မဟုတ်ပဲ ရေအားလျှပ်စစ် အကောင်ထည်ဖေါ် ဆောင်ရွက်ရေး ဦးစီးဌာန ဘက်က မြန်မာဘက်က ပါတယ်လို့ သိရပါတယ်။ အဲဒီမှာတော့ ဘူမိဗေဒ လေ့လာရေးတွေလည်း လုပ်တယ်ခင်ဗျ။ Geologist ဘူမိပညာရှင်တွေ၊ အတွေ့အကြုံ အတန်အသင့်ရှိတဲ့ ပညာရှင်တွေ ရှိပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့လေ့လာမှုက ဘယ်လောက်အထိ နက်နက်ရှိုင်းရှိုင်း ရှိသလဲပေါ့။ မြစ်ဆုံနဲ့ပါတ်သက်ပြီးတော့ ကျွန်တော်တို့ အပေါ်ယံ သိထားသလောက်တော့ ဆည်တည်ဆောက်မယ့် နေရာ တလျှောက်ကိုတော့ အကြမ်းဖျင်းလေ့လာတာ ရှိတယ်လို့ သိပါတယ်။ ဒါပေမယ့်လည်း တကယ့် တကယ် ဆည်ကြီး ရေမြုပ်မယ့် နေရာ အားလုံးကို လေ့လာ ထားမထားလည်း ကျွန်တော်တို့ အသေးစိတ် မသိသေးဘူးခင်ဗျ”

ဆည်တခု တည်ဆောက်ဖို့ အတွက် ဘူမိဗေဒ ပညာရှင်တွေရဲ့ အခန်းကဏ္ဍဟာ သိပ်ကို အရေးပါပါတယ်။ ဘယ်လိုအရေးပါတယ် ဆိုတာကို ကြည့်ရအောင်ပါ

“ဆည်တခုဆောက်မယ်ဆိုရင် ဘူမိဗေဒ ရှုဒေါင့်က လေ့လာရမယ့် ပုံစံအမျိုးမျိုးရှိတယ်ခင်ဗျ။ ဥပမာ အင်ဂျင်နီယာ ဘူမိဗေဒ။ အင်ဂျင်နီယာ ဘူမိဗေဒမှာဆိုရင် ဆည်တည်ဆောက်မယ့် ဆည်ဖို့မယ့် နေရာရဲ့ အောက်ခံကျောက် အနေထားတို့ နောက် Geological Structure ဘူမိဗေဒ အနေထားတွေကို လေ့လာရတဲ့ အပိုင်းလည်းရှိပါတယ်။ နောက်တခါ ဆည်ရေမြုပ်မယ့် ဧရိယာပေါ့။ အဲဒီမှာဆိုရင်လည်း သူ့ရဲ့ အောက်ခံကျောက် အမျိုးအစားတွေက ရေဒဏ်ကို ခံနိုင်မလား၊ တခြား အန္တရာယ်ပေးနိုင်မလား၊ ရေကို လှောင်ထားနိုင်ပါ့မလားဆိုတာ။ ဥပမာ ထုံးကျောက်ဆိုပါတော့။ သူကရေဒဏ် မခံနိုင်ဘူးပေါ့။ ရေတိုက်စားလို့သော်လည်းကောင်း၊ ရေကြောင့် ထုံးကျောက်တွေ ပျော်ဝင်ပြီး ဂူပေါက်တွေ ဖြစ်ပြီးတော့ ထွက်သွားနိုင်တာတွေ ရှိတယ်ခင်ဗျ။ အဲဒါတွေလိုမျိုး အမျိုးမျိုး လေ့လာရတာ ရှိပါတယ်”

အောက်ခံကျောက် အမျိုးအစားဟာ ဆည်တည်ဆောက်ရေးမှာ သိပ်ကို အရေးပါတာမို့ ဒီမြစ်ဆုံဒေသမှာ အောက်ခံကျောက် အမျိုးအစား ခွဲခြား ပြသတဲ့ တိကျခိုင်လုံတဲ့ ဘူမိဗေဒ မြေပုံ ရှိနေပါပြီလား

“အဲဒါမှာ ပြဿနာရှိပါတယ်ခင်ဗျ။ ကျွန်တော်တို့ လက်ရှိ ရှိထားသမျှ ဘူမိဗေဒမြေပုံတွေ အရပေါ့နော်။ အဲဒီနေရာဟာ နှစ်အတော်ကြာကြာ အတွင်းမှာ လုံခြုံရေး အားနဲတဲ့ နေရာဆိုတော့ ဘူမိဗေဒ အသေးစိတ် Data (အချက်အလက်) တော့ မရှိဘူးခင်ဗျ။ ဒါပေမယ့် ကျွန်တော်တို့ သိထားသမျှ ဒီနေ့ထိ တည်ဆဲ ဘူမိဗေဒမြေပုံတွေ၊ ဟိုအင်္ဂလိပ်ခေတ်နဲ့ အရင်က ရထားသမျှ တွေကရော၊ ကျွန်တော်တို့တွေ သွားလို့ရ သလောက် မြစ်ဆုံနားတဝိုက် လေ့လာထားသမျှကတော့ အမှန်ပြောရရင် ဆည်တည်ဆောက်ဖို့ အတွက် ကောင်းတဲ့ ဘူမိဗေဒ အနေထား မျိုးတော့ မဟုတ်ဖူးခင်ဗျ”

ဆည်တည်ဆောက်ဖို့ ကောင်းတဲ့ ဘူမိဗေဒ အနေထား မဟုတ်ဖူးလို့ ဘာ့ကြောင့် ပြောတာပါလဲ။ ပထမဆုံး ဒီဒေသရဲ့ အောက်ခံ ကျောက်အမျိုး အစားကိုကြည့်ရအောင်ပါ။

“အဲဒီနေရာက မီးသင့်ကျောက်ထဲမှာ Ultramafic rocks အမျိုးစား ထဲက Serpentinite စာပင်တီနိုက် လို့ခေါ်တဲ့ ကျောက်မျိုးတွေ အများကြီးရှိတဲ့ နေရာမျိုးတွေ ဖြစ်နေတယ်။ အဲဒီကျောက်မျိုးက ကျောက်အမျိုးအစား အင်ဂျင်နီယာ ဘူမိဗေဒ properties ဂုဏ်သတ္တိအရ ကြည့်မယ်ဆိုရင် ခံနိုင်ရည်က အတန်အသင့်ရှိတယ်။ ဒီလိုရှိပေမယ့် ဆည်လိုမျိုး ရေနဲ့တွေ့တဲ့ အခါကျရင် သူက ဆည်ကို တော်တော်လေး အန္တရာယ်ပေးတဲ့ ကျောက်အမျိုးအစား ဖြစ်နေပါတယ်။ မီးသင့်ကျောက်ထဲမှာမှ စာပင်တီနိုက်အပြင် တခြားကျောက်အမျိုးအစားတွေလည်း ရှိပါတယ်။ Gabbro လို့ခေါ်တဲ့ ကျောက်မျိုးတွေ နောက် အနည်ကျကျောက်ထဲ ကလည်း သဲကျောက်တွေ၊ တခြားကျောက်တွေ ရှိပါတယ်”

“ဒါပေမယ့်လည်း အဲဒီကျောက်တွေက ရေဝပ် ဧရိယာတွေကို ဒီလောက်အထိ အန္တရာယ်ပေးမယ့် သဘောမရှိဘူး။ ကျွန်တော့် အမြင်အရ တော့ စာပင်တီနိုက်ကပဲ အဓိက အန္တရာယ်ပေးတာပါ။ စာပင်တီနိုက်ကလည်း အထူးသဖြင့် သူက မြစ်ဆုံမရောက်ခင် မြစ်ကြီးနား အထက်ဖက် လောက်က စပြီးတော့ ဒီကျောက်တွေ ပေါ်ထွက်နေတာက မလိခ မြစ်တလျှောက်မှာ မိုင်အတော်များများအထိ ပေါ်နေတယ် ခင်ဗျ။ ဆိုတော့ ရေလွှမ်းမယ့် ဧရိယာ တလျှောက်လုံးမှာ အန္တရာယ်ပေးတဲ့ ဒီကျောက်အမျိုးအစားက အတော်လေးကို များနေတယ် ခင်ဗျ”

ကျောက်အမျိုးအစားအပြင် မြစ်ဆုံဒေသဟာ ဆည်တခုတည်ဆောက် ဖို့အတွက် သင့်တော်တဲ့ မြေအနေထား မဟုတ်ဖူးလို့လည်း ဘူမိပညာရှင်က သုံးသပ်ပါတယ်။ ဒီဒေသဟာ မြန်မာနိုင်ငံ ဘူမိသိပ္ပံပညာရှင်တွေ စိုးရိမ်ရတဲ့ အဆင့်မှာ ထားတဲ့ ငလျင်ဇုံထဲမှာလည်း ကျနေတာကြောင့်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ငလျင်ကြောင့် ပျက်စီးနိုင်တဲ့ အတိုင်းအတာအလိုက် ဇုံ ၅ခုခွဲထားတာပါ။

“ဆည်တည်ဆောက်မယ့် နေရာတည့်တည့် ကတော့၊ ဝန်းကျင်ကတော့ အခုထိလေ့လာထား ချက်အရ ဇုံ ၄လို့ သတ်မှတ်ထားပါတယ်။ ဇုံ ၄ ဆိုတာက severe zone ပေါ့လေ။ ငလျင်အားဖြင့် ပြင်းထန်တဲ့ ဇုံ ဖြစ်ပြီးတော့ ငလျင်ပြင်းထန်အားတိုင်းတဲ့ မာကယ်လီစကေး ကတော့ ပြင်းထန်အား ၈ ကနေ ၉လောက်အထိ ခံရနိုင်တယ်လို့ ကျွန်တော်တို့ တွက်ထားတာ ရှိပါတယ် ခင်ဗျ ”

မြစ်ဆုံဆည်ကြောင့် ကြုံတွေ့လာနိုင်တဲ့ တခြား အန္တရာယ်ကတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုပါ။ Environmental Geology လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာလေ့လာတဲ့ ဘူမိဗေဒ ပညာရပ် ရှုဒေါင့်ကနေ လေ့လာဖို့ အများကြီး လိုနေပါသေးတယ်

“ကျွန်တော်တို့ အခု အများလည်း အထူးပြုပြောနေတဲ့ ပတ်ဝန်းကျင် အပိုင်းပေါ့ခင်ဗျာ။ သဘာဝအတိုင်း စီးဆင်းတဲ့ ရေကို ရုတ်တရက် ပိတ်လိုက်တဲ့ အတွက်ကြောင့် ပတ်ဝန်းကျင် Environmental Geology ဘူမိဗေဒ သဘောအရလည်း သူက အောက်မှာရှိတဲ့ နုံးတွေ၊ နုံးတင်မြေနုတွေ ဖြစ်သင့်တဲ့ နေရာမှာ မဖြစ်တာတို့၊ မဖြစ်သင့်တဲ့နေရာမှာ ပိုဖြစ်လာတာတို့ ဒီလို ရှုဒေါင့်ကတော့ ရှိပါတယ်။ အဲဒီအပိုင်း ကတော့ တကယ့်တကယ် အသေးစိတ် လေ့လာထားတာမျိုး မရှိသေးပါဘူး။ ဒါပေမယ့် ဒီဆည်ကြီးက အင်မတန် ကြီးတဲ့ အတွက် ဒိထက် အများကြီး ပိုလေ့လာပြီး မှ ပြောသင့်ပါတယ်”

ဒီဒေသအတွက် ဘူမိဗေဒ ပညာရှင်တွေ ထပ်ပြီး လေ့လာဖို့ လိုနေသေးတဲ့ အချက်တွေက ဘာတွေပါလဲ

“အသေးစိတ် ထပ်ပြီးတော့ လေ့လာသင့်တာတွေကတော့ အများကြီးပါပဲ။ ပထမဆုံး အောက်ခံကျောက် အမျိုးအစားပေါ့လေ။ ဘူမိဗေဒ သဘောအရ။ ဒါကလည်း ဆည်ရေလွှမ်းမယ့် ဧရိယာ တခုလုံးကို အသေးစိတ် ဘူမိဗေဒ မြေပုံ ပြန်ထုတ်သင့်ပါတယ်။ အဲဒီမှာ ရှိတဲ့ ကျောက်တွေက ဒီလောက် ထုထည်ကြီးမားတဲ့ ရေထုကြီး လွှမ်းလာရင် ဘယ်လိုတုန့်ပြန်မှုတွေ ပေးမလဲ။ ဘယ်လို အန္တရာယ်ပေးနိုင်မလဲ ဆိုတာကို အသေးစိတ် လေ့လာဖို့ လိုပါတယ်။ အထူးသဖြင့် စာပင်တီနိုက်လို ကျောက်မျိုးက ရေဝင်လာရင် ပွပြီးတော့ တက်လာပါတယ်။ အဲဒီအခါမှာ သူက ဆည်တည်ဆောက်တဲ့ အင်ဂျင်နီယာရင်း engineering structure ပုံစံ ကြီးကို သူက ထိုးပြီးတော့ ဖျက်နိုင်တဲ့ အနေထားမျိုး အထိရှိပါတယ်။ အဲဒီတော့ သူ့ကို အသေးစိတ် လေ့လာသင့်ပါတယ်”

“နောက်တခါ ငလျင်နဲ့ ပတ်သက်ပြီးတော့ဆိုရင် အတိတ်က ငလျင်မှတ်တမ်း ၂ခုလောက်ကိုတော့ သိထားတယ် ပေါ့လေ။ ဒါပေမယ့် ဒီ့ထက်ပို ပြီးတော့ သူ့ရဲ့ ငလျင် ဖြစ်နိုင်ချေ နဲ့ ငလျင်ပမာဏက ဘယ်လောက်အထိရှိနိုင်တယ်။ ဘယ်လောက် နှစ်အကြာမှာ တကျော့ ပြန်လာနိုင်တယ် ဆိုတာတွေကို အသေးစိတ် သိဖို့ အတွက် သူ့ကို အတိတ်ငလျင်လေ့လာမှုပေါ့ ပြတ်ရွေ့တလျောက်မှာ အသေးစိတ် လေ့လာဖို့ လိုပါတယ်။ ဒါမှငလျင်ကြီးတခုဟာ နှစ်ဘယ်လောက်အကြာမှာ ပြန်ဖြစ်လာနိုင်တယ်ဆိုတာရယ်၊ ဖြစ်လာရင်လည်း ဒီဆည်ကို ဘယ်လောက်ပမာဏနဲ့ အန္တရာယ်ပေးနိုင်လဲ ဆိုတာရယ်ကို ကျွန်တော်တို့ အင်ဂျင်နီယာစကားနဲ့ ground motion ပေါ့ မြေပြင်သွား ငလျင်လှိုင်းသွား အရှိန် ဘယ်လောက်အားနဲ့ ထိခိုက်နိုင်တယ်ဆိုတာတွေကို အသေးစိတ် ထပ်လေ့လာသင့်ပါတယ်”

နောက်တခါ ပတ်ဝန်းကျင် ရှုဒေါင့်ကဆိုရင် ဒီမြစ်ရဲ့ မြစ်ရေကြောင်းတလျောက် အနည်ကျနှုံးတွေ၊ နောက် ဂြိုဟ်တုပုံ လို တခြား အဝေးကနေ လေ့လာတဲ့ နည်းစံနစ်တွေနဲ့ မြစ်ရဲ့ ချိင့်ဝှမ်းဒေသ river basin ဒီမြစ်လက်တက်တွေရဲ့ အနေထားပေါ့ သူ့ရဲ့ တနှစ်ချင်း ဘယ်လောက်အထိ ရေဝင်မှုရှိတယ်။ အနည်တွေ ဘယ်လောက်အထိ စီးဆင်းသွားနေတယ်ဆိုတာတွေကို အသေးစိတ်လေ့လာဖို့ အကြံအထူး ပေးချင်ပါတယ်ခင်ဗျ”

မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းက ဦးစိုးသူရထွန်းပါ။ နောက်တပတ်မှာတော့ မြစ်ဆုံဒေသ တဝိုက်က ရွေ့လျားနေတဲ့ စစ်ကိုင်းပြတ်ရွေ့ အပါအဝင် မြေထု လှုပ်ရှားမှုဆိုင်ရာ အနေထားတွေကို ပြောပြမှာပါ။

XS
SM
MD
LG