{{Zawgyi/Unicode}}
စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း မြန်မာနိုင်ငံက မြစ်ချောင်းတွေမှာ ရေကာတာစီမံကိန်းကြီးတွေ၊ ရေအရင်းအမြစ်နဲ့ သယံဇာတထုတ်ယူတာတွေရဲ့ ခြိမ်းခြောက်မှုအန္တရာယ်တွေကိုရင်ဆိုင်နေရပြီး အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေတိုးလာနေတယ်လို့ ကရင်မြစ်ချောင်းများစောင့်ကြည့်ရေး အဖွဲ့ Karen Rivers Watch က ပြောလိုက်ပါတယ်။
မတ်လ ၁၄ ရက်၊ အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများဆိုင်ရာ လှုပ်ရှားမှုနေ့ ကြေညာချက်မှာ စစ်အစိုးရက ပြန်လည်စတင်ဖို့ပြင်ဆင်နေတဲ့ ကရင်ပြည်နယ် သံလွင်မြစ်ပေါ်က ဟက်ကြီး ရေကာတာစီမံကိန်းရဲ့ အကျိုးဆက်တွေအပါအဝင် မြစ်ချောင်းတွေထဲမှာ ရွှေ၊ ဓာတ်သတ္တုနဲ့ မြစ်သဲကျောက် ထုတ်ယူတာတွေကြောင့် ရေတွေ အဆိပ်သင့်လာပြီး မြစ်ကြောင်းတလျှောက်က ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေနဲ့ဂေဟစနစ်တွေ ထိခိုက်လာနေတယ်လို့ ဖော်ပြထားပါတယ်။
လူမှုဘဝတွေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်တာတွေ ဖြစ်စေတဲ့ ရေအားလျှပ်စစ်စီမံကိန်းကြီးတွေမလုပ်ဖို့နဲ့ လက်ရှိဆောင်ရွက်နေတာတွေကို ရပ်ဆိုင်းဖို့ နိုင်ငံတကာအစိုးရတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကိုလည်း တိုက်တွန်းထားပါတယ်။
ဒါ့ပြင် ကရင်ပြည်နယ်ထဲမှာဖြစ်ပျက်နေတဲ့ မြေသိမ်းယာသိမ်းကိစ္စတွေ၊ သစ်တောပြုန်းတီးမှုတွေ၊ ဒေသခံတွေထိခိုက်တဲ့ အကြီးစား ဖွံ့ဖြိုးရေးအမည်ခံစီမံကိန်းကြီးတွေနဲ့ သယံဇာတတူးဖော်နေတာတွေကို ကရင့်အမျိုးသားအစည်းအရုံး (KNU) အနေနဲ့ ကန့်ကွက်ဖို့၊ ကော်သူးလေးနယ်မြအတွင်း သဘာဝအရင်းအမြစ်တွေအပေါ် စီးပွားရေးအရ အမြတ်ထုတ်နေတာတွေကို အရေးယူဆောင်ရွက်ဖို့လည်း ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့က တောင်းဆိုထားပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒတွေကို အကောင်အထည်ဖော်ပြီး မြစ်ချောင်းနဲ့ သစ်တောအရင်းအမြစ်တွေ၊ ရှားပါးမျိုးစိတ်တွေနဲ့ သယံဇာတတွေကို ပျက်စီးမသွားအောင် ကာကွယ် စောင့်ရှောက်ဖို့လည်း တောင်းဆိုထားပါတယ်။
ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ လူထုကိုထိခိုက်စေတဲ့ ရေကာတာ စီမံကိန်းတွေအပါအဝင် စီးပွားရေးလုပ်ငန်းကြီးတွေကို အကောင်အထည်ဖော်နေတဲ့ကုမ္ပဏီကြီးတွေကိုအရေးယူဖို့နဲ့ ချေးငွေထောက်ပံ့တာတွေမလုပ်ဖို့ တိုက်တွန်းထားသလို စစ်တပ်ရဲ့ဖိနှိပ်မှုတွေကိုခံစားနေရတဲ့ ပြည်သူတွေကို နယ်စပ်ဖြတ်ကျော် အရေးပေါ်အကူအညီပေးဖို့လည်း တောင်းဆိုထားပါတယ်။
ဒါ့ပြင် လက်ရှိမှာ စစ်တပ်က ကရင် ပြည်နယ်ထဲမှာ မြေပြင်ထိုးစစ်တွေအပြင် လေကြောင်းက ထိုးစစ်ဆင်တိုက်ခိုက်နေလို့ ဒေသခံပြည်သူတွေရဲ့အသက်အိုးအိမ်တွေ ပျက်စီးဆုံးရှုံးရသူတွေ၊ တောတောင်တွေထဲမှာ ပုန်းအောင်းနေရသူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးကြဖို့ အရေးတကြီးလိုအပ်နေတယ်လို့လည်း Karen Rivers Watch က ထောက်ပြခဲ့ပါတယ်။
Your browser doesn’t support HTML5
==============
{{Unicode}}