မြေအောက်သယံဇာတ တူးဖော်ထုတ်ယူနေတဲ့ နိုင်ငံတွေမှာ ပြည်သူလူထု ဆင်းရဲမွဲတေနေကြပြီး အာဏာပိုင်အသိုင်းအဝိုင်းတစုနဲ့ ကုမ္ပဏီကြီးတွေသာ ကြီးပွားချမ်းသာနေတာကို ပညာရှင်တွေ ဝေဖန်နေတာကြာပါပြီ။ သယံဇာတ ထုတ်လုပ်မှုမှာ တိုးတိုးတိတ်တိတ် ကျိုတ်ဝိုင်းလုပ် အမြတ်ထုတ်နေတာကို အတိအလင်း ဖော်ပြဖို့ တောင်းဆိုလာကြပါတယ်။ ကမ်းလွန်ရေနံ ရှာဖွေခွင့်ရအောင် Angola အစိုးရကို လိုင်စင်ကြေး ဒေါ်လာသန်း (၁၀၀) ကျော် ပေးရတယ်လို့ BP ကုမ္ပဏီက ပထမဆုံး ကြေညာပါတယ်။ ဒါပေမဲ့ ကုမ္ပဏီတခုတည်းက ထုတ်ဖော်လို့ ဘာမှ အရာရောက်မှာ မဟုတ်တာကို သိရှိလာပါတယ်။
ဒါကြောင့် သယံဇာတ ထုတ်ယူတဲ့ ကုမ္ပဏီတွေ ပွင့်ပွင့်လင်းလင်း လုပ်ကြဖို့ ဗြိတိသျှဝန်ကြီးချုပ် Tony Blair က ၂၀၀၂ မှာ အကြံပေးခဲ့ပါတယ်။ သယံဇာတ လုပ်ငန်းကဏ္ဍက ဝင်ငွေထွက်ငွေကို ဖော်ပြဖို့ လန်ဒန်ညီလာခံမှာ မူအားဖြင့် ၂၀၁၃ မှာ သဘောတူကြပါတယ်။ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ ဖြောင့်မတ်မှန်ကန်မှု၊ အမျိုးသားအကျိုးစီးပွား ရှေ့ရှုမှုနဲ့ ပြည်သူ့သဘောထား လေးစားမှုဟာ EITI ရဲ့ အခြေခံမူတွေပါပဲ။ တွင်းထွက်သယံဇာတ ထုတ်လုပ်မှု ပွင့်လင်းမြင်သာရေး Extractive Industries Transparency Initiative အဖွဲ့ ဖြစ်ပါတယ်။ အဖွဲ့ရဲ့မူကို လိုက်နာဖို့ မြန်မာအပါအဝင် (၅၂) နိုင်ငံက သဘောတူခဲ့ပါတယ်။
၂၀၁၄ မှာ ဦးသိန်းစိန်အစိုးရဟာ တွင်းထွက်သယံဇာတ ထုတ်လုပ်မှု ပွင့်လင်းမြင်သာရေးအဖွဲ့မှာ အဖွဲ့ဝင်လောင်း ဖြစ်လာပါတယ်။။ အစိုးရကိုယ်စားလှယ်၊ ကုမ္ပဏီကိုယ်စားလှယ်နဲ့ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ် ပါဝင်တဲ့ သုံးပွင့်ဆိုင်ညွှန်ပေါင်းအဖွဲ့က မြန်မာ EITI အစီရင်ခံစာ ရေးပါတယ်။ ၂၀၁၄ က ၂၀၁၈ အထိဖြစ်တဲ့ အစီရင်ခံစာ (၅) စောင်ကို ထုတ်ပြန်ပါတယ်။ အစိုးရ ရရှိတဲ့ အခွန်ဘဏ္ဍာ၊ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းရဲ့ ပေးချေမှု၊ ကုမ္ပဏီဝင်ငွေနဲ့ အသုံးစရိတ်စတာတွေကို အစီရင်ခံစာမှာ ဖော်ပြပါတယ်။ NLD ပါတီ အစိုးရဖွဲ့တဲ့ ၂၀၁၆-၁၇ မှာ မြန်မာ့ EITI စတုတ္ထအကြိမ် အစီရင်ခံစာကို ထုတ်ပြန်ပါတယ်။ အဲဒီနှစ်မှာ သယံဇာတ တူးဖော်ခွင့်လိုင်စင် (၂၁,၀၀၀) ကျော် ထုတ်ပေးပါတယ်။ အများစုက ကျောက်မျက်နဲ့ သတ္တုတူးဖော်ခွင့်လိုင်စင် ဖြစ်ပါတယ်။ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းအကြောင်း အနည်းငယ်သာ ဖော်ပြနိုင်ပါတယ်။ ကျောက်မျက်လုပ်ငန်းမှာ စာရင်းမပေးတဲ့ ကုမ္ပဏီ (၉၀)% ဟာ စစ်တပ်ပိုင် ဖြစ်ပါတယ်။
ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ ဖြောင့်မတ်မှန်ကန်မှု စတဲ့ EITI မူတွေကို မြန်မာပြည်မှာ ကျင့်သုံးဖို့ အခက်အခဲ ရှိပါတယ်။ ကျောက်စိမ်း၊ ကျောက်မျက်နဲ့ သတ္တုကဏ္ဍမှာ အသေးစား၊ အလတ်စား လုပ်ငန်းတွေများပြီး မှော်ခိုတူးဖော်မှုနဲ့ အခွန်ရှောင်မှုကလည်း များပါတယ်။ EITI အဖွဲ့ကို စာရင်းပြတဲ့အခါ ကျောက်မျက်နဲ့သတ္တုတို့ကို အလွန်အမင်း တန်းဖိုးလျော့ချထားပါတယ်။ အစိုးရကို ပေးသွင်းရမယ့် အခွန်လျော့နည်းသွားအောင် လုပ်တာပါပဲ။ အထူးသဖြင့် ကျောက်စိမ်းကဏ္ဍမှာ ဒီလို ကလိမ်ကညစ် လုပ်မှုတွေ အများဆုံး ဖြစ်ပါတယ်။ အလေးချိန်နဲ့ တွက်မယ်ဆိုရင် မှောင်ခိုရောင်းတဲ့ ကျောက်စိမ်းဟာ တရားဝင်ရောင်းတဲ့ ကျောက်စိမ်းထက် အဆပေါင်းတရာကျော် ရှိတယ်လို့ EITI အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ကျောက်စိမ်း (၁) ကီလိုဂရမ်ရဲ့ ပျမ်းမျှတန်းဖိုးဟာ ကျပ် (၃၀၀၀) သာ ရှိတယ်လို့ စာရင်းမှာ ပြထားပေမယ့်၊ နိုင်ငံခြားကို ရောင်းတဲ့တန်းဖိုးက (၁) ကီလိုဂရမ်မှာ ကျပ် (၄၃၃,၀၀၀) ဖြစ်ပါတယ်။ ကျောက်စိမ်းနဲ့ ကျောက်မျက်လုပ်ငန်း (၉၃) ရာခိုင်နှုန်းက စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC က ပိုင်ပြီး၊ ဓါတ်သတ္တုလုပ်ငန်းမှာတော့ (၂၄) ရာခိုင်နှုန်းသာ စစ်တပ်က ပိုင်ပါတယ်။ ကျောက်စိမ်းကဏ္ဍကို အလေးချိန်အရ တွက်ချက်မယ်ဆိုရင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ မှောင်ခိုရောင်းတဲ့ကဏ္ဍဟာ တရားဝင်ရောင်းတဲ့ တန်းဖိုးထက် အဆ (၁၀၀) ကျော် ပိုများနေတယ်လို့ ဖော်ပြပါတယ်။ သယံဇာတလုပ်ငန်းကရတဲ့ အခွန်ငွေ လေးပုံတစ်ပုံဟာ တူးဖော်ရေးလုပ်ငန်းတွေရဲ့ သီးခြားစာရင်းထဲ ရောက်သွားပါတယ်။ ဒီငွေကို အသုံးပြုရာမှာ ကြီးကြပ်မှုအားနည်းတယ်လို့ EITi စတုတ္ထအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ရေနံ၊ ဓါတ်ငွေ့နဲ့ ပုလဲကဏ္ဍက ကုမ္ပဏီအားလုံးနဲ့ အခွန်ငွေအားလုံးကို စတုတ္ထအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ စစ်အုပ်စုရဲ့ အများဆုံး ပတ်သက်တဲ့ ကျောက်စိမ်း၊ ကျောက်မျက်ကဏ္ဍမှာတော့ ဖော်ပြနိုင်တဲ့ ကုမ္ပဏီဦးရေဟာ (၁၀) ရာခိုင်နှုန်းတောင် မရှိပါဘူး။ ကျောက်မျက်ကဏ္ဍမှာ စစ်အုပ်စုက လက်ဝါးကြီးအုပ်ပြီး အလွဲသုံးစားလုပ်ပုံကို EITI စတုတ္ထအစီရင်ခံစာမှာ တွေ့နိုင်ပါတယ်။ ကျောက်စိမ်း၊ ကျောက်မျက် ကုမ္ပဏီ (၈၄) ခုကိုသာ ဖော်ပြနိုင်ပါတယ်။
၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် ထုတ်ပြန်တဲ့ EITI ပဉ္စမအစီရင်ခံစာမှာတော့ ပိုမိုပွင့်လင်းလာတာကို တွေ့နိုင်ပါတယ်။ ကျောက်စိမ်း၊ ကျောက်မျက်ကုမ္ပဏီ (၂၀၉) ခုနဲ့ စစ်အုပ်စုပိုင် စီးပွားရေးလုပ်ငန်း (၂) နဲ့ ဆက်စပ်နေတဲ့ သယံဇာတကုမ္ပဏီ (၉) ခုကို ဖော်ပြနိုင်ပါတယ်။ သယံဇာတ စီမံခန့်ခွဲရာမှာ ပွင့်လင်းမြင်သားမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ တိုက်တွန်းနေတဲ့ EITI မူဝါဒကို မြန်မာပြည်မှာ အကောင်အထည် ဖော်နေတာ တိုးတက်မှု ရှိနေပြီလို့ ၂၀၂၀ သြဂုတ်လထုတ်၊ EITI အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
== Unicode ==