သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းပြီး သဘာဝသယံဇာတ ထုတ်ယူသုံးစွဲမှု တိုးလာနိုင်ချေ စိုးရိမ်


ဖားကန့်ဒေသမှာ စက်ယန္တရားတွေ အသုံးပြုပြီး အကြီးစား ကျောက်မျက်တူးဖော်မှုလုပ်ငန်းမြင်ကွင်း။
ဖားကန့်ဒေသမှာ စက်ယန္တရားတွေ အသုံးပြုပြီး အကြီးစား ကျောက်မျက်တူးဖော်မှုလုပ်ငန်းမြင်ကွင်း။

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သဘာဝသယံဇာတ ထုတ်ယူမှု၊ သုံးစွဲမှုနဲ့ တရားမဝင် မှောင်ခိုတင်ပို့မှုတွေ အဆမတန် တိုးလာသလို သစ်တောပြုန်းတီးမှုလည်း အတော်ဆိုးလာတယ်လို့ စောင့်ကြည့်လေ့လာနေတဲ့ ပညာရှင်တွေနဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်ကလည်း ဒီကိစ္စကို ဖိဖိစီးစီး မလုပ်နိုင်တဲ့အပြင် သဘာဝပတ်ဝန်းကျင်အရေး လုပ်ကိုင်သူတွေ အဖမ်းခံရတာတွေ၊ တိမ်းရှောင်နေရတာတွေလည်း ရှိနေပါတယ်။ လူမှုအဖွဲ့အစည်း အများစုလည်း လုပ်ငန်းအားလုံး ရပ်ထားရပါတယ်။ အပြည့်အစုံကို နန်းလောင်ဝ် မေးမြန်းတင်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံထဲမှာ သစ်တော၊ သတ္တုနဲ့ မြေယာသယံဇာတ ထုတ်ယူမှုတွေ အဆမတန် တိုးလာပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရ လက်ထက်တုန်းက EITI တို့လို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ သယံဇာတ ထုတ်ယူသုံးစွဲခြင်းဆိုင်ရာ ပွင့်လင်းမြင်သာအောင်လုပ်တဲ့ အစီအမံတွေကို နိုင်ငံတော်က ပါဝင်ခဲ့တဲ့အတွက် အတိုင်းအတာတခုထိ အဟန့်အတား ဖြစ်ခဲ့တယ်လို့ ကျွမ်းကျင်သူတချို့က သုံးသပ်ပါတယ်။ ဒါပေမယ့်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း သယံဇာတ ထုတ်ယူသုံးစွဲမှုကို စောင့်ကြည့်နိုင်ခဲ့တဲ့ ယန္တရားတွေ ရပ်သွားတာကြောင့် အခြေအနေ ဆိုးလာတာလို့ ယူဆကြပါတယ်။ ဗြိတိန်နိုင်ငံ၊ အောက်စ်ဖို့တက္ကသိုလ်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသီ ဦးဝင်းမျိုးသူက ခုလိုသုံးသပ်ပါတယ်။

“လက်ရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အနေအထားကတော့ အရင်ကထက် အားနည်းသွားတယ်လို့ ပြောနိုင်ပါတယ်။ အရင်ကထက်စာရင် ပိုပြီး အားနည်းမှု ဖြစ်စေတာပေါ့။ ဘာလို့လဲဆိုတော့ သဘာဝရင်းနှီးမြှုပ်နှံမှုဆိုတာက တော်တော့်ကို ငွေအားနဲ့ အချိန်အားနဲ့ အစိုးရရဲ့ ပံ့ပိုးမှုအားနဲ့ လုပ်ရတာမို့လို့ သက်ဆိုင်ရာ အစိုးရ ဌာနဆိုင်ရာတွေနဲ့ ဒီလုပ်ငန်းတွေအပေါ် ဖိဖိစီးစီးနဲ့ လုပ်နိုင်တဲ့ အတိုင်းအတာကလည်း မရှိဘူးပေါ့နော်။ အဲဒီတော့ တချိန်တုန်းကတောင်မှ သူတို့မှာ အားနည်းချက်တွေ ရှိခဲ့တာဆိုတော့ လက်ရှိမှာဆိုရင်တော့ ဆိုနိုင်ဖွယ်ရာ မရှိပေါ့ဗျာ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စမှာတော့ အထူးသဖြင့် အားနည်းမှာပေါ့နော်။ အောက်ခြေ ကွင်းထဲမှာ ဖြစ်နေတာကို ဥပဒေအတိုင်း၊ ဥပဒေစိုးမိုးရေးအတိုင်း လုပ်နိုင်ဖို့ဆိုတာ တော်တော်လေး ခဲယဉ်းပါတယ်။ နောက်တခုက လူတွေရဲ့ စားဝတ်နေရေးအရလည်း လက်ရှိအနေအထားမှာ ပိုပြီးကျပ်လာတဲ့အတွက် သဘာဝသယံဇာတအပေါ်မှာပဲ မှီခိုအားထားရတယ်။ ဒီအတိုင်းပဲ နိုင်ငံကို ထိန်းကျောင်းနေတဲ့လူတွေ၊ အဖွဲ့တွေအနေနဲ့လည်း ဒီ သဘာဝသယံဇာတကိုပဲ သူတို့ ထုတ်ယူသုံးစွဲပြီးတော့ ဝင်ငွေရပေါက်ရလမ်းတွေနဲ့ သူတို့က အသုံးပြုရတာ ဖြစ်တဲ့အတွက် သဘာဝထိန်းသိမ်းရေး ဆိုတာက နောက်ကွယ်ကို ကျန်ခဲ့တာပေါ့။”

NLD အစိုးရလက်ထက်မှာလည်း သယံဇာတတူးဖော်ရေး၊ စီမံခန့်ခွဲရေးကို ထိရောက်စွာ ထိန်းချုပ်နိုင်တာ မရှိဘူးလို့ Global Witness နဲ့ World Resources Institute (WRI) လို အဖွဲ့အစည်းတွေက ထောက်ပြကြပါတယ်။ ဒေါ်လာဘီလီယံနဲ့ချီ လည်ပတ်နေတဲ့ မြန်မာ့ကျောက်စိမ်း ထုတ်လုပ်ရောင်းဝယ်မှုက ရတဲ့ အကျိုးစီးပွားအားလုံးကို စစ်တပ် ထိပ်တန်းခေါင်းဆောင်တွေနဲ့ နီးစပ်သူအားလုံးက ရယူနေပြီး ဒီလုပ်ငန်းဟာ အာဏာသိမ်းစစ်တပ် ရေရှည်ရပ်တည်ဖို့ ဝင်ငွေရစေတဲ့ အရေးကြီးတဲ့ စီးပွားရေးလုပ်ငန်းတခု ဖြစ်တဲ့အကြောင်း Global Witness အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံအတွင်းကထွက်တဲ့ ကျောက်စိမ်းတွေရဲ့ ၉၀ ရာခိုင်နှုန်း ပြည်ပကို တရားမဝင် ခိုးထုတ်ရောင်းချနေပြီး အားလုံးနီးပါး တရုတ်နိုင်ငံက ဝယ်ယူနေတာလို့လည်း အစီရင်ခံစာမှာ ဖော်ပြထားတာပါ။ ကချင်ပြည်နယ် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်က မြေစာပုံစွန့်ပစ်မှုနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ခြေကို စောင့်ကြည့်နေတဲ့ ဒေသခံ သဘာဝပတ်ဝန်းကျင် အဖွဲ့ဝင်တယောက်က လက်ရှိအခြေအနေကို ဗွီအိုအေကို ခုလိုပြောပြပါတယ်။

“ခုကတော့ အားလုံးက ဥပဒေမဲ့ဖြစ်နေတဲ့ အခါကျတော့ ဘာတိုင်းတာမှုမျိုး၊ ဘယ်လိုထိန်းသိမ်းမှုမျိုးမှ မရှိဘူးလေ။ ဒေသအာဏာပိုင်တွေ၊ လက်နက်ကိုင်တွေကို ငွေပေးပြီးတော့ စိတ်ကြိုက်တူးရုံပဲပေါ့။ သူတို့သတ်မှတ်ထားတဲ့ ဧရိယာရရင်ပေ့ါနော်၊ မင်းလည်း မင်းကြိုက်သလိုတူး၊ ကိုယ်လည်း ကိုယ်ကြိုက်သလိုတူးပေါ့။ အဲဒီပုံစံမျိုးသွားဖြစ်တာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေ၊ ဂေဟစနစ် ပျက်စီးတာတွေ အဲဒါမျိုး ဘာမှမရှိဘူး။ အဲဒီဟာတွေအတွက် ကာဗာလုပ်ထားပေးတာ ဘာမှမရှိဘူး။ အင်တာနက်တွေ ပြတ်တောက်ပြီးတော့ မျက်စိပိတ်နားပိတ် သတင်းအမှောင်ချပြီးတော့ ထင်သလိုလုပ်နေတာကိုးဗျ၊ တကယ်တမ်းကျတော့၊ ကျနော်တို့ကလည်း ပေါ်ပေါ်ထင်ထင် ထွက်ပြလိုက်ရင် ကျနော်တို့ အသက်အန္တရာယ်အတွက် စစ်တပ်ကိုလည်းကြောက်ရတယ်၊ ကေအိုင်အေလည်း ကြောက်ရတယ်၊ နှစ်ဖက်လုံးကြောက်ရတယ်။ နှစ်ဖက်စလုံးက ဒီလို ဘာမှ ထိန်းသိမ်းစောင့်ရှောက်ချင်တဲ့စိတ် မရှိတဲ့အခါကျတော့ ကျနော်တို့ပြောနေရင်လည်း ပြောတဲ့လူပဲ အသက်အန္တရာယ် စိုးရိမ်ရတာပဲရှိတယ်။"

ကချင်ပြည်နယ်ဟာ Rare Earth လို့ခေါ်တဲ့ မြေရှားသတ္တုတွေ ထွက်တဲ့နေရာမှာ တရုတ်နဲ့ အမေရိကန်ပြီးရင် ကမ္ဘာမှာ တတိယအများဆုံး ရှိတဲ့နေရာလည်း ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် တရုတ်နိုင်ငံက သူ့နယ်စပ်တွေ တင်းကျပ်စွာ ပိတ်ထားတဲ့ အချိန်မျိုးမှာတောင် မြေရှားသတ္တုတွေကိုတော့ ဝင်ခွင့်ပြုခဲ့ပါတယ်။ အာကာသနည်းပညာနဲ့ ခေတ်မီပစ္စည်းကိရိယာတွေမှာ မရှိမဖြစ်လိုအပ်တဲ့ မြေရှားသတ္တုကို စစ်အာဏာသိမ်းပြီး လပိုင်းအတွင်းမှာတင် ကချင်ပြည်နယ်ကနေ ထုတ်လုပ်မှု ၅ ဆတိုးလာတယ်လို့လည်း Asia Times သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ နောက်ထပ် ထင်ရှားတဲ့ သယံဇာတ ထုတ်ယူမှုကတော့ သစ်ထုတ်လုပ်ရေးပါ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင် သစ်ထုတ်လုပ်တာတွေလည်း တိုးလာတယ်လို့ သုတေသီ ဦးဝင်းမျိုးသူက ပြောပါတယ်။

“သစ်တောပြုန်းတီး ပျက်စီးခြင်းကတော့ ဟိုတုန်းကတည်းက များတယ်ပေါ့နော်၊ တနှစ်ကို ဧကတသန်းလောက်ကို များတယ်။ အဲဒီများနေတဲ့ ကဏ္ဍကလည်း လက်ရှိ ပိုပြီးဆိုးလာမယ့် အနေအထား ရှိမယ်လို့ပဲ ကျနော်တို့ ခန့်မှန်းတယ်ပေါ့နော်။ အထူးသဖြင့် ကျနော်တို့ မကြာသေးခင်က MODIS လို့ခေါ်တဲ့ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ သဘာဝသယံဇာတ၊ အထူးသဖြင့် သစ်တောပေါ့၊ သစ်တောတွေမှာ ထုတ်ယူသုံးစွဲမှု ဘယ်လိုရှိသလဲဆိုတဲ့ သုတေသနလေးကို ကျနော်တို့ အကြမ်းဖျဉ်းလေး လုပ်ကြည့်ပါတယ်။ အဲဒီအခါမှာ သစ်ကောင်းဝါးကောင်းရှိတဲ့ နေရာတွေထဲမှာ သစ်ထုတ်လုပ်မှုတွေက ၂၀၂၁ ကုန်တဲ့ထိ ၂၀၂၂ နှစ်ဆန်းလောက်ထိ တောက်လျှောက်ဖြစ်နေတယ်။ ဖြစ်နေတာကလည်း ပြီးခဲ့တဲ့ NLD အစိုးရကာလကရော၊ ဦးသိန်းစိန်အုပ်စိုးတဲ့ ကာလရော၊ အဲဒီကာလ အပိုင်းအခြားကို စိစစ်လေ့လာတဲ့အခါမှာ အဲဒီလိုပဲတွေ့တယ်။ ဟိုတုန်းကလည်း ဆိုးတယ်။ ပြီးခဲ့တုန်းကလည်း ဆိုးတယ်။ အခုလည်း ထပ်ဆိုးတယ်ဆိုတော့ တချို့နေရာတွေမှာကတော့ တန်ဖိုးသိပ်ရှိတဲ့ နေရာတွေက သစ်ကောင်းဝါးကောင်းရှိတဲ့ နေရာတွေမှာကတော့ သစ်တောထုတ်လုပ်မှုက လက်ရှိချိန်ထိ တအားကို မြင့်တက်နေတယ်ဆိုတာ သွားတွေ့တယ်။”

အရင်အစိုးရလက်ထက်တွေတုန်းကတော့ အစိုးရပိုင်းကရော လူမှုအဖွဲ့အစည်းတွေက သစ်ပင်တွေပြန်စိုက်တာ၊ တောတောင်ရေမြေတွေ ပြုပြင်တာတွေလည်း အထိုက်အလျောက်တော့ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ နိုင်ငံရေးအခြေအနေအရ NGO အပိုင်းကရော၊ UN ပိုင်းကပါ လုပ်ကိုင်နိုင်တာမျိုး မရှိတော့သလို တနိုင်တပိုင် လုပ်ကိုင်နေကြတဲ့ ဒေသခံ လူမှုအသင်းအဖွဲ့ အတော်များများလည်း လက်ရှိလုပ်ငန်းတွေ ရပ်ထားရပါတယ်။ ပရဟိတ လုပ်နေသူတချို့လည်း အဖမ်းမခံရအောင် တိမ်းရှောင်နေကြရတာ၊ အသင်းအဖွဲ့ ပိတ်ပစ်ရတာလည်း ရှိကြပါတယ်။

စာသင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ သဘာဝပတ်ဝန်းကျင်အရေး အသိပညာပေးရင်း ကျေးရွာတွေထိ သစ်ပင်တွေ လိုက်စိုက်နေကြတဲ့ ရှမ်းပြည် တောင်ကြီးမြို့က ERA သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူမှုအကျိုးပြု ပရဟိတအဖွဲ့ကတော့ လက်ရှိလှုပ်ရှားမှုတွေ ရပ်ထားရပေမယ့် ရပ်မိရပ်ဖအားကိုးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆက်လုပ်နေပါတယ်။ အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုဝင်းဦးက ဗွီအိုအေကို ခုလိုပြောပါတယ်။

“မြို့ပေါ်လူထုထက်စာရင် ကျေးရွာလူထုက ပိုပြီး စိတ်ဝင်စားမှုများတယ်ပေါ့နော်။ အရမ်း ထွေထွေထူးထူးလည်း မှာစရာမလိုဘူး။ ကျနော်တို့စိုက်ခဲ့တဲ့ အပင်တွေကို ပြုစုစောင့်ရှောက်ပေးပါဆိုရင် နောက်တခေါက်ပြန်သွားရင် သူတို့ ဒါကို တကယ်ပဲ လုပ်ထားပေးပါတယ်။ ပရဟိတကျောင်းတို့ ဘာတို့မှာ စိုက်ခဲ့တဲ့ အပင်တွေဆိုရင်တော့ အုပ်ချုပ်တဲ့သူတွေရဲ့ အမိန့်ကြောင့် ကလေးတွေ လုပ်ကြပါတယ်။ ဥပမာ ဘုန်းကြီးက၊ ကျောင်းထိုင်ဆရာတော်က မှာတဲ့စကားအတိုင်း ပြုစုရမယ်၊ စောင့်ရှောက်ရမယ်ဆိုတော့ သူတို့ကလေးတွေ စိတ်မပါဘူး ဆိုရင်တောင်မှ အုပ်ချုပ်တဲ့လူရဲ့ စည်းကမ်းကြောင့်မို့လို့ မဖြစ်မနေ လုပ်ကြရတယ်ပေါ့။ အဲဒီအတွက် အဲဒီလိုနေရာမျိုးတွေက ပိုပြီးအောင်မြင်ပါတယ်။ မြို့ပေါ်က စိုက်ပျိုးထားတာထက်စာရင်ပေါ့နော်။”

တောတောင်တွေကို မှီပြီး အသက်ရှင်ရပ်တည်နေကြတဲ့ ဒေသတွေမှာတော့ မိရိုးဖလာ အစဉ်အဆက် အတတ်နိုင်ဆုံး ထိန်းသိမ်းစောင့်ရှောက်ကြတယ် ဆိုပေမယ့် ပြည်တွင်းစစ်လိုသဘောမျိုး ပစ်ခတ်နေတာတွေ၊ လှုပ်ရှားနေတာတွေ ရှိတဲ့နေရာတွေမှာတော့ လုပ်ကိုင်နိုင်တာမျိုး မရှိပါဘူး။ ရိုးရာဓလေ့အရ စီမံအုပ်ချုပ်တဲ့ ဓလေ့တွေမှာလည်း တခါတလေမှာ ပြင်ပက ဖိအားရင်ဆိုင်ရတာမျိုးတွေ ရှိပါတယ်။ အစိုးရကိုယ်တိုင်က အရင်းရှင်တွေနဲ့ ပူးပေါင်းပြီးတော့ အတင်းဖျက်ဆီးတာမျိုး၊ ဒါမှမဟုတ် ပြည်တွင်းနိုင်ငံရေး အခြေအနေ၊ လုံခြုံရေးကိစ္စ ဒီလို မငြိမ်မသက်ဖြစ်လာတဲ့ အခါမျိုးမှာ မိရိုးဖလာ ဓလေ့ထုံးစံအတိုင်း တောတောင်ရေမြေတွေကို မစောင့်ရှောက်နိုင်တာတွေလည်း ရှိပါတယ်။

လက်ရှိ အာဏာရယူထားသူတွေနဲ့ သက်ဆိုင်ရာက သဘာဝသယံဇာတ ထိန်းသိမ်းရေး လုပ်ကိုင်နေသလား ဆိုတာနဲ့ ခုလို သယံဇာတ အကြီးအကျယ် ထုတ်ယူမှုတွေကို ထိန်းနိုင်ခြင်း ရှိမရှိဆိုတာကတော့ လာမယ့် ၁ နှစ် ၂ နှစ်အတွင်း အထင်အရှား တွေ့မြင်ရလိမ့်မယ်လို့လည်း ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ သဘာဝသယံဇာတ ထုတ်ယူသုံးစွဲမှုနဲ့ စီမံခန့်ခွဲမှု အခြေအနေနဲ့ ပတ်သက်လို့ နေပြည်တော်က သဘာဝသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)














XS
SM
MD
LG