ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်တပ်က နယ်မြေရှင်းလင်းမှုအတွင်း ရိုဟင်ဂျာတွေ အများအပြား အသတ်ခံခဲ့ရပြီး အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံဘက် သိန်းနဲ့ချီ ထွက်ပြေးခဲ့ရတာ ဒီနေ့ဆိုရင် ၆ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ အခုချိန်ထိ ဒုက္ခသည်စခန်းတွေမှာ အခက်အခဲ မျိုးစုံနဲ့ ရင်ဆိုင်နေကြရဆဲ ဖြစ်သလို၊ ဘေးကင်းလုံခြုံမှုရှိရှိ နေရပ်ပြန်ခွင့်ရချင်ပြီလို့ ဒုက္ခသည်တွေက ပြောဆိုကြပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
လွန်ခဲ့တဲ့ ၆ နှစ် ခုလို သြဂုတ်လထဲမှာ ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေ အတွင်း ရိုဟင်ဂျာ ကျေးရွာတွေ အများအပြား မီးရှို့ခံရတာ၊ လူတွေ အစုလိုက် သတ်ဖြတ်ခံရတာတွေ ရှိခဲ့ပြီး သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတာပါ။ ခုချိန်ထိလည်း နေရပ်ပြန်ရမယ့် အခြေအနေ မရှိသေးသလို၊ ဒုက္ခသည်စခန်းတွေထဲမှာ စားနပ်ရိက္ခာ မလုံလောက်မှု အပါအဝင် အခက်အခဲမျိုးစုံနဲ့ နေထိုင်နေကြရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
၂၀၁၇ ခုနှစ်က မောင်တောမြောက်ပိုင်းကနေ ထွက်ပြေးလာပြီး ဘင်္ဂလားဒေ့ရှ် ကော့ဘဇား ဒုက္ခသည်စခန်းမှာ နေထိုင်နေခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တဦးကတော့ ဒုက္ခသည်စခန်းတွေထဲ အကျပ်အတည်းတွေ ပိုများလာတာကို ခုလို ပြောပြပါတယ်။
“ ကျနော်တို့ ဘင်္ဂလားဒေရှ့်ဘက်ကို မောင်းထုတ်ခံရတာ ၆ နှစ်ရှိပါပြီ။ ဒီဒုက္ခသည်စခန်းမှာ ကျနော်တို့ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရတယ်။ နံပတ် ၁ စားနပ်ရိက္ခာ လုံလောက်မှုမရှိဘူး။ လျော့ချလိုက်တဲ့ ကိစ္စနဲ့ ကျနော်တို့ တော်တော်လေး ဆိုးဆိုးရွားရွား ရိုဟင်ဂျာ ဒုက္ခသည်တွေက ခံစားနေရပါတယ်။ နောက် သဘာဝဘေးအန္တရာယ်ကိုလည်း မကြာခဏ ကြုံတွေရပါတယ်။ နောက် ကပ်ဘေးရောဂါအမျိုးမျိုးကိုလည်း ကျနော်တို့ ကြုံတွေ့နေရပါတယ်။ နောက် တခြား ရာဇဝတ်ဂိုဏ်းတွေရဲ့ သတ်ဖြတ်မှုတွေကိုလည်း ဆိုးဆိုးရွားရွား ကျနော်တို့က နေ့စဉ်နဲ့ အမျှ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။”
ရိုဟင်ဂျာတွေ ရက်ရက်စက်စက် သတ်ဖြတ် နှိမ်နင်းခံခဲ့ရတဲ့ ဖြစ်ရပ် ၆ နှစ်ပြည့်ချိန်မှာ သူတို့ရဲ့ အခက်အခဲတွေကို နားလည် ကူညီ ဖြေရှင်းပေးကြဖို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်တွေက ဒီကနေ့ စုဝေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ ပတ်သတ်ပြီး တရားမျှမှု ရရှိဖို့နဲ့ ဘေးကင်းလုံခြုံမှုရှိရှိ နေရပ်ပြန်နိုင်ဖို့ လိုလားတယ်လို့ ရိုဟင်ဂျာဒုက္ခသည် တဦးက ပြောပါတယ်။
“ ဒီလိုဒုက္ခသည်ဘဝနဲ့ ကျနော်တို့ ဆက်ပြီးတော့ မနေချင်ပါဘူး။ UN အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကို ကျနော်တို့က အလေးအနက်ထား တောင်းဆိုချင်ပါတယ်။ နောက် ကျနော်တို့ မြန်မာ့အရေး လှုပ်ရှားသူတွေရော၊ ကျနော်တို့ အခု NUG အစိုးရကိုရော၊ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေကိုရော၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကိုရော ကျနော်တို့ မေတ္တာရပ်ခံ တောင်းဆိုချင်တာကတော့ တရားမျှတမှု အမြန်ဆုံး ရရှိဖို့နဲ့ ကျနော်တို့ ဂုဏ်သိက္ခာရှိရှိ ဘေးကင်းလုံခြုံစွာ အမိမြေ မြန်မာနိုင်ငံသို့ ပြန်နိုင်ရေး ဦးစေားပေးဆောင်ရွက်ဖို့ ကျနော်တို့ အလေးအနက်ထား ဆောင်ရွက်ဖို့ တောင်းဆိုချင်တာပါ။”
အခုလို အခက်အခဲ ကြုံနေရတာဟာ ဘင်္ဂလားဒေရှ့် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေတင် မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်မှာ ကျန်ခဲ့တဲ့ ရိုဟင်ဂျာတွေဟာလည်း စားဝတ်နေရေး အခက်အခဲတွေအပြင် အသွားအလာ ကန့်သတ်ခံထားရတာကြောင့် နေ့စဉ်ဘဝတွေကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရတယ်လို့ မောင်တောဒေသခံ ရိုဟင်ဂျာတဦးက ပြောပါတယ်။
“ တဘက်က ARSA တွေ ရှိသလို၊ တဘက်က AA ရှိတယ်။ နောက်တဘက်က အစိုးရ ရှိတယ်။ ၃ မျိုးလုံးရဲ့ ဒဏ်ကို ပြည်သူတွေက ခံစားနေရတယ်။ နောက် ကုန်စျေးနှုန်းတွေကလည်း အဆမတန်မြင့်တယ်။ စားဝတ်နေရေးကအစ အကျပ်အတည်းတွေ ဖြစ်တယ်။ ဆိုတော့ ကြံရာမရဆိုတဲ့ အနေအထားမှာ ရှိတယ်။ ရှိတော့ အခုလို ရက်တွေမှာ ပိုပြီးတော့ တမ်းတကြတာပေါ့ဗျာ။ ကျနော်တို့က ဒီနေရာမှာ ဟုတ်လား ဟိုဘက်က လူတွေကလည်း သေကြတယ်။ ပြေးလိုက် လွှားလိုက်နဲ့ အသက်ဘေးက လွတ်မြောက်လာတဲ့လူ ရှိသလို ကျနော်တို့ရဲ့ သားသမီးတွေ သေကြေ ပျက်စီးသွားကြတဲ့နေ့အဖြစ် အောက်မေ့နေကြတယ်ဆိုတာ သိရတယ်။ ကြားရတယ်။ ကျနော်ကိုယ်တိုင်လည်း အဲဒီ အဖြစ်အပျက်တွေကို သတိရတာပေါ့နော်။ မောင်တောဘက်မှာနေတဲ့ သူတွေက ဘူးသီးတောင်ဘက်မှာနေတဲ့ သူတွေထက် ပိုဆိုးတယ်။ အကုန်လုံးဒဏ်ကို ခံရတယ်။ လူကလည်း တော်တော်နည်းပါးတဲ့ လူစုတစု လောက်ပဲ ရှိတယ်ပေါ့နော်။”
ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာတွေ ကြုံခဲ့ရတဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်ရာ ရောက်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲကြသလို၊ ဒီစွပ်စွဲချက်နဲ့ပဲ ဂမ်းဘီးယားနိုင်ငံက နိုင်ငံတကာ တရားရုံး ICJ မှာ မြန်မာကိုအရေးယူဖို့ တောင်းဆိုထားတာပါ။
တဘက်မှာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ပတ်သတ်လို့ ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက်ကတည်းက ညှိနှိုင်း ဆောင်ရွက်တာတွေ ရှိခဲ့ပြီး လက်ရှိ အာဏာသိမ်း စစ်ကောင်စီ လက်ထက်မှာလည်း ဆက်လက် ဆောင်ရွက်နေပေမဲ့ စစ်ကောင်စီ လုပ်နေတဲ့ နေရပ်ပြန်ရေး အစီအစဥ်ဟာ နိုင်ငံတကာရဲ့ ဖိအားတွေကို လျော့ချနိုင်ဖို့အတွက် ဟန်ပြသဘော လုပ်ဆောင်ချက်တွေသာ ဖြစ်ပြီး အခုအချိန်ထိ နေရပ်ပြန်လာသူ တဦးတယောက်မှ မရှိသေးဘူးလို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ပြောဆိုပါတယ်။
Your browser doesn’t support HTML5