ဒီကနေ့ ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ဟာ ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံရမှု ၆ နှစ်မြောက်နေ့ ဖြစ်တယ်လို့ ဆိုပြီး လွန်ခဲ့တဲ့ ၆ နှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း သတ်ဖြတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေ၊ အသက်ရှင် ကျန်ရစ်သူတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုကဆက်လက် ရပ်တည်နေပါကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony Blinken) က ကြေညာချက် ထုတ်ပြန်ပါတယ်။ မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ ကြမ်းကြုတ်ရက်စက်မှုတွေ အတွက် တရားမျှတမှုကို ရှာဖွေဖို့နဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိစေဖို့အတွက် ဆက်လက် ကြိုးပမ်းသွားမယ်ဆိုတာ ထပ်လောင်း အတည်ပြုပါကြောင်းလည်း ဝန်ကြီး ဘလင်ကန်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအတွင်း အကြမ်းဖက် ဖိနှိပ်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ ၁ သန်း နီးပါးအတွက် အကာအကွယ်နဲ့ ခိုလှုံနေထိုင်ခွင့် ပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပြည်သူတွေ၊ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီ လက်ခံပေးထားတဲ့ ဒေသတွင်း အခြား နိုင်ငံတွေကိုလည်း အလေးအနက် ကျေးဇူးတင်ကြောင်း ပြောပါတယ်။
လတ်တလော မြန်မာနိုင်ငံတဝန်းမှာ အကြမ်းဖက်မှုတွေ ပိုဆိုးလာနေတာက လူသားဘေးဒုက္ခ အကျပ်အတည်းတွေ ပိုမို ဆိုးရွားလာစေပြီး အထူးသဖြင့် ရိုဟင်ဂျာ အပါအဝင် ဘာသာရေးလူနည်းစု၊ တိုင်းရင်းသားလူနည်းစုတွေ အတွက် စိုးရိမ်စရာ အခြေအနေတွေ ဖြစ်တဲ့အကြောင်းနဲ့ ဒီလို ဆက်လက် ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှု ကျူးလွန်ရာမှာ တာဝန်အရှိဆုံး လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို အမေရိကန်အစိုးရက ပြည်ဝင်ခွင့်ဗီဇာ ထိန်းချုပ်ကန့်သတ်တာ၊ ဒဏ်ခတ်ပိတ်ဆို့ အရေးယူတာတွေ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကတည်းက စလို့ ချမှတ် ဆောင်ရွက်လာခဲ့ကြောင်းလည်း ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ရိုဟင်ဂျာတွေ သိန်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ၂၀၁၇ ကစလို့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အခြား ဒေသတွင်း နိုင်ငံတွေမှာ ရှိနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံ အကူအညီတွေ ပေးခဲ့ကြောင်းလည်း ပြောပါတယ်။ အကြမ်းဖက်မှုတွေကြောင့် လူမှုဘဝတွေ ပျက်စီးဆုံးရှုံးခဲ့ရသူတွေ အတွက် လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီပေးနေတဲ့ တနိုင်ငံချင်း အလှူရှင်စာရင်းကိုကြည့်ရင် အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ လှူဒါန်းမှုအများဆုံး နိုင်ငံဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာပြည်သူတွေ အားလုံးအတွက် တရားမျှတမှု ရှာဖွေရေးနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး အတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက် သန္နိဋ္ဌာန် ချထားပြီး ဒီမိုကရေစီနည်းကျ အားလုံးပါဝင်နိုင်မဲ့ ငြိမ်းချမ်းတဲ့ အနာဂါတ်ကို လိုလားတောင့်တနေကြတဲ့ မြန်မာပြည်သူတွေနဲ့အတူ တသားတည်း ဆက်လက် ရပ်တည်သွားမယ့်အကြောင်းလည်း သြဂုတ်လ ၂၄ ရက်နေ့ နေ့စွဲနဲ့ထုတ်ပြန်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အလားတူ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်နာမင်းကြီး Volker Turk ကလည်း ရိုဟင်ဂျာတွေအပေါ် ထပ်ခါတလဲလဲ ဖိနှိပ်ညှဥ်းပမ်းနေတဲ့ မြန်မာစစ်တပ်ကို အရေးယူနိုင်ဖို့နဲ့ နိုင်ငံတဝန်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လူသားတွေ အတိဒုက္ခရောက်အောင် ဆောင်ရွက်နေတာတွေကို တားဆီးဖို့ ဒီထက်ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုအပ်နေတဲ့အကြောင်း မနေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုပါတယ်။ ရိုဟင်ဂျာတွေ အပါအဝင် တခြား လူနည်းစုဝင်တွေအပေါ် အတိတ်မှာရော လက်ရှိမှာပါ ကျူးလွန်နေတဲ့ ရာဇဝတ်ပြစ်မှုတွေကနေ လွတ်ကင်းခွင့် ရထားတဲ့ မြန်မာစစ်တပ်အပေါ် အရေးယူဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အားလုံးအနေနဲ့ ဝိုင်းဝန်းထောက်ခံကြဖို့လည်း Volker Turk က တိုက်တွန်းထားပါတယ်။