ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းအလွန် လူသားချင်း စာနာကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ကန့်သတ် ခံနေရတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ တာဝန်ရှိသူတွေနဲ့ ညှိုနှိုင်းပြီး အကူအညီတွေ ပေးနိုင်အောင် ဆောင်ရွက်သွားမယ်လို့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အကြီးအကဲ Martin Griffiths က ပြောဆိုသွားပါတယ်။ ရခိုင်ခရီးစဉ်အတွင်း အုန်းတောကြီး ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို သွားရောက်ခဲ့သလို၊ ရွှေစေတီ ဆရာတော်နဲ့လည်း သွားရောက်တွေ့ဆုံပြီး အကူအညီပေးရေး ကိစ္စတွေ ပြောဆို ဆွေးနွေးခဲ့တဲ့ အကြောင်း ရန်ကုန်က ပေးပိုတဲ့သတင်းကို မမြသဇင်အောင်က တင်ပြပေးပါမယ်။
ပြည်တွင်းမှာ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက ကန့်သတ်တာတွေ ရှိနေချိန်မှာပဲ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ်လည်းဖြစ်၊ အရေးပေါ် ကူညီကယ်ဆယ်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးလည်း ဖြစ်တဲ့ Martin Griffiths မြန်မာနိုင်ငံကို ကြိုတင် ကြေညာခြင်း မရှိဘဲ ရောက်လာခဲ့တာပါ။ ဒီလ ၁၅ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး ၃ ရက်ကြာ ခရီးစဉ်အတွင်း စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
မိုခါ မုန်တိုင်းအလွန် ပြန်လည် ထူထောင်ရေးနဲ့ လက်တလော ရေဘေး ထပ်မံ ကြုံနေရလို့ အရေးပေါ် အကူအညီတွေ လိုအပ်နေတဲ့ ရခိုင်ပြည်နယ်ကိုတော့ မနေ့က သွားရောက်ခဲ့တာပါ။ တရက်ကြာ ခရီးစဉ်အတွင်း အုန်းတောကြီး ရိုဟင်ဂျာ ဒုက္ခသည်စခန်းနဲ့ ရွှေစေတီ ဆရာတော်တို့ကို သွားရောက် တွေ့ဆုံပြီး အကူအညီ လိုအပ်တဲ့ အခြေအနေတွေကို မေးမြန်း ဆွေးနွေးခဲ့တယ်လို့ ကိုယ်တိုင် တွေ့ခဲ့သူတွေက ဗွီအိုအေကို ပြောပါတယ်။
မိုခါအလွန် ရခိုင်ပြည်နယ်မှာ နိုင်ငံတကာ အကူအညီပေးရေး လုပ်ငန်းတွေ ကန့်သတ်ခံနေရတာ နဲ့ပတ်သက်လို့ သူ့အနေနဲ့ အာဏာပိုင်တွေနဲ့ ညှိနှိုင်း ဆောင်ရွက်နေတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ရွှေစေတီဆရာတော်က ဗွီအိုအေကို အခုလို မိန့်ပါတယ်။
"သူတို့ကတော့ နိုင်ငံတော်က လူကြီးတွေနဲ့ပေါ့။ ဆော်ဩဖို့ အခြေအနေကို ဒီဘက်က မြေပြင်မှာ လိုအပ်နေတဲ့ အခြေအနေကို သူတို့ ဆရာတော်ဆီက Information အချက်အလက်တောင်းတာပေါ့။ CSO (အရပ်ဘက်အဖွဲ့အစည်း) ပြည်သူတွေ လိုနေတာတွေ ဘုန်းဘုန်းဆီက Information အချက်အလက် တွေယူမယ်။ ယူပြီးတော့ ကုလသမဂ္ဂဆိုင်ရာ လူသားချင်း စာနာမှုကိစ္စတွေနဲ့ ပတ်သတ်ပြီးတော့ တင်ပြမယ်။ တင်ပြပြီးတော့ အထောက်အပံ့ ပေးရေးကိုတော့ သူတို့ ဒီ နိုင်ငံတော်အစိုးရနဲ့ ပေါင်းစပ် ညှိနှိုင်းပြီးတော့ ဆော်ဩပေးမယ်လို့ အဲ့လို ပြောသွားပါတယ်။"
စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနဲ့လည်း မနေ့က တွေ့ဆုံခဲ့ပြီး မိုခါ မတိုင်ခင်နဲ့ မိုခါနောက်ပိုင်း အခြေအနေတွေကို ဆွေးနွေးခဲ့တဲ့အကြောင်း စစ်ကောင်စီသတင်းတွေမှာ ဖော်ပြပါတယ်။
မနေ့က ရွှေစေတီဆရာတော်နဲ့ တွေ့ဆုံပြီးတဲ့နောက်မှာ အုန်းတောကြီး မွတ်စလင် ဒုက္ခသည်စခန်းကိုလည်း သွားရောက်ခဲ့ပြီး ဒုက္ခသည်တချို့နဲ့ တွေ့ဆုံခဲ့သလို သူတို့ရဲ့ အခြေအနေတွေကို မေးမြန်းခဲ့တဲ့အကြောင်း အုန်းတောကြီး မွတ်စလင် ဒုက္ခသည်စခန်း တာဝန်ခံ ဦးလှကျော်က ဗွီအိုအေကို ပြောပါတယ်။
"၁ အချက်က ဒီမုန်တိုင်းနဲ့ပတ်သတ်ပြီးတော့ ဘယ်လိုခံစားရလဲ ဘယ်လိုဖြစ်လဲမေးတယ်။ နောက် ဒုတိယအချက်က ခင်ဗျားတို့ ဒီနေရာမှာပဲ ဆက်နေချင်လား။ မူလနေရာမှာ မနေချင်ဘူးလားမေးတော့ ကိုယ့်အိမ်ကိုယ့်ရေကို ပြန်သွားပြီးတော့မှ ကိုယ့်လုပ်ငန်းကို လုပ်ပြီးမှ နေချင်ပါတယ်။ ဒီမှာနေရတာ သိပ်အဆင်မပြေပါဘူး။ ဒီမှာနေရတာ အလုပ်လည်း မရှိဘူး။ ဘာဆေးရုံမှလည်း မရှိဘူး။ လုပ်ရကိုင်ရတာ ဘာမှ အဆင်မပြေလို့ ဒုတိယအချက်ကို ဖြေခဲ့တယ်။ တတိယအချက်က ကျနော်တို့ နိုင်ငံသား သတ်မှတ်ပြီးတော့မှ ဒုက္ခသည်ဘဝ လွင့်သွားပြီးမှ ကျနော်တို့ကို ပြန်ဖွံ့ ဖြိုး တိုးတက်အောင် လုပ်စေချင်ပါတယ်။ အဲလိုပြောခဲ့တယ်။"
ပြီးခဲ့တဲ့မေလက အင်အားပြင်း မိုခါ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် အပါအဝင် ဒေသ အတော်များများမှာ လူတွေ ရာနဲ့ချီ သေဆုံးခဲ့ရပြီး လူနေအိမ်နဲ့ အဆောက်အအုံတွေ အများအပြား ထိခိုက် ပျက်စီးခဲ့ရတာပါ။ မုန်တိုင်းအလွန် အရေးပေါ် အကူအညီတွေ လိုအပ်နေတဲ့ ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တွေရဲ့ လုပ်ငန်းတွေကို စစ်ကောင်စီက ကန့်သတ်ထားချိန်မှာ UNOCHA အကြီးအကဲ ခုလို မြန်မာနိုင်ငံကို လာရောက်ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံတာက လက်ရှိ ကန့်သတ်မှုတွေနဲ့ပတ်သက်လို့ ဆွေးနွေး ညှိနှိုင်းဖို့ ဖြစ်နိုင်တယ်လို့ ယူဆရပေမဲ့၊ တိုးတက်မှု တစုံတရာ မြင်ရဖို့တော့ မျှော်လင့်ချက် သိပ် မရှိဘူးလို့ ရခိုင်အခြေစိုက် အရပ်ဘက် လူမှုကူညီရေး အဖွဲ့တွေက ပြောဆိုကြပါတယ်။
မစ္စတာ Griffiths မြန်မာနိုင်ငံ ခရီးစဉ်နဲ့ပတ်သက်လို့ အသေးစိတ် ဆွေးနွေးမှုတွေကို UNOCHA ရုံးက သတင်းထုတ်ပြန်တာ မရှိသေးသလို၊ ဗွီအိုအေက ဆက်သွယ် မေးမြန်းထားတာကိုလည်း အခုချိန်ထိတော့ ပြန်လည် ဖြေကြားတာ မရှိသေးပါဘူး။
စစ်ကောင်စီကတော့ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံမှာ ချမှတ်ထားတဲ့ ဥပဒေတွေကို လိုက်နာပြီး သူတို့နဲ့ လက်တွဲ လုပ်ဆောင်မှသာ ကုလသမဂ္ဂ ဘက်က အကူအညီတွေကို လက်ခံမှာ ဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ဖြေကြားဖူးပါတယ်။
ဒေသတွင်း ကူညီကယ်ဆယ်ရေးနဲ့ လူ့အခွင့်အရေး ဆောင်ရွက်သူတွေကတော့ စစ်ကောင်စီ အနေနဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ ညှို နှိုင်းမှုတွေကို လက်မခံဘဲ တင်းခံနေရင် နိုင်ငံတကာ အကူအညီတွေက တကယ် လိုအပ်နေသူတွေဆီ ရောက်ဖို့ ခက်ခဲနေဦးမှာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။