ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ သွားရောက် အကဲခတ်ခဲ့ကြတဲ့ အမေရိကန် လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ဟာ ခရီးစဉ်အတွင်း ဒုက္ခသည် တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
"အဖွဲ့က လေးငါးဦးတော့ ဒီအမေရိကန် ကွန်ဂရက်အဖွဲ့ကလူတွေနဲ့တွေ့ဆုံနိုင်ခဲ့ပါတယ်။ သူတို့ကို အိတ်ဖွင့်ပေးစာလည်းပေးနိုင်ခဲ့ပါတယ်။ သူတို့အဓိကလာတာကတော့ အချက် ၂ခုနဲ့သူတို့လာတယ်လို့ ကျနော်တို့သိရတယ်။ တချက်ကတော့ဘင်္ဂလားဒေရှ် ရွေးကောက်ပွဲကိစ္စလာတယ်ပြောပါတယ်။ နောက်တခုကတော့ ရိုဟင်ဂျာ အရေးကိုဖြေရှင်းနိုင်ရေးအတွက်လာတယ်လို့ပြောကြပါတယ်။"
ဒုက္ခသည်တွေကတော့ တရားမျှတမှုရဖို့နဲ့ ဂုဏ်သိက္ခာရှိရှိ ဘေးကင်းလုံခြုံစွာနဲ့ မူရင်းနိုင်ငံကိုအမြန်ဆုံး ပြန်နိုင်ရေးကိစ္စတွေ ပါဝင်တဲ့ အိတ်ဖွင့်ပေးစာတစောင် ပေးအပ်ခဲ့တယ်လို့လည်း ပြောပါတယ်။ ရိုဟင်ဂျာတွေ လတ်တလောရင်ဆိုင်ရတဲ့ ပြဿနာတွေကိုဖြေရှင်းဖို့နဲ့ စားနပ်ရိက္ခာ အပါအဝင် တခြားစိန်ခေါ်မှုတွေအကြောင်းကိုလည်း အိတ်ဖွင့်ပေးစာမှာ ထည့်သွင်းရေးသားထားတယ်လို့ ပြောပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အထောက်အပံ့ ရန်ပုံငွေဖြတ်တောက်မှုကြောင့် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေချိန်မှာ အမေရိကန် လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ဒုက္ခသည်စခန်းကို မနေ့က လာရောက် အကဲခတ်ခဲ့ကြတာပါ။ ရိုဟင်ဂျာ ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ စိန်ခေါ်မှုတွေကို သိနိုင်ဖို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာတော့ Republican အောက်လွှတ်တော်အမတ် Richard McCormick နဲ့ အာဏာရ Democratic ပါတီအမတ် Ed Case တို့ အပါအဝင် အဖွဲ့ဝင် ၁၁ ဦး လိုက်ပါသွားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဖိနှိပ်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို တိမ်းရှောင်ခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး စီစဉ်နေတာတွေနဲ့ပတ်သတ်လို့လည်း ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေနဲ့ အမေရိကန် လွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့တယ်လို့လည်း ဒုက္ခသည်တွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ခုနှစ်တုန်းက စစ်ဆင်ရေးတွေကြောင့် နောက်ဆက်တွဲ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် တိမ်းရှောင်သွားခဲ့ကြတာပါ။ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည်လက်ခံဖို့ မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ရော ကုလသမဂ္ဂနဲ့ပါ သီးခြားစီ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးခဲ့ပေမဲ့ အခုထိအကောင်အထည်မဖော်နိုင်သေးပါဘူး။