Your browser doesn’t support HTML5
မြန်မာ့သစ်တော ပြုန်းတီးရတာဟာ သစ်ထုတ်ယူမှု တခုတည်းကြောင့် မဟုတ်ဘဲ စိုက်ပျိုးမြေ တိုးချဲ့မှု၊ မြို့ပြချဲ့ထွင်မှု စတာတွေဟာလည်း တောပြုန်းရတဲ့အကြောင်းရင်းတွေ ဖြစ်ပါတယ်။ သစ်တောပြုစုထိန်းသိမ်းရေးမှာ တာဝန်ရှိသူဟာ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကို စစ်အစိုးရလက်ထက် (၁၉၉၄) ကတည်းက ထုတ်ပြန်ကြေညာထားပေမယ့် ဈေးကွက်စနစ် ကျင့်သုံးမှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလာတာကို မဟန့်တားနိုင်ပါဘူး။
သစ်တောထိန်းသိမ်းရေး မူဝါဒတွေ ချမှတ်နေတဲ့ကြားက မြန်မာ့သဘာဝပတ်ဝန်းကျင် ယိုးယွင်ပျက်စီးလာတာ ဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ၂၀၁၁ ကနေ ၂၀၁၃ အထိ အနှစ် (၂၀) ဘက်စုံ စီမံကိန်းချပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပါတယ်။ ငါးနှစ် စီမံကိန်း (၄) ခုနဲ့ အကောင်အထည်ဖော်မယ့် အနှစ် (၂၀) စီမံကိန်း ဖြစ်ပါတယ်။ NLD အစိုးရဟာ ၂၀၁၆ ကနေ ၂၀၂၁ အထိဖြစ်တဲ့ ဒုတိယ (၅) နှစ် စီမံကိန်းအကောင်အထည်ဖော်ဖို့ တာဝန်ကျပါတယ်။ ပထမ (၅) နှစ် စီမံကိန်းကာလမှာ ပတ်ဝန်းကျင်ရေးရာ အစီရင်ခံစာ (၁၈၀) ကို စီစစ် သုံးသပ်တယ်လို့ ဆိုပါတယ်။
စာမျက်နှာ တစ်ရာကျော်ရှိတဲ့ ဒုတိယ (၅) နှစ် စီမံကိန်းမှာ မူဝါဒ (၉) ခုရှိတဲ့အနက် ပြည်သူလူထုနဲ့ဆိုင်တာ (၃) ခု ပါပါတယ်။ ကျေးလက်လူထုရဲ့ အခြေခံ သစ်တောထွက်ပစ္စည်း လိုအပ်ချက် ဖြည့်ဆည်းရေး၊ အိမ်ဆောက်လုပ်ဖို့ လိုအပ်တဲ့ သစ်ကို ဖြန့်ဝေနိုင်ရေး နဲ့ ပတ်ဝန်းကျင်နဲ့ သစ်တောထိန်းသိမ်းရေးမှာ လူထုပါဝင်လာရေး စတတွေ ဖြစ်ပါတယ်။ အစိုးရ ပြောင်းသလို ဝန်ကြီးဌာန အမည်ပြောင်းလာတာ တွေ့ရပါတယ်။ သစ်တောရေးရာဝန်ကြီးဌာနကို ဦးသိန်းစိန်လက်ထက်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာနလို့ အမည်ပြောင်းခဲ့ပြီး၊ NLD အစိုးရလက်ထက်မှာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဖြစ်လာပါတယ်။ နာမည်ပြောင်းတာနဲ့ ဌာနသစ်တွေ ဖွင့်တာဟာ မြန်မာ့ပြုပြင်ရေးမှာ လုပ်ရိုးလုပ်စဉ်လို ဖြစ်နေပေမယ့် လက်တွေ့ပြောင်းလဲတဲ့နေရာမှာ အားနည်းနေတာ တွေ့ရပါတယ်။
သစ်နဲ့သစ်အခြေခံပို့ကုန်ကို ဥရောပနိုင်ငံတွေကို သတ်မှတ်ဈေးနဲ့ ရောင်းတဲ့အခါ တရားဝင်သစ်ဖြစ်ကြောင်း အာမခံတဲ့စနစ်၊ Myanmar Timber Legally Assurance System နဲ့အညီ ဆောင်ရွက်နိုင်ဖို့လည်း ဒုတိယ (၅) နှစ် စီမံကိန်းကာလမှာ သစ်တောစိုက်ခင်းဧက (၁၅၀၀၀) နှစ်စဉ်စိုက်ပျိုးခဲ့ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်တွေကလည်း ကျွန်း၊ သစ်မာ နဲ့ စက်မှုကုန်ကြမ်းကို နှစ်စဉ် စိုက်ပျိုးပါတယ်။ ဒုတိယ (၅) နှစ် စီမံကိန်းမှာ သစ်တောကြိုးဝိုင်းအကျယ်အဝန်းကို တနှစ်မှာ စတုရန်းမိုင် (၃၀၀၀) စီ၊ နှစ်စဉ် (၂၀၂၁) ခုနှစ်အထိ တိုးချဲ့ဖို့ ခန့်မှန်းထားပါတယ်။ ကျွန်းနဲ့သစ်မာ စိုက်ခင်းဧရိယာ (၁၃) ရာခိုင်နှုန်း တိုးလာမယ်လို့ ခန့်မှန်းပါတယ်။
မြန်မာ့လူဦးရေ (၇၀) ရာခိုင်နှုန်းဟာ ထင်းနဲ့မီးသွေးကို အဓိကထား သုံးစွဲနေရတဲ့အတွက် သဘာဝသစ်တောကို မှီခိုအားထားနေရဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျေးရွာပိုင် ထင်းစိုက်ခင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောနဲ့ ပုဂ္ဂလိကပိုင် သစ်တောစိုက်ခင်း တည်ထောင်ရေးကို အားပေးပြီး သစ်ထုတ်လုပ်မှုက ထွက်လာတဲ့ ကိုင်းဖျားကိုင်းနားကို မီးသွေးလုပ်ခွင့် ပြုထားပါတယ်။ ဒေသခံပြည်သူတွေအတွက် ထင်း၊ သစ်၊ တိုင်၊ မျောစတဲ့ အခြေခံ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ရေးနဲ့ သဘာဝသစ်တောကို မှီခိုမှု လျော့နည်းစေရေးအတွက် သစ်တောပြုစုပျိုးထောင်ရေးမှာ ပြည်သူတွေ ပိုမိုပါဝင်လာအောင် ဒုတိယ (၅) နှစ် စီမံကိန်းက ရည်ရွယ်ပါတယ်။ ၂၀၁၅ မတ်လအထိ ပြည်သူအစုအဖွဲ့ (၈၃၂) ဖွဲ့က အဖွဲ့ပိုင်သစ်တောဧက နှစ်သိန်းကျော် တည်ထောင်နိုင်ခဲ့ကြောင်း သိရှိရတာဟာ ကောင်းမွန်တဲ့ အလားအလာ ဖြစ်ပါတယ်။
အစုအဖွဲ့ပိုင် သစ်တောအရေးပါပုံကို သစ်တောသိပ္ပံပါမောက္ခ ဒေါက်တာကျော်တင့်၊ သစ်တောဌာနညွှန်မှူးဟောင်း မန်းကိုကိုကြီး၊ Dr. Springate-Baginiski နဲ့ Duncan Macqueen တို့ကလည်း ၂၀၁၄ မှာ စာတမ်း ထုတ်ဖူးပါတယ်။ အစုအဖွဲ့ပိုင် သစ်တောများရင် များသလို ဝင်ငွေကောင်းလာတာမို့ ကျေးလက်ဆင်းရဲမှု လျော့နည်းလာနိုင်ပါတယ်တဲ့။ ဒီလုပ်ငန်းမှာ ဝင်ငွေကောင်းရင် ဒေသခံပြည်သူတွေ သစ်တောစီမံရေး နဲ့ ထိန်းသိမ်းစောင့်ရှောက်ရေးမှာ စိတ်ဝင်စားလာနိုင်ပါတယ်။ ဒေသခံပြည်သူတွေ မပါရင်တော့ သစ်တောပြုန်းတီးမှု သက်ဆိုးရှည်ဖို့ အလားအလာများတယ်လို့ ဆိုပါတယ်။
အစိုးရစီမံကိန်းမှာ ၂၀၃၀ ခုနှစ်ရောက်ရင် အစုအဖွဲ့ပိုင်သစ်တော ဧကနှစ်သန်းကျော် ရှိလာမယ်လို့ ခန့်မှန်းထားပေမယ့် အခုအချိန်အထိ ရည်ရွယ်ချက်နဲ့ ဆယ်ရာခိုင်နှုန်းလောက်သာ အောင်မြင်သေးတာ တွေ့ရပါတယ်။ အစိုးရဘက်ကရော ပြည်သူလူထုဘက်ကရော ဒေသခံအစုအဖွဲ့ပိုင် သစ်တောတိုးပွားရေးကို အလေးအနက် မထားသေးလို့ တိုးတက်မှု အလွန်နှေးကွေးနေတာကို သုံးသပ်ထားပါတယ်။ မြန်မာ့စီးပွားရေးမှာ အရေးကြီးတဲ့ အသေးစား၊ အလတ်စားလုပ်ငန်းအဖြစ် အစုအဖွဲ့သစ်တောလုပ်ငန်းကို မြှင့်တင်သင့်တယ်လို့ Unleashing the potential of community forest enterprises မှာ အကြံပြုထားပါတယ်။