သဘာဝတောရိုင်း ဘေးမဲ့တော Sanctuary အဖြစ် ထိမ်းသိမ်းဖို့ သတ်မှတ်ထားတဲ့ အင်းလေးဒေသဟာ wetland လို့ခေါ်တဲ့ စိမ့်မြေ အရပ်ပါ။ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ညောင်ရွှေ၊ ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တွေမှာ ၆၄၂.၃၂ စတုရန်းမိုင် အကျယ်ကို ဘေးမဲ့တောအဖြစ် ၁၉၈၅ ခုနှစ်မှာ စတင်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ ASEAN Heritage Parks အာဆီယံ အမွေအနှစ် ဥယာဉ် တခု အဖြစ် သတ်မှတ်တာ ခံခဲ့ရပါတယ်။ ၂၀၁၅ ဇွန်လထဲမှာတော့ ယူနက်စကိုက ဇီဝ အဝန်းနယ်မြေ World Network of Biosphere Reserves ထိမ်းသိမ်းစောင့်ရှောက်ဖို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
အင်းလေးကန်ဟာ ၄၅ စတုရန်းမိုင် ကျယ်ဝန်းပြီး မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံး ကန်ကြီးတခု ဖြစ်ပါတယ်။ ကန်အရွယ်ပမာဏ သိပ်မကြီးပေမယ့် ကမ္ဘာပေါ်မှာ ဘယ်နေရာမှာမှ မတွေ့ရတဲ့ ငါးမျိုးစိတ်တွေ၊ ခရုမျိုးစိတ်တွေ ရှင်သန်တဲ့ နေရာ ဖြစ်ပါတယ်။ စိမ့်မြေပျော် ငှက်အမျိုး ၉၀၊ နေရောင်ခြည် ကောင်းကောင်းရတဲ့ သစ်တောမှာနေတဲ့ ငှက်မျိုးစိတ်က ၂၅၅မျိုး၊ ငါးမျိုးစိတ် ၅၉မျိုး၊ လိပ်မျိုးစိတ် ၃ မျိုး၊ လိပ်ပြာမျိုးစိတ်ပေါင်း ၉၄ မျိုး၊ တွားသွားသတ္တဝါတွေနဲ့ အပင်မျိုးစိတ် အများအပြား ရှိနေပြီး အဲဒီထဲမှာ သစ်ခွမျိုးပေါင်း ၁၈၄ မျိုး၊ ရေမှော်မျိုးက ၁၂ မျိုးလောက် ရှိနေတာပါ။
အခုလို အဖို့တတန် စောင့်ရှောက်ဖို့ လိုနေတဲ့ အင်းလေးဒေသမှာ သဘာဝဝန်းကျင် ထိခိုက်မှုတွေ ရှိနေတယ်လို့ သဘာဝဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က ပြောပါတယ်။
အင်းလေးကန် သဘာဝဝန်းကျင် ပျက်စီးမှုတွေထဲမှာ ရေထုထဲ သြဇာဓါတ်ညစ်ညမ်းမှု ဖြစ် နေတာကို စိုးရိမ်ဖွယ်တွေ့နေရသလို၊ ကန်ရေထု လျော့ပါးလာနေတာ၊ နုံးပြသနာနဲ့ solid waste မစင်အညစ်အကြေး စံနစ်တကျ စွန့်ပစ်မှုမရှိတာ၊ ပြန်လည်ထိမ်းသိမ်းရေးအတွက် အသိပညာဖြန့်ဝေမှု ကောင်းကောင်းမရှိတာ တွေဟာ ဒေသအတွက် စိုးရိမ်စရာတွေပါ။
အင်းလေးမှာ လူလုပ် ကျွန်းမျောစိုက်ခင်းတွေ ရှိပါတယ်။ စိုက်ခင်းထဲက အပင်တွေ အဟာရအတွက် ကျွေးတဲ့ ဓါတ်မြေသြဇာတွေဟာ ကန်ရေထဲ တိုက်ရိုက်ဝင်သွားတာမို့ ဓါတ်မြေသြဇာထဲက နိုက်ထရိုဂျင်နဲ့ ဖေါ့စဖိတ်ဓါတ်တွေလည်း ကန်ထဲရောက်ကုန်ပြီး သြဇာဓါတ် ညစ်ညမ်းမှုကို ဖြစ်စေပါတယ်။
နောက် ကန်ရေကို ညစ်နွမ်းစေတဲ့ ဖြစ်ရပ်က နုံးတင်တာ ဖြစ်ပါတယ်။ ကန်ရဲ့ မြောက်နဲ့ အနောက်ဖက် ရေဝေကုန်းတန်းတွေကနေ ကန်ထဲဝင်တဲ့ ရေဟာ အဲဒီဒေသတွင်း သစ်တော ပြုန်းတီးမှုကြောင့် မြေဆီလွှာတွေ မထိမ်းနိုင်ပဲ နုံးအနှစ်တွေ ပါနေတာပါ။ အခုလို သဘာဝဝန်းကျင် ပျက်စီးမှုတွေ အပြင် လူတွေရဲ့ လုပ်ရပ်ကြောင့်လည်း နုံး ပြသနာ ရှိနေတာပါ။
ဒီပြသနာတွေဖြေရှင်းနိုင်ဖို့ ကန်ပါတ်ဝန်းကျင် မြေကို ထိမ်းသိမ်းပေးရမှာ ဖြစ်ပြီး မြေကို ဘယ်လို အသုံးချရမယ် ဆိုတာကို အစိုးရက ကြီးကြပ်ပြီး စီမံခန့်ခွဲ ပေးဖို့ လိုပါတယ်။
ဟော်တယ်နဲ့ ခရီးသွားလုပ်ငန်းက မျက်စိကျတဲ့ အင်းလေးမှာ အသစ် ဆောက်လုပ် တဲ့ အဆောက်အဦးတွေ ပေါ်လာနေတာမို့ ဆောက်လုပ်ရေးအတွက် မြေတူးရာက နုံး တင်တဲ့ ပြသနာအပြင် မလှမ်းမကမ်းက တီကျစ် ကျောက်မီးသွေးမိုင်းက ရတဲ့ ညစ်ညမ်းမှုတွေက ဝန်းကျင်ကို အထိခိုက်စေဆုံး ဖြစ်ပါတယ်။ စက်လှေတွေက ကျတဲ့ စက်ဆီတွေ ကြောင့်လည်း ရေထု ညစ်ညမ်းမှု တွေ့ရပါတယ်။
အင်းလေးဒေသကို ယူနက်စကိုက ဇီဝ အဝန်းနယ်မြေ အဖြစ် ထိမ်းသိမ်းစောင့်ရှောက်ဖို့ သတ်မှတ်ရုံနဲ့ မပြီးပါဘူး။ ဒေသခံတွေနဲ့အတူ အားလုံးပါဝင် စုပေါင်းပြီး ဝိုင်းဝန်းစောင့်ရှောက်မှ ထိရောက်မှု ရှိမှာဖြစ်ပါတယ်။