သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ သစ်တောပြုန်းတီးမှု ဆက်ရှိဆဲ


မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင်းက သစ်ထုတ်လုပ်ရေးစခန်းများ။
မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင်းက သစ်ထုတ်လုပ်ရေးစခန်းများ။

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ အပြင်းထန်ဆုံးဖြစ်ခဲ့တဲ့ ရေကြီးမှု ဒဏ်ကနေ ပြန်နလန်ထူဖို့ ရုန်းကန်ကြိုးပမ်းနေပါတယ်။ အခု ပြောစမှတ်ဖြစ်နေ တာကတော့ သစ်တောပြုန်းတီးခဲ့မှုကြောင့် အခုလို ထိခိုက်ပျက်စီးမှု ပိုပြင်းထန်သွားရတယ်၊ လူပေါင်း ၁ သန်းကျော် ရေဘေးဒဏ် ခံခဲ့ရပြီး၊ ပြန်လည် ထူတောင်ရေးကုန်ကျမှုဟာ အမေရိကန်ဒေါ်လာ ၁၂၅ သန်းကျော်သွားနိုင်တယ်လို့ ဆိုနေပါတယ်။ အခုလဲ တရုတ်ကို သစ်ခိုးထုတ်မှုဆက်ဖြစ်နေတာကြောင့် သစ်တောဆုံးရှုံးမှု ပိုမြန်နေတယ်လို့ ကုလသမဂ္ဂနဲ့ သဘာဝ ပတ်ဝန်းကျင် အဖွဲ့တွေက ဝေဖန်နေတာကို VOA သတင်းထောက် Ron Cobin သတင်းပို့ထားပါတယ်၊ ကိုဝင်းမင်းက မြန်မာသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတဦးကို မေးမြန်းပြီး၊ စုစည်းတင်ပြ ထားပါတယ်။

ဒီ မုတ်သုန် ရေကြီးမှုကြောင့် ဒီနှစ်အတွင်း လူပေါင်း ၁၀၀ ကျော်သေ ခဲ့ရပြီး၊ နောက်ထပ် လူပေါင်း ၁.၆ သန်းကြောင့် ဒုက္ခရောက်ခဲ့ရပါတယ်။ စပါးစိုက်မြေ အများစုပါတဲ့ လယ်ယာမြေ ဧကပေါင်း ၁ သန်းနီးပါးနဲ့ ငါးကန်တွေ၊ တရိစ္ဆာန်မွေးမြူရေးခြံတွေလဲ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

မုတ်သုန် မိုးကြီးလေကြီးမှုဒဏ် နောက်ဆက်တွဲအနေနဲ့ ဆက်ဖြစ်လာတဲ့ ဒီ အပူပိုင်းဒေသ မုန်တိုင်းတွေကြောင့် နေအိမ်တွေ၊ လမ်းတွေနဲ့ တံတားတွေ ရေထဲမျောပါ ပျက်စီးသွားခဲ့ပါတယ်။

ADB အာရှ ဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်သူ Peter Brimble က ခုလိုဖြစ်ရတာမှာ သစ်တောပြုန်းတီးမှုက အကြောင်းရင်း တခု ဖြစ်တယ်လို့ သုံးသပ်ပြပါတယ်။

“ရေကြီးတာကို လေ့လာလိုက်ရင် ရှင်းပါတယ်၊ သစ်တောပြုန်းတီးမှု က တောင်ကြီးတွေ မှာ ဒါမှမဟုတ် တောင်ငယ်တွေပေါ်မှာဖြစ်နေပါတယ်။ ဒီသစ်တောပြုန်းတီး တဲ့နေရာတွေကြောင့် ရေကြီးမှုဒဏ်တွေ ပိုပြင်းထန်သွားရတာပါ။ ဒါ သိသာတဲ့ သဘောရှိပါတယ်။”

ကုလသမဂ္ဂရဲ့ FAO (ခေါ်) ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကြီးက မြန်မာနိုင်ငံအနေနဲ့ ၂၀၁၀ ခုနှစ်ကနေစပြီး တနှစ်ကို သစ်တော ဧက တစ်သိန်း သုံးသောင်းကျော် ဆုံးရှုံးနေတာကြောင့် အခုလို သဘာဝကပ်ဆိုးကြီး ကြုံရတာလို့ ဝေဖန်ထားပါတယ်။

ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့က မြန်မာရေကြီးမှုကူညီရေး မန်နေဂျာ Richard Casagrande က ဒေသခံတွေအနေနဲ့ တဖြေးဖြေးနဲ့ ပြန်လည်နလန်ထူလာနေချိန်မှာ အဓိကပြောစရာဖြစ်လာတာကတော့ သစ်တောပြုန်းတီးမှုရဲ့ နောက်ဆက်တွဲ ဆိုးကြိုးတွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“တောင်တွေပေါ်မှာ သစ်တောပြုန်းတီးမှုတွေကြောင့် ရေကြီးတာတွေ ဖြစ်လာရတာ၊ ပိုပြင်းထန် သွားရတာ လို့ အများကြီး ဝိုင်းပြောနေကြ ပါတယ်။ တောင်ကျရေကြောင့်ပေါ့ဗျာ ၊ ဒါကို မှန်တယ်လို့ အလိုလို သိထားကြ တယ်လေ။ ဒါပေမဲ့ ကျွန်တော် ဝန်ခံရမှာက ဒီအတွက် ခိုင်မာတဲ့ အထောက်အထား မျိုးတော့ မတွေ့ရသေးဘူးဗျ။ ဒါပေမဲ့လဲ ခုလိုဖြစ်နိုင်တယ်လို့တော့ ယူဆထားကြပါတယ်။”

လန်ဒန်အခြေစိုက် ပတ်ဝန်းကျင်စောင့်ရှောက်မှု စုံစမ်းစစ်ဆေးရေး အေဂျင်စီ EIA ကလည်း မြန်မာနိုင်ငံမြောက်ပိုင်းကနေ တရုတ်နိုင်ငံကို တရားမဝင် သစ် ခိုးထုတ်တဲ့ ပမာဏဟာ တနှစ်ကို သစ်တန်ပေါင်း ၆ သိန်းနီးပါးရှိနေတယ်လို့ ထုတ်ပြန် ထားပါတယ်။ ဒီပမာဏဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ အကြီးမားဆုံးဖြစ်တယ်၊ တရားဝင် သစ်ထုတ်မှု ပိတ်ပင်ထားတဲ့ ကြားက ခုလိုဖြစ်နေတာလို့ ထုတ်ပြန်လိုက်ပါတယ်။

ခုလိုအချိန်မှာ မြန်မာနိုင်ငံက EcoDec လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ ထူထောင်သူ ဦးဝင်းမျိုးသူက-

"ကျနော်တို့ မကြာသေးခင်က မြန်မာနိုင်ငံလုံးဆိုင်ရာ သစ်တောအခြေအနေနဲ့ အဓိက သစ်တောပြုန်းတီးရတဲ့ အကြောင်းရင်းကို လေ့လာတဲ့အခါမှာ သစ်ခိုးထုတ်မှုက အဓိက ကျနေတာတွေကို တွေ့ရပါတယ်ခင်ဗျ။ သစ်ခိုးပြီးတဲ့အချိန်မှာ ကျန်နေတဲ့ တောတွေကို ဒေသခံတွေပဲဖြစ်ဖြစ် ဒေသက စီးပွားရေးသမားတွေ ပဲဖြစ်ဖြစ် ကျန်တဲ့ဝါးတွေ ထင်းတွေ မီးသွေးတွေ ဆက်ထုတ် ဆက်ပြီးတော့ ဒါကို အပြောင်ရှင်း စိုက်ပျိုးရေးလုပ် ဒါမှမဟုတ်ရင်လည်း ရွှေတူးဆိုတော့- အဓိကကတော့ သစ်ခိုးတဲ့ကိစ္စက ပတ်ဝန်းကျင်ပျက်စီးပြုန်းတီးရေးမှာ အဓိက အခယာ ကျနေပါတယ်။"

မြန်မာနိုင်ငံက အဓိက တရုတ်ကိုထုတ်တဲ့ သစ်အမျိုးအစားတွေနဲ့ ပတ်သက်လို့လဲ ဦးဝင်းမျိုးသူက

" တရုတ်ပြည်ကို သွားနေတဲ့ သစ်တွေက တမလန်း နဲ့ ပိတောက်က များတာပေါ့လေ။ အဲ့တော့ အဲ့သစ်တွေက တရုတ်ပြည် နယ်စပ်ဘက်မှာ မရှိတော့ဘူး။ မရှိတော့တဲ့အခါကျတော့ ကျနော်တို့ စစ်ကိုင်းတိုင်းထဲတို့ ရှမ်းပြည် အလယ်ပိုင်းတို့ အထိရောက်အောင် သစ်ယူတဲ့သူတွေက ဝင်ပြီးတော့ ယူကြတယ်။ ခုတ်ကြတယ်။ စဉ်းစားစရာက အဲ့ဒီ့နေရာမှာ အဂတိ လိုက်စားမှုတွေ ပါလာတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒေသဆိုင်ရာ အဖွဲ့စည်းတွေ လက်နက်ကိုင်အဖွဲ့အစည်းတွေ သက်ဆိုင်တဲ့ ဥပဒေကို ထိန်းကျောင်းတဲ့သူတွေရဲ့ ခွင့်ပြုချက်မပါပဲနဲ့ သွားလို့မှ မရတာကိုး။"

ခုလိုအချိန်မှာ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းပြီး မနေ့က နေပြည်တော်မှာ သစ်ခိုးထုတ်မှု လျော့ချရေး ဆွေးနွေးပွဲလုပ်ခဲ့တဲ့အပေါ် ဦးဝင်းမျိုးသူက

" ဆွေးနွေးပွဲတွေကတော့ ဒီ့ထက်ပိုပြီးတော့ တက်တက်ကြွကြွနဲ့ အားထည့်ပြီးတော့ လုပ်ဖို့လိုတယ်။ နိုင်ငံတကာက သံတမန်ရေးရာအရ တွန်းတိုက်တဲ့အခါမှာ အကာအကွယ်ရယုံလောက် ဟန်ပြလုပ်နေတာမဟုတ်ပဲနဲ့ တကယ်အောက်ခြေ အဆင့်မှာတင် ပူးပေါင်းဆောင်ရွက်လို့ ရနိုင်အောင် လုပ်ဖို့လိုတယ်။"

အခုလို မြန်မာနိုင်ငံမှာ သစ်တောပြုန်းတီးမှုကြောင့် ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝဘေးဒဏ်တွေကို ခုခံဖို့ အားနည်းနေတာကို ထောက်ပြနေချိန်မှာ ထိုင်းနိုင်ငံက FAO ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က သိပ္ပံပညာရှင်ကတော့ သုတေသန လုပ်ထားမှုတွေအရ သစ်တောပြုန်းတီးမှုနဲ့ ရေကြီးမှု တိုက်ရိုက်သက်ဆိုင်နေတယ် ဆိုတာအပေါ် သံသယ ရှိနေကြတုန်းပဲလို့ ဆိုပါတယ်။

ဒီ ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ကြီးကပဲ နိုင်ငံပိုင်သစ်တောတွေဟာ ဆင်းရဲမှုတိုက်ဖျက်ရေး၊ အစာရေစာ ဖူလုံရေးနဲ့ အသက်မွေးဝမ်းကြောင်းမှုတွေအပြင် မရှိမဖြစ်အရေးကြီးတဲ့ သက်ရှိမျိုးစုံဆက်ရှင်သန်ရေးအတွက်လည်း အဓိက အခန်းကဏ္ဍမှာ ရှိနေတယ်လို့ ထောက်ပြနေပါတယ်။

XS
SM
MD
LG