မြန်မာပြည်မှာ သစ်တောပြုန်းတီးမှု များလွန်တဲ့အတွက် လက်ရှိဘဏ္ဍာရေးနှစ်မှာ သစ်လုံးထုတ်လုပ်မှုကို တပြည်လုံးမှာ ခေတ္တရပ်ဆိုင်းပြီး၊ ပဲခူးရိုးမမှာတော့ ၁၀ နှစ် ရပ်ဆိုင်းမယ်ဆိုတဲ့ သတင်းကို ဇူလိုင်လက သတင်းမီဒီယာတွေ မှာ ဖော်ပြကြပါ တယ်။ မေလမှာ ကျင်းပတဲ့ သစ်လုပ်ငန်းဌာန အလုပ်ရုံဆွးနွေးပွဲမှာ ကျွန်းပင် ၂၀,၀၀၀ နီးပါးသာရှိတော့တယ်ဆိုတာမို့ ကျွန်းနဲ့သစ်မာ ထုတ်လုပ်မှုကို ၁ နှစ် ရပ်ဆိုင်းခဲ့တာ ဖြစ်ပုံရပါတယ်။ ဒါပေမဲ့ ဒီလို ရပ်ဆိုင်းလိုက်ရုံနဲ့ သစ်တောပြုန်းတီးမှု ကို ဟန့်တားနိုင်ပါ့မလားဆိုပြီး ဆွေးနွေးကြပါတယ်။ အရင်ကလဲ ဒီလိုရပ်ဆိုင်းခဲ့ ဖူးပေမယ့် တောပြုန်းမှုကို မဟန့်တားနိုင်ပါဘူး။
၂၀၁၂ က စပြီး ကျွန်းသစ်ထုတ်လုပ်မှုကို ၁၅%၊ သစ်မာကို ၂၀ % လျော့ချနိုင်ဖို့ အစိုးရက ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။ ပဲခူးရိုးမ သစ်တောကြိုးဝိုင်းတွေမှာ ကျွန်းသစ်ထုတ်လုပ်မှုကို ၇၀% လျော့ချပြီး သစ်မာကို ၃၀% အထိ လျော့ချတယ်လို့ သိရပါတယ်။ ဒါပေမဲ့ တောပြုန်းတဲ့ ပမာဏကတော့ အမြဲတမ်း တိုးပွားနေပါ တယ်။ ဈေးကွက်စနစ် စတင်စဉ်က တိုင်းပြည်ဧရိယာ ၆၀% ကို သစ်တောဖုံးလွှမ်းခဲ့ ရာက ဦးသိန်းစိန်အစိုးရ တက်လာချိန်မှာ တောဖုံးတဲ့ ဧရိယာဟာ ၄၇% အထိ ကျဆင်းလာပါတယ်။ မနှစ်ကတော့ ၄၂% အထိ လျော့ကျသွားပါတယ်။
ဒါပေမဲ့ တိုင်းပြည်ဧရိယာ ၂၁% ကသာ တောကောင်းဖြစ်ပြီး တောပျက်က ၂၁% ရှိပါတယ်။ မြန်မာ့သစ်တောကို တောကောင်း၊ တောပျက်နဲ့ တောနိမ့်ဆိုပြီး ၃ မျိုး ခွဲခြားထားပါတယ်။ နေရောင်ခြည် မဝင်နိုင်လောက်အောင် သစ်ရွက်တွေ ပိတ်နေ တဲ့တောကို ရွက်အုပ်ပိတ်သစ်တော သို့မဟုတ် တောကောင်းလို့ ခေါ်ပါတယ်။ သစ်ထုတ်လုပ်မှုများလာရင် တောကောင်းဟာ တောပျက် ဖြစ်သွားပါတယ်။ ရွက်အုပ်သိပ်သည်းမှု ၁၀% အောက် တောကို တောင်ယာသစ်တော သို့မဟုတ် တောနိမ့်လို့ သတ်မှတ်ပါတယ်။ တိုင်းပြည်ဧရိယာ ၂၂% ဟာ တောနိမ့်တွေ ဖြစ်ပါတယ်။
မြန်မာပြည်အကြောင်းပြောရင် သစ်တောမပါရင် မပြီးပါဘူး။ စီးပွားရေး၊ နိုင်ငံရေးနဲ့ သစ်တော ဆက်စပ်နေတာ ရှေးခေတ်ကတည်းက ဖြစ်ပါတယ်။ ဗမာဘုရင် လက်ထက်ကစပြီး ဒီကနေ့အထိ အစိုးရကို တော်လှန်ပုန်ကန်သူတွေ ဟာ တောထဲမှာ ပုန်းအောင်းခိုလှုံကြတာမို့ ‘တောခို’ တယ်ဆိုတဲ့ စကား ပေါ်ပေါက် လာပါတယ်။ သစ်တောဟာ အဓိကကျတဲ့ သဘာဝသယံဇာတ ပစ္စည်း ဖြစ်တာကြောင့် အစိုးရရော တိုင်းသူပြည်သားရော လက်နက်ကိုင် အုပ်စုတွေရော အသုံးပြုကြပါတယ်။ သစ်တောအသုံးပြုမှုနဲ့ ပတ်သက်ပြီး အစိုးရ နဲ့ ဒေသခံပြည်သူလူထု ထိပ်တိုက်တွေ့တဲ့ အစဉ်အလာတွေ အများကြီး ရှိပါတယ်။ သစ်တောဌာနကို အင်္ဂလိပ်က ၁၈၅၆ ခုနှစ်မှာ တည်ထောင်တာမို့ နှစ်ပေါင်း ၁၆၀ သက်တမ်းရှိတဲ့ဌာန ဖြစ်ပါတယ်။ အဆက်မပြတ် သစ်ထုတ်ယူနိုင်ရေးဟာ အင်္ဂလိပ် အစိုးရရဲ့ သစ်တောလမ်းစဉ် ဖြစ်ပါတယ်။
ကျွန်းပင်ကို ဘုရင့်ပစ္စည်းအဖြစ် မြန်မာမင်းက သတ်မှတ်သလို အင်္ဂလိပ်ကလည်း အစိုးရပိုင်အဖြစ် သတ်မှတ်ပါတယ်။ ကျွန်းသစ်လိုသလောက် အမြဲတမ်းရနိုင်အောင် နဲ့ တောမပြုန်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို အင်္ဂလိပ်က အဓိကထားပါ တယ်။ ဒါကြောင့် ကျွန်းပင်စိုက်ပျိုးရေးနဲ့ ကျွန်းတောထိန်းသိမ်းရေးဟာ သစ်တော ဌာနရဲ့ အဓိကလုပ်ငန်း ဖြစ်လာပါတယ်။ အင်္ဂလိပ်က ကျွန်းတောအားလုံးကို ကြိုးဝိုင်းသစ်တော လုပ်ပစ်လိုက်ပါတယ်။ သစ်တောကြိုးဝိုင်းတွေကို အကွက်ချပြီး ဘယ်အကွက်က စခုတ်မယ်ဆိုတာကို ၁၉၂၀ မှာ စီမံကိန်းချပြီး စတင်လုပ်ကိုင်ပါ တယ်။ ဒါကို ရွေးချယ်ခုတ်လဲှစနစ်လို့ ခေါ်ပါတယ်။ ကျွန်းတောကို အလုပ်တိုက်နယ် ဖွဲ့ပြီး အစီအစဉ်အလိုက် သစ်ခုတ်နည်း ဖြစ်ပါတယ်။ ခုတ်ကွက်စဉ်အတိုင်း သစ်ထုတ်ယူရင် တောမပြုန်းဘဲ အမြဲတမ်းထုတ်ယူနိုင်အောင် အင်္ဂလိပ် ကျင့်သုံးတဲ့ နည်း ဖြစ်ပါတယ်။
စစ်အစိုးရအဆက်ဆက်ဟာ သစ်လုံးရောင်းစားဖို့သာ စိတ်ဝင်စားပြီး သစ်တောပြုစု ပျိုးထောင်ရေးနဲ့ ထိန်းသိမ်းရေးကို လျစ်လျူရှုတာ များပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်ကလည်း သစ်တောနဲ့ ရန်ပုံငွေရှာဖို့ ကြိုးပမ်းပါတယ်။ ၁၉၉၀ ပြည့် လွန်နှစ်တွေက ကော်သူလေး သစ်တောဌာနမှာ အမှုထမ်း ၅၀၀ လောက် ရှိပါတယ်။ စစ်အစိုးရလက်ထက်မှာ ထိုင်းနဲ့တရုတ်ကုမ္ပဏီတွေကို သစ်ထုတ်လုပ် ခွင့် ပေးလိုက်တာဟာ တောပြုန်းရတဲ့ အဓိက အကြောင်းရင်းတခု ဖြစ်ပါတယ်။ ၁၉၉၄ မှာ သစ်မှောင်ခိုမှုနဲ့ စစ်ဗိုလ်တစ်ရာကျော် ထောင်ကျသွားပါတယ်။ မနှစ် ကတော့ တရုတ်ပြည်သား ၁၅၀ ကျော်ကို သစ်ခိုးထုတ်မှု နဲ့ ထောင်ချပြီး မှ ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒီနှစ်ထဲမှာ သစ်မှောင်ခိုမှုပေါင်း ၂,၀၀၀ ကျော် ရှိပါ တယ်။
စစ်အစိုးရတက်လာပြီး မကြာမီ ပြည်တွင်းပြည်ပကုမ္ပဏီတွေကို သစ်ထုတ်လုပ် ခွင့် ပေးချိန်ကစပြီး မြန်မာ့သစ်တော ပြုန်းတီးလာပါတယ်။ အခုတော့ ဒီကိစ္စ ကို ပြည်သူ့လွှတ်တော်မှာလည်း ဆွေးနွေးတာကို တွေ့ရပါတယ်။ Chain-saw (ခေါ်) လက်ကိုင်စက်လွှကို အလွယ်တကူ ဝယ်ယူနိုင်တာဟာလည်း တောပြုန်းမြန်ရတဲ့ အကြောင်းရင်းဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင် က ဆိုပါတယ်။ အိမ်ခြေ ၅၀၀ ရှိတဲ့ရွာမှာ Chain-saw စက်လွှတစ်ရာလောက် ရှိပါ တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဥပဒေပြဌာန်းထားပေမယ့် လက်တွေ့ကျင့်သုံးတဲ့ဘက် က အားနည်းနေတာ ထင်ရှားနေပါတယ်။