ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်
မြန်မာသံတမန်တွေထဲမှာ စစ်အစိုးရကို မကျေနပ်လို့ ကိုယ်တာဝန်ကျတဲ့ တိုင်းပြည်မှာ နိုင်ငံရေးခိုလှုံကြတဲ့ အစဉ်အလာ ရှိပါတယ်။ ၁၉၆၂ နောက်ပိုင်း မဆလ၊ နဝတ၊ နအဖ စတဲ့ စစ်အစိုးရတွေလက်ထက်မှာ နိုင်ငံရေးခိုလှုံပြီး အမိနိုင်ငံကို မပြန်သူတွေ ရှိလာပါတယ်။ ခိုလှုံခွင့်ရတဲ့နိုင်ငံမှာ ငြိမ်းချမ်းစွာ အခြေချနေထိုင်ကြတာ များပါတယ်။ အတိုက်အခံလုပ်သူ အလွန်နည်းပါးပြီး စစ်ပြိုင်အစိုးရ မရှိတာကြောင့် စစ်အစိုးရတွေဟာ မတုန်မလှုပ် ထင်သလို ဆက်လုပ်ကြပါတယ်။ ဒါပေမဲ့ ဒီတကြိမ် ဖြုတ်ချခံရတဲ့ NLD အစိုးရကို သစ္စာခံကြတဲ့ သံအမတ်တွေ ပေါ်ထွက်လာတဲ့အခါ စစ်အုပ်စုဟာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်ပါတယ်။
ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလို NLD အစိုးရကို သစ္စာခံပြီး စစ်အာဏာသိမ်းမှုကို ဝေဖန်ရှုတ်ချတာမျိုး စစ်အုပ်စု တခါမှမကြုံဖူးသေးပါဘူး။ အဲဒါကြောင့် လုပ်ကြံမှုမျိုး ပေါ်ပေါက်လာပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့မြေးဖြစ်သူ ကျော်ကျော်နိုင်ထွန်းရဲ့ မိတ်ဆွေရောင်ရင်း ဖြိုးဟိန်းထွဋ်က ဘန်ကောက်အခြေစိုက် လက်နက်ပွဲစား ဦးအေးကိုနဲ့ လက်တွဲပြီး ဦးကျော်မိုးထွန်းကို ဖယ်ရှားဖို့ စီစဉ်ပုံကို သြဂုတ်လ (၂၇) ရက်နေ့ထုတ် RFA သတင်းလွှာမှာ အသေးစိတ်ဖော်ပြထားပါတယ်။
အခြေခံဥပဒေအရ နိုင်ငံတော်အတိုင်ပင်ခံရာထူးကို တီထွင်ပေးပြီး ငါးကြင်းဆီနဲ့ ငါးကြင်းကျော်တတ်တဲ့ ရှေ့နေဦးကိုနီကို လူသတတ်သမားငှားပြီး သုတ်သင်ပစ်တာဟာ အထင်ရှားဆုံး ဖြစ်ပါတယ်။ အခုလည်း စစ်ကောင်စီကို စိန်ခေါ်နေတဲ့ ဦးကျော်မိုးထွန်းကို အကြမ်းဖက်ဖယ်ရှားဖို့ ကြံစည်ပြန်ပါတယ်။ ဦးကျော်မိုးထွန်းကို အကြမ်းဖက်ဖယ်ရှားဖို့ ကြံစည်တဲ့ နယူးရောက်မြို့နေ မြန်မာနှစ်ဦးကို အမေရိကန် FBI က ဖမ်းဆီးနိုင်တာဟာ ပြည်သူ့အောင်ပွဲတခု ဖြစ်ပါတယ်။ ဦးကျော်မိုးထွန်းရဲ့ရုံးကို မြန်မာ့ဒီမိုကရေစီသမားတွေက နေ့ရောညပါ အလှည့်ကျစောင့်ကြပ်ပေးနေတဲ့အတွက် လုပ်ကြံသူ ဖြိုးဟိန်းထွဋ်နဲ့ ကြံရာပါတဦးကို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာလည်း ဗမာစစ်အုပ်စုက လူသတ်သမားငှားပြီး အကြမ်းဖက်လေ့ ရှိပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ဖွဲ့စည်းထားတဲ့ NCGUB ညွှန့်ပေါင်းအစိုးရအဖွဲ့ဝင်နှစ်ဦးကို စစ်အုပ်စုရဲ့ လူသတ်သမားက သတ်ဖြတ်နိုင်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကိုဝမ်းကို ဒေါက်တာစိန်ဝင်းခေါင်းဆောင်တဲ့ NCGUB ညွန့်ပေါင်းအစိုးရဝန်ကြီးဖြစ်သူ ဦးဝင်းကိုဟာ ယူနန်ပြည်နယ် ကူမင်မြို့က ဟိုတယ်တခုမှာ တည်ခိုးနေစဉ် ၁၉၉၃ မှာ အသတ်ခံလိုက်ရပါတယ်။ တနှစ်ထဲမှာပဲ ဝန်ကြီးအဖွဲ့ဝင် ဦးလှဖေလည်း ဘန်ကောက်မြို့မှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ်။ ဘန်ကောက်မြို့မြန်မာသံရုံးဟာ ထောက်လှမ်းရေးဌာနချုပ်လို ဖြစ်နေပြီး၊ လူသတ်သမားငှားရတာ လွယ်ကူတဲ့အတွက် ဗမာစစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ အောင်မြင်တာ ဖြစ်ပုံရပါတယ်။ စစ်တပ်နဲ့ နီးစပ်တဲ့ လက်နက်ကိုင်အဖွဲ့တွေကို စည်းရုံးသိမ်းသွင်းပြီး လုပ်ကြံသတ်ဖြတ်ခိုင်းတဲ့ အစဉ်အလာလည်း ရှိပါတယ်။ KNU အထွေထွေအတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရမှုကိုကြည့်ရင် တပ်မတော်ထဲမှာလည်း လူသတ်သမား ငှားရမ်းပြီး လုပ်ကြံသတ်ဖြတ်ဖို့ ဝန်မလေးသူတွေရှိကြောင်း သိနိုင်ပါတယ်။
KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူး 'ဖဒိုမန်းရှာလာဖန်း' ဟာ လူချစ်လူခင်များပြီး အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်တဦး ဖြစ်ပါတယ်။ ဒီမိုကရေစီလှုပ်ရှားမှုမှာ အရေးပါတဲ့ခေါင်းဆောင်အဖြစ် ပါဝင်လှုပ်ရှားနေခဲ့သူပါ။ ဒါကြောင့်မို့ တပ်မတော်နဲ့ နီးစပ်တဲ့ DKBA နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီစတဲ့ ကရင်ဂိုဏ်းကွဲတွေက လုပ်ကြံသတ်ဖြတ်တာလို့ ပြောဆိုကြကြောင်း သြဂုတ်လ (၁၁) ရက်နေ့ထုတ် ဧရာဝတီစာစောင်မှာ ဖော်ပြခဲ့ပါတယ်။ လက်ရှိစစ်ကောင်စီမှာ ကာကွယ်ရေးဝန်ကြီးလုပ်နေတဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦးလည်း ဒီလုပ်ကြံမှုထဲမှာ ပါဝင်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဖဒိုမန်းရှာလာဖန်းကို သတ်ဖြတ်တဲ့ ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့မှာ ဗိုလ်ချုပ်ကြီးမြထွန်းဦးဟာ အရှေ့ပိုင်းတိုင်းမှူးဖြစ်ပြီး တပ်မတော်ကိုယ်စားလှယ်ဖြစ်ကြောင်း ဧရာဝတီမှာ ဖော်ပြထားပါတယ်။
နယူးရောက်မြို့က NLD အစိုးရရဲ့ ကုလသမဂ္ဂကိုယ်စားလှယ်ကို ဖယ်ရှားနိုင်ဖို့ ကြံစည်နေချိန်မှာ လန်ဒန်မြို့တော်အခြေစိုက် NLD သံအမတ်ကိုလည်း အိမ်မှာမနေရဲအောင် စစ်ကောင်စီကိုယ်စားလှယ်တွေက ခြိမ်းခြောက်နေတယ်လို့ MAP - Myanmar Accountability Project ရဲ့ ညွှန်ကြားရေးမှူး Chris Gunness က သြဂုတ်လ (၁၆) ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ Christopher Gunness ဟာ ၁၉၈၈ အရေးတော်ပုံအချိန်ကစပြီး မြန်မာ့ဒီမိုကရေစီအရေးကို ကူညီအားပေးနေသူ ဖြစ်ပါတယ်။ ရာဇဝတ်မှု ကျူးလွန်တဲ့ စစ်အုပ်စုဝင်တွေကို တဦးချင်း တရားစွဲနိုင်ဖို့ MAP က ရည်ရွယ်ပါတယ်။
လောလောဆယ်တော့ လန်ဒန်မြန်မာသံအမတ်အမှုကို MAP က ကိုင်တွယ်နေပါတယ်။ CDM မှာ ပါဝင်ကြောင်း ကြေညာတဲ့ မြန်မာသံအမတ် ဦးကျော်စွာမင်း ရုံးမတက်နိုင်အောင် ရည်ရွယ်ပြီး စစ်ကောင်စီလက်အောက်ခံ စစ်သံမှူးနဲ့ သြဇာခံသံဝန်ထမ်းတချို့ဟာ သံရုံးကို သိမ်းပိုက်ထားလိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သံအမတ်နေတဲ့ မြန်မာအစိုးရပိုင်အိမ်ယာကိုတော့ သိမ်းပိုက်လို့ မရပါဘူး။ ဒါကြောင့် သြဂုတ်လ (၁၄) ရက်နေ့ကစပြီး စစ်ကောင်စီသြဇာခံတွေ ဦးကျော်စွာမင်းအိမ်နား ခြေချင်းလိမ်ပြီး ယောင်ပေပေလုပ်ပြနေတာကို အရေးယူဖို့ Chris Gunness က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
==Unicode==