သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်၊ ရုရှားနဲ့ အပယ်ခံအစိုးရများ


Russia Defense Minister Sergei Shoigu - Min Aung Hlaing
Russia Defense Minister Sergei Shoigu - Min Aung Hlaing
တိုက်ရိုက် လင့်ခ်

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

မြန်မာပြည်အတွက် ကုလသမဂ္ဂက တည်ထောင်ထားတဲ့ လူသားချင်းစာနာရေး ရန်ပုံငွေထဲကို မြောက်ကိုရီးယားအစိုးရက ဒေါ်လာ (၃) သိန်းလှူကြောင်း ဇွန်လ (၁၇) ရက်ထုတ် Korea Times သတင်းစာမှာ ဖော်ပြတာဟာ မှားယွင်းမှုသာ ဖြစ်တယ်လို့ ကုလသမဂ္ဂ တာဝန်ရှိ ပုဂ္ဂိုလ်က ရှင်းပြပါတယ်။ တောင်ကိုရီးယားဟာ လှူထားတဲ့ ဒေါ်လာ (၆) သိန်းအပြင် နောက်ထပ် (၃) သိန်း ထပ်လှူတာကို မှားယွင်းဖော်ပြတာလို့ UPI သတင်းမှာ ရှင်းပြပါတယ်။ ကုလသမဂ္ဂကို ဇူလိုင်လ (၁၄) ရက်နေ့က တင်သွင်းတဲ့ မြောက်ကိုရီးယားအစိုးရရဲ့ အစီရင်ခံစာမှာ ရိက္ခာရှားပါးမှုကို အကြီးအကျယ် ရင်ဆိုင်နေရတယ်လို့ ဖော်ပြပါတယ်။

ကိုဗစ်ရောဂါနဲ့ စစ်အာဏာသိမ်းမှု ဖြစ်ပွားနေတဲ့ မြန်မာပြည်အတွက် ကျန်းမာရေး၊ ရိက္ခာနဲ့ ပညာရေး လိုအပ်ချက်တွေ ထောက်ပံ့မယ် ရန်ပုံငွေကို ကုလသမဂ္ဂက မတည်ထားပါတယ်။ ဒေါ်လာ (၂၇၇) သန်း ရှိမယ့် ရန်ပုံငွေ ဖြစ်ပေမယ့်၊ အခုအချိန်အထိ ဒေါ်လာ (၅၁) သန်းသာ ရပါသေးတယ်။ အများဆုံးဒေါ်လာ (၂၄) သန်း ထည့်ထားသူဟာ အမေရိကန်ပါ။ မြောက်ကိုရီးယားကတော့ လူသာချင်းစာနာရေး အကူအညီ ဒီနှစ်ထဲမှာ ဒေါ်လာ (၁၅) သန်းသာ ရရှိပါတယ်။ မြန်မာစစ်ကောင်စီနဲ့ မြောက်ကိုရီးယားဟာ အပယ်ခံအစိုးရတွေ ဖြစ်ကြပြီး တရုတ်နဲ့ရုရှားကို မှီခိုတဲ့နေရာမှာလည်း အသွင်တူကြပါတယ်။

ဗမာစစ်အစိုးရနဲ့ မြောက်ကိုရီးယားအစိုးရဟာ အသွင်တူကြပါတယ်။ ဗမာစစ်အစိုးရတိုင်းဟာ အပယ်ခံဘဝမှာ နေရပါတယ်။ ဦးသိန်းစိန်က ဒေါ်စုကို နိုင်ငံရေးလုပ်ခွင့်ပေးပြီး ပြုပြင်ရေးလုပ်တော့မှ အပယ်ခံဘဝ နိဂုံးချုပ်သွားပါတယ်။ ကင်ဂျုံအန်းက ပြည်ပအန္တရာယ်ကို ရင်ဆိုင်နေရပြီး တပ်ချုပ်မင်းအောင်လှိုင်ကတော့ ပြည်တွင်းဆန့်ကျင်မှုကို ကြုံတွေ့နေရပါတယ်။ အမေရိကန်နဲ့ အီးယူဥရောပအဖွဲ့နိုင်ငံတွေက ဗမာအစိုးရကို လက်နက်ပစ္စည်းမရောင်းဖို့ ပိတ်ပင်ထားတာကြာပါပြီ။ တရုတ်၊ ရုရှား၊ ယူခရိန်း၊ ဆားဘီးယား၊ အစ္စရေးနဲ့ အိန္ဒိယကတော့ ဗမာအစိုးရကို စစ်ပစ္စည်း ရောင်းပါတယ်။ ဒါပေမဲ့ ခေတ်မီဒုံးလက်နက် အတတ်ပညာရဖို့ အခက်အခဲ ရှိပါတယ်။ ဒီနေရာမှာ ရုရှား၊ တရုတ်နဲ့ မြောက်ကိုရီးယားဟာ ဗမာစစ်တပ် မှီခိုအားထားရာ ဆရာတွေ ဖြစ်လာပါတယ်။ တရုတ်နဲ့ ရုရှား စစ်ပစ္စည်း ကိုင်တွယ်ရာမှာ ကျွမ်းကျင်တဲ့ မြောက်ကိုရီးယားဟာ ဗမာစစ်တပ်အတွက် အရေးပါလာပါတယ်။

ဒါကြောင့် ဒဏ်ခတ်အရေးယူခံရလို့ အပယ်ခံဖြစ်သွားတဲ့ အာဏာသိမ်းအစိုးရဟာ မြောက်ကိုရီးယားကို ပြန်လည်အားကိုးနိုင်ပါတယ်။ ဗိုလ်ချုပ်ကြီးသူရရွှေမန်းနဲ့ မြောက်ကိုရီးယား စစ်ဦးချုပ်ရဲ့ နားလည်မှု စာချွန်လွှာ (၃၇) မျက်နှာ ပေါက်ကြားတာကို လူသိများပါတယ်။ အာဏာသိမ်းတပ်ဟာ အပယ်ခံဖြစ်သွားတဲ့ ၁၉၈၈ ကတည်းက တရုတ်ကို မှီခိုလာခဲ့တာ ဖြစ်ပေမယ့် လက်နက်ခဲယမ်းနဲ့ ပတ်သက်ရင်တော့ ရုရှားကိုလည်း အားကိုးလာတာ တွေ့ရပါတယ်။ တပ်ချုပ်မင်းအောင်လှိုင်ဟာ ရုရှားကို မကြာခဏ သွားရောက်သူဖြစ်ပြီး အာဏာသိမ်းပြီးကတည်းက ရုရှားစစ်ပစ္စည်းများကို အဝယ်များလာပါတယ်။ ရုရှားကလည်း မြန်မာတင်မကဘဲ အခြားအာဆီယံနိုင်ငံတွေကိုပါ စည်းရုံးဖို့ ကြိုးပမ်းလာတာ တွေ့ရပါတယ်။

ရုရှားကို ပညာသင်သွားရောက်ကြတဲ့ မြန်မာစစ်ဗိုလ် (၆၀၀၀) ကျော် ရှိနေပြီဆိုတဲ့ သတင်းဟာ ရုရှား အားကိုးမှုကို ပြပါတယ်။ စစ်အာဏာသိမ်းတဲ့နေ့က အသုံးပြုတဲ့ စစ်ကားတွေဟာ ရုရှားလုပ် စစ်ကားတွေ ဖြစ်နေတာကိုကြည့်ရင် ရုရှားပါဝင်တဲ့ အတိုင်းအတာကို ခန့်မှန်းနိုင်ပါတယ်။ တပ်ချုပ်မင်းအောင်လှိုင် ပြုစုပျိုထောင်လာတဲ့ ရုရှား-မြန်မာ စစ်ဘက်ဆက်ဆံရေး အကောင်အထည်ပေါ်လာတဲ့ သဘောဖြစ်ပါတယ်။ တရုတ်နဲ့ ဘက်ပေါင်းစုံ ဆက်ဆံရေးလုပ်တဲ့အခါမှာ စစ်ပစ္စည်းအညံ့စားပါ ဝယ်ယူရတာကို တပ်ချုပ်ကြီး စိတ်ပျက်လာလို့ ရုရှားနဲ့ စစ်ရေးဆက်ဆံမှု တိုးမြှင့်လိုက်တာလို့လည်း မြင်ကြပါတယ်။ ဒါပေမဲ့ နိုင်ငံရေးမှာ ရုရှားက မြောက်ကိုရီးယားကို ပိုပြီးအလေးထားပါတယ်။ ရုရှားသမ္မတဟာ ကင်ဂျုံအန်ကို တွေ့ဆုံပြီး တန်းတူရည်တူ ဆက်ဆံပေမယ့် တပ်ချုပ်ကြီးကတော့ ရုရှားစစ်ဗိုလ်နဲ့သာ တွေ့ခွင့်ရပါတယ်။

တရုတ်-မြန်မာ နယ်စပ်က တိုင်းရင်းသားတပ်ဖွဲ့တွေက တရုတ်စစ်ပစ္စည်း သုံးနေတာ ကြာပြီဖြစ်ပေမယ့် ဗမာစစ်တပ်က ဘာမှမတတ်နိုင်ပါဘူး။ ဒါကြောင့် တပ်ချုပ်ကြီးသန်းရွှေလက်ထက်က မြောက်ကိုရီးယားနဲ့ ချစ်ကြည်ရေးလုပ်ဖို့ ကြိုးပမ်းတာ ဖြစ်ပုံရပါတယ်။ တရုတ်နဲ့ ရုရှားလုပ် စစ်ပစ္စည်းကို ငွေပေးပြီး ဝယ်ရပေမယ့် အလားတူပစ္စည်းကို မြောက်ကိုရီးယားဆီကဝယ်ရင် ငွေအစားဆန်နဲ့ သီးနံှပေးနိုင်တာဟာ ဗမာစစ်တပ်အတွက် အကျိုးအမြတ်တခုပါ။ မြောက်ကိုရီးယားနဲ့ မြန်မာအဖို့ မှီခိုအားထားစရာ နိုင်ငံကြီးတွေဟာ တရုတ်နဲ့ရုရှားသာ ဖြစ်တာမို့ လေးပွင့်ဆိုင် ဆက်ဆံရေးဟာ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။

ရုရှားဟာ လက်နက်ရောင်းဖို့အတွက်သာ မြန်မာကို စိတ်ဝင်စားပုံ ရပါတယ်။ မြန်မာနဲ့ မြောက်ကိုရီးယာဟာ မဟာဗျူဟာကျတဲ့ တရုတ်ရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်လို့ ဒီနိုင်ငံတွေ တည်ငြိမ်ရေးဟာ တရုတ်အဖို့ အလွန်အရေးကြီးပါတယ်။ မြောက်ကိုရီးယားနဲ့ ရုရှားနယ်စပ်ဟာ ဆယ်မိုင်ကျော်သာရှိပြီး၊ တူမင်မြစ်ကို Tumen နယ်ခြားအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ တရုတ်နယ်စပ်ဟာ မိုင်ပေါင်း (၈၇၀) ရှိပြီး တရုတ်ကို (၉၀) ရာခိုင်နှုန်း မှီခိုနေရပါတယ်။ မြန်မာ-တရုတ် နယ်စပ်ဟာ မိုင် (၁၃၂၃) ရှည်လျားတာမို့ ဆက်ဆံရေး အရှုပ်ထွေးဆုံး ဖြစ်နေပါတယ်။


== Unicode ==









XS
SM
MD
LG