[[Zawgyi/Unicode]]
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်တွင်းက ရထားဘူတာရုံမှာ တနင်္လာနေ့က ပေါက်ကွဲမှု ဖြစ်ပြီး ၃ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရကြောင်း စစ်ကောင်စီနဲ့ ဒေသတွင်းမီဒီယာကို ကိုးကားပြီး AFP သတင်းက ဖော်ပြပါတယ်။ ညောင်လေးပင်မြို့နယ် ညောင်လေးပင်ဘူတာရုံအမှတ် (၁) စြင်္ကန် ပလက်ဖောင်းမှာ တနင်္လာနေ့ နေ့ခင်း ၁၂ နာရီခွဲမှာ ပေါက်ကွဲမှုဖြစ်ကြောင်း စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးတို့ကတော့ ပေါက်ကွဲမှုအတွင်းသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၀ ဦးကို ဆေးရုံပို့ဆောင်စဉ်မှာ အမျိုးသမီးတဦး ထပ်မံသေဆုံးခဲ့ကြောင်းလည်း စစ်ကောင်စီက သတင်းထုတ်ပါတယ်။ ဒီပေါက်ကွဲမှုဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ လက်ချက်လို့ စစ်ကောင်စီက ကြေညာချက်မှာပြောဆိုထားပေမယ့် သက်သေအထောက်အထားတွေတော့ ဖော်ပြမထားပါဘူး။
စစ်ကောင်စီကထုတ်ပြန်ထားတဲ့ ပေါက်ကွဲမှုဖြစ်စဉ်ဓာတ်ပုံထဲမှာတော့ ဘူတာရုံ စြင်္ကန်ပေါ်မှာ ခေါင်မိုးပျက်စီးပြုတ်ကျနေတာတွေနဲ့ အပျက်အစီးတချို့ တွေ့ရပါတယ်။ ဒေသခံတွေကိုကိုးကားပြီးဖော်ပြထားတဲ့ ဒေသမီဒီယာမှာလည်း ၃ ဦး သေဆုံးပြီး အနည်းဆုံး ၉ ဦး ဒဏ်ရာရကြောင်း ဖော်ပြထားပါတယ်။ ဒီလပိုင်းတွေအတွင်း နိုင်ငံတွင်းပေါက်ကွဲမှုတွေမှာတော့ စစ်တပ်နဲ့ PDF အဖွဲ့တွေကြား အပြန်အလှန် အပြစ်ဖို့နေကြတာပါ။
ဖေဖော်ဝါရီလ ၉ ရက်နေ့ ညောင်လေးပင်ကတံတားတစင်းကို ညောင်လေးပင်နဲ့ ကျောက်တံခါး ပကဖ တို့ ပူးပေါင်းဖောက်ခွဲဖျက်စီးခဲ့ကြောင်းပြောဆိုထားတဲ့ ပဲခူးဒေသ PDF ဘက်ကတော့ အခု အခင်းဖြစ်ပွားမှုနဲ့ပတ်သက်လို့တော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
Your browser doesn’t support HTML5
===============
[[Unicode]]