(Zawgyi / Unicode)
ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော်တဲ့ ချစ်ကြည်ရေးတံတား အမှတ် ၁ ထိပ် မြဝတီမြို့ဘက်ခြမ်းမှာ ဧပြီ ၂၃ စနေနေ့ညက ကားဗုံးထောင်ပေါက်ကွဲမှု ဖြစ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံဘက်က နယ်စပ်ဒေသကို လုံခြုံရေး တင်းကျပ်ထားလိုက်ကြောင်း Bangkok Post သတင်းစာက ရေးပါတယ်။
စနေနေ့ည ပေါက်ကွဲသံကြီးဟာ မြဝတီရဲ့တဖက်ကမ်း မဲဆောက်မြို့ကတောင် ရှင်းရှင်းလင်းလင်း ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
ချစ်ကြည်ရေးတံတားထိပ်က မြဝတီ စစ်ဆေးရေးဂိတ်ရှေ့မှာ ရပ်ထားတဲ့ ကားထဲမှာ ဗုံးထောင်ထားခဲ့တာ ဖြစ်နိုင်တယ်လို့ ယူဆရပြီး စစ်ကောင်စီဆန့်ကျင်တဲ့ အင်အားစုတွေရဲ့လက်ချက် ဖြစ်နိုင်တယ်လို့ Bangkok Post သတင်းက ရေးပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးချိန်မှာ အဲဒီနေရာနားတဝိုက် လျှပ်စစ်မီး ပြတ်တောက်သွားပြီး သေနတ်ပစ်ခတ်သံ အချက် ၃၀ လောက် ကြားရတယ်လို့ ဆိုပါတယ်။
ဒီပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်က အဆောက်အဦတချို့နဲ့ မော်တော်ကား အတော်များများ ထိခိုက်ပျက်စီးခဲ့ပေမဲ့ ခုချိန်ထိတော့ လူအသေအပျောက် သတင်းကို မကြားရသေးပါဘူး။
ပေါက်ကွဲမှု ဖြစ်ပြီးချိန်မှာ မြန်မာစစ်တပ်နဲ့ BGF နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ပိတ်ဆို့ရှာဖွေကြပါတယ်။ မီးသတ်သမားတွေကလည်း မီးလောင်ကျွမ်းသွားတဲ့ ကားနဲ့ ဘေးပတ်ဝန်းကျင်ကို မီးငြှိမ်းသတ်ခဲ့ပါတယ်။
အခုဆိုရင် Naresuan အရေးပေါ်လုံခြုံရေးကုမ္ပဏီနဲ့ ထိုင်းနယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး မဲဆောက်မြို့မှာ ကင်းလှည့် စစ်ဆေးနေပါတယ်။
မြဝတီတံတားထိပ် ပေါက်ကွဲမှု မတိုင်ခင်မှာ ထိုင်းနိုင်ငံထဲ ခိုးဝင်လာတဲ့ မြန်မာအမျိုးသား ၂၄ ဦးနဲ့ အမျိုးသမီး ၂၅ ဦးတို့ကို ထိုင်းနယ်ခြားစောင့် ကင်းလှည့်တပ်ဖွဲ့က ဖမ်းမိခဲ့ပြီး သူတို့ ၄၉ ဦးကို စစ်ဆေးရာမှာတော့ ဘန်ကောက်နဲ့ တခြားမြို့တွေမှာ အလုပ်အကိုင်ရရှိဖို့ စောင့်ဆိုင်းနေတုန်း ခုလို အဖမ်းခံရတာလို့ ထွက်ဆိုကြပါတယ်။
-------------------------------
(Unicode)