[[Zawgyi/Unicode]]
ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ် မိုးဗြဲမြို့အတွင်း စစ်ဘေးရှောင်တွေ ခိုလှုံနေကြတဲ့ မွေတော် ဘုရားကျောင်းဝင်ထဲမှာ ဒီနေ့ မနက်အစောပိုင်းက လက်နက်ကြီးကျည် ကျရာက်ကျပေါက်ကွဲလို့ ၁၀ နှစ်အောက် ကလေးငယ် ၂ ယောက် အပါအဝင် ၄ ဦး ထိခိုက်သေဆုံးပြီး တခြားသူတွေလည်း ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရခဲ့တဲအ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မြို့ခံတွေက VOA ကို ပြောပါတယ်။ လက်နက်ကြီးကျည်ပြီးတဲ့နောက် မိုးဗြဲမြို့ခံတွေ ကြောက်လန့် ပြောင်းရွှေ့နေပြီး ဈေးဆိုင်တွေက ပစ္စည်းတွေ ရွှေ့ထုတ်နေကြသလို မြို့အတွင်းက လူတွေတော်တော်များများ ဘေးလွတ်ရာကို တိမ်းရှောင် နေကြပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မဆုမွန်က တင်ပြပေးထားပါတယ်။
မွေတော် ဘုန်းကြီးကျောင်းထဲကို လက်နက်ကြီးကျ ပေါက်ကွဲတဲ့အချိန်ဟာ မြန်မာ စစ်တပ်နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေ နှစ်ဘက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ချိန် မဟုတ်ပါဘူး။ ဒေသခံ ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးကတော့ လွိုင်ကော်မြို့နယ်ကနေ မိုးဗြဲမြို့က်ကို လက်နက်ကြီးတွေနဲ့ စစ်ကောင်စီတပ်ဘက်က လှမ်းပစ်ခတ်ခဲ့တာလို့ VOA ကို ပြောပါတယ်။
“လက်နက်ကြီး ကျတာတော့ မွေတော်ဘုရားကျောင်းပရဝုဏ်ထဲမှာ ကျတယ်၊ ရင်ပြင်ထောင့်စွန့်ထဲမှာ ကျတယ်။ ဆိုတော့ အဲ့မှာ ထိခိုက်ဒဏ်ရာရပြည်သူကတော့ ၁၃ ဦးရှိတယ်။ လက်နက်ကြီးထိတာ ၁၃ ဦးရှိတယ်။ ဒီ ၁၀ နှစ်အောက်ကလေး ၂ ဦး နဲ့ အသက် ၅၀ ကျော် လူကြီး ၂ ဦးတော့ ပွဲချင်းပြီး သေဆုံးသွားတယ်ဗျ။ လောလောဆယ်တော့ တိုက်ပွဲဖြစ်ပွားချိန်မရှိဘူးဗျ။ စစ်ကောင်စီကနေ လွိုင်ကော်ဘက်ကနေ ပစ်လာတဲ့ လက်နက်ကြီးဗျ ဟုတ်။"
ထိခိုက်ဒဏ်ရရ သေဆုံးသူတွေရဲ့ ဓါတ်ပုံတွေ လူမှုကွန်ယက်တွေမှာ ပျံ့နှံ့နေပါတယ်။ ထိခိုက် ဒဏ်ရာရရတဲ့ အရေအတွက် သီးခြားအတည်ပြုချက် မရသေးသလို မြန်မာစစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ မိုးဗြဲ မွေတော်ဘုရားကျောင်းအတွင်း စစ်ဘေးရှောင် ခိုလှုံနေကြသူတွေအတွက် မနက်စောစော ထမင်းထုပ်ဝေကြမယ့်အချိန်မှာ လက်နက်ကြီးကျရောက် ပေါက်ကွဲတာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ မနေ့ညကလည်း မိုးဗြဲမြို့အစွန် လူနေ ရပ်ကွက်ဘက်က လက်နက်ကြီးကျလို့ အသက် ၃၀ အရွယ်အမျိုးသားတဦးလည်း ဒဏ်ရာရရှိခဲ့တယ် လို့ ဒေသခံတွေ ပြောပါတယ်။
“နှစ်ဘက် အပြန်အလှန်တိုက်ခိုက်မှုတော့ မရှိဘူး ဒါပေမယ့် လက်နက်ကြီးနဲ့တညလုံး မိုးလင်းပေါက် အထိ ထုတယ်ပေါ့၊ စကစကနေ လှမ်းထုတယ်။ ထုတဲ့အခါ စစ်ရှောင်က မွေတော်ဘုန်းကြီးကျောင်းမှာ ရှောင်တဲ့လူများတယ်ပေါ့၊ ဆိုတော့ အဲ့မှာ ဒီမနက် မနက် ၆နာရီ လက်နက်ကြီးလုံး ကျတယ်။ လက်နက်ကြီးတွေနဲ့ လှမ်းထုနေတာပေါ့။ လှမ်းထုနေတဲ့အခါလည်း အများပြည်သူလည်း ထိခိုက်နစ်နာ မှုတော့ များတာပေါ့နော်။ နေထိုင်မှုအခြေအနေက လုံးအဆင်မပြေတော့ဘူး၊
လူတွေ အမြဲတမ်း ထိပ်လန့်ပြီး ကြောက်လန့်နေကြတယ်။”
ပြီးခဲ့ စက်တင်ဘာ ၈ ရက်ကနေ ၁၂ ရက်နေ့အထိ မိုးဗြဲမြို့မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာ အပါအဝင် လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်ခဲ့တာတွေလည်း ရှိတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဒီနေ့ လက်နက်ကြီးကျ ပေါက်ကွဲမှု ဖြစ်ပွားပြီး ဈေးဆိုင်အတော်များများက ပစ္စည်းတွေ ရွှေ့ထုတ်နေသြလို ဒေသခံတွေ အများစု ဘေးလွတ်ရာကို တိမ်ရှောင်နေကြပြီလို့လည်း မိုးဗြဲကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ဒါကြောင့်မို့လို့ ပြည်သူတော်တော်များများကတော့ လက်နက်ကြီးလမ်းကြောင်း သိပ်မကျလေ့မရှိတဲ့ ဖက်ကိုရော ရှောင်နေကြတယ်။ တချို့ ပြည်သူတွေကတော့ မိုးဗြဲမြို့ရဲ့ တခြားတမြို့ကို ပြောင်းရွှေ့ကြပြီ ပေါ့နော်။ လက်ရှိမြို့ထဲမှာ ရှိတဲ့ ဒီလုပ်ငန်းရှင် ဆိုင်ဖွင့်တဲ့ ဆိုင်တော်တော်များများလည်း ပစ္စည်းတွေ ရွှေ့ထုတ်တယ်ပေါ့နော်။ မြို့ပေါ်လူဦးရေကတော့ ၁၈,၀၀၀ ဝန်းကျင်လောက်ရှိတယ်ဗျ၊ ရှောင်ကြတာ တော့ မြို့ရဲ့ ၄ ပုံ ၁ ပုံလောက်ပဲ ကျန်တော့မယ်ဗျ။”
မိုးဗြဲရဲ့ စစ်ရေးပဋိပက္ခအခြေအနေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ အိုးပစ်အိမ်ပစ် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပြီး စားရေးသောက်ရေး၊ ဆေးဝါး၊ အဝတ်အထည်စတဲ့ အကူအညီတွေ လိုအပ်နေတဲ့ အကြောင်း စစ်ရှောင်တွေနဲ့ ကူညီပေးသူတွေက ပြောဆိုကြပါတယ်။
လက်နက်ကြီးကြောင့် အိမ်ခြေ ၁၂၀ ထက်မနည်း ပျက်စီးခဲ့တဲ့အကြောင်း မိုးဗြဲကယ်ဆယ်ရေးအဖွဲ့က VOA ကို ပြောပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တဲအ့တွက် ထိခိုက်သေဆုံးသူ ၁၂ ဦး ရှိသွားပြီလို့ ပြောပေမဲ့ ဒီ အရေအတွက်နဲ့ ပတ်သက်လို့ သီးခြားအတည်ပြုချက် မရသေးပါဘူး။
ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ် မိုးဗြဲမြို့နယ် ဟာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြား အပြန်အလှန် တိုက်ခိုက်မှုတွေ မကြာခန ပေါ်ပေါက်နေတဲ့ နေရာဖြစ်သလို အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ အပြန်အလှန်စွပ်စွဲပြောဆိုနေတဲ့ နေရာလည်း ဖြစ်ပါတယ်။
===============
[[Unicode]]