ကမ္ဘာ့အင်အားကြီးတရုတ်နိုင်ငံမှာ ဒီမိုကရေစီအခြေတည်ဖို့က အရေးတကြီးလိုအပ်နေတယ်လို့ တီယန်နန်မင်ကျောင်းသားဆန္ဒပြပွဲ အင်အားသုံးဖြိုခွင်းခံခဲ့ရမှု ၃၅ နှစ်ပြည့် အမေရိကန်လွှတ်တော် Rayburn House မှာ ဇွန်လ ၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကြားနာပွဲကို တက်ရောက်ထွက်ဆိုသူတွေက တောင်းဆိုခဲ့ကြပါတယ်။ အိမ်နီးချင်း မြန်မာနိုင်ငံက ရှစ်လေးလုံးလူထုအုံကြွမှုနဲ့ မရှေးမနှောင်းဖြစ်ခဲ့တဲ့ တရုတ် တီယန်နန်မင်ဖြစ်စဥ် နှိင်းယှဥ်သုံးသပ်ချက်နဲ့ အမေရိကန်လွှတ်တော်ကြားနာချက်တွေကို ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြထားပါတယ်။
စျေးဝယ်အိတ်ကလေး လက်ကကိုင်ဆွဲထားတဲ့ အင်္ကျီအဖြူရောင်နဲ့ အမျိုးသားတယောက်ဟာ စစ်တင့်ကားကြီးတွေရဲ့ရှေ့မှာ ရပ်လျက် ရင်ဆိုင်နေတဲ့ သတင်းဓာတ်ပုံတပုံဟာ အခု ရင် နှစ်ပေါင်း ၃၅ နှစ် ကြာမြင့်ခဲ့ပါပြီ။
အဲဒီဓာတ်ပုံကတော့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်က တီယန်နန်မင် ရင်ပြင်အနှံ့ တင့်ကားတွေချပြီး ကျောင်းသားတွေရဲ့ ပြုပြင်ပြောင်းလဲရေး ဆန္ဒပြပွဲတွေကို တရုတ်စစ်တပ်ကဖြိုခွင်းခဲ့တဲ့ သမိုင်းဖြစ်ရပ်ကြီးထဲက ပုံရိပ်ပါ။ ကမ္ဘာ့ဒီမိုကရေစီလှုပ်ရှားမှုမှာ အရေးပါတယ်လို့ သုံးသပ်လေ့ရှိကြတဲ့ လူထောင်ချီသေဆုံးခဲ့ရတဲ့ ဒီ ဖြစ်ရပ်ကြီး ဆယ်စုနှစ် ၄ ခုနီးပါး ရှိလာခဲ့ပေမယ့် ကမ္ဘာ့လူဦးရေအများဆုံး တိုင်းပြည်ကြီး တခုဖြစ်တဲ့တရုတ်နိုင်ငံမှာတော့ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီအတွက် ဆက်လက်တိုက်ပွဲဝင်နေရဆဲလို့ တက်ကြွလှုပ်ရှားသူတွေနဲ့ လေ့လာသူတွေက ပြောကြပါတယ်။ တီယန်နန်မင်ရင်ပြင်ဆန္ဒပြပွဲ ဖြိုခွင်းခံရမှု နှစ်ပတ်လည် လွှတ်တော် ကြားနာပွဲတရပ်ကို ဒီသီတင်းပတ်ထဲ အမေရိကန်လွှတ်တော်မှာ ကျင်းပခဲ့တာမှာ တီယန်နန်မင်လှုပ်ရှားမှုမှာ ကိုယ်တိုင်ပါဝင်ခဲ့သူနဲ့ သုတေသီတွေက အဲဒီလို ပြောတာပါ။
အမေရိကန်လွှတ်တော်ကြားနာပွဲမှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မျက်မြင်သက်သေအဖြစ် တက်ရောက်ခဲ့တဲ့ တီယန်နန်မင်ကျောင်းသားခေါင်းဆောင်ဟောင်း Fengsuo Zhou ကတော့ သူတို့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတယ်လို့ ထွက်ဆိုပါတယ်။
“၁၉၈၉ ခုနှစ်တုန်းက ကျနော်က Tsinghua တက္ကသိုလ်ကျောင်းသားပါ။ ဟူယောင်ဘန်း (Hu Yaobang) ဆုံးပြီး ပြီးချင်း တီယန်နန်မင် ရင်ပြင်မှာ ပထမဆုံးဆန္ဒပြကြသူတွေထဲမှာ ကျနော်ပါခဲ့ပါတယ်။ တီယန်မင်ရင်ပြင်ထဲကို တင့်ကားတွေလှိမ့်ဝင်လာချိန် နောက်ဆုံးကျမှ ကျနော်ထွက်ခဲ့တာပါ။ စစ်သားတွေက ကျနော်တို့ကို သေနတ်တွေနဲ့ ချိန်ထားပါတယ်။ တင့်ကားတစီးကဆိုရင် ကျနော်နဲ့ ပေ ၂၀ လောက်ပဲ ဝေးပါတယ်။”
တပါတီစနစ်ကျင့်သုံးတဲ့တရုတ်ပြည်မှာ စီးပွားရေးပြုပြင်ပြောင်းလဲရေးနဲ့ လွတ်လပ်ခွင့်အတွက်တောင်းဆိုကြတဲ့ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲတွေဟာ ၁၉၈၆ ခုနှစ်နှောင်းပိုင်းကတည်းက စတင်ခဲ့ပါတယ်။ အဲဒီမှာ လွတ်လပ်စွာဟောပြောခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့်တွေကို အတိုင်းအတာတခုအထိ အားပေးခွင့်ပြုပေးခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး Hu Yaobang တယောက် ရာထူးကနေ အတင်းအကျပ် အနားယူခဲ့ရပြီးနောက် သူကွယ်လွန်ချိန် ၁၉၈၉ ခုနှစ် နှစ်ဆန်းမှာ ကျောင်းသားတွေဦးဆောင်တဲ့ ဒီပြုပြင်ပြောင်းလဲရေး တောင်းဆိုမှုတွေက ပိုခိုင်မာလာပြီး နှစ်လယ်ရောက်ချိန် တီယန်နန်မင် ရင်ပြင်မှာ တရုတ် အာဏာပိုင်တွေက အင်အားသုံး ဖြိုခွဲတဲ့အထိ ဖြစ်လာခဲ့တာပါ။
ဒီလို လူထောင်နဲ့ချီသေဆုံးတဲ့အထိ ဖြိုခွင်းခံခဲ့ရပေမယ့် တီယန်နန်မင် ရင်ပြင်က ကျောင်းသားတွေရဲ့စိတ်ဓာတ်ဟာ လက်ရှိ မျိုးဆက်က တက်ကြွလှုပ်ရှားသူတွေအထိ လွှမ်းမိုးနေတယ်လို့ ကြားနာပွဲမှာ တက်ရောက်သူတွေက ထောက်ပြကြပါတယ်။
ဒီကြားနာပွဲကို အမေရိကန်ပြည်ထောင်စုက အထင်ကရ Ivy League ကျောင်းဖြစ်တဲ့ ကိုလံဘီယာတက္ကသိုလ်မှာ ပညာသင်ယူနေတဲ့ အဝေးရောက် တရုတ်လူငယ်ကျောင်းသူတဦးကလည်း “Karin” ဆိုတဲ့ နာမည်ဝှက်နဲ့ တက်ရောက်ထွက်ဆိုခဲ့ပါတယ်။ မျက်နှာဖုံးတပ်ဆင်ထားတဲ့ အဲဒီအမျိုးသမီးငယ်က တရုတ်အစိုးရရဲ့ နောက်ဆက်တွဲ အရေးယူခံရနိုင်ခြေ ရှိပေမယ့် “ဒါက ထိုက်တန်တဲ့ပေးဆပ်မှု” လို့ ဆိုပါတယ်။
“ဒီလို ရုပ်ဖျက်ပြီး ထွက်ဆိုခွင့်ရတာက ကျမရဲ့မိဘတွေဆီကို ရဲတွေ ရောက်လာမှာကို နှောင့်နှေးအောင်လုပ်နိုင်ကောင်းပေမယ့် လုံးဝ ရှောင်လွှဲလို့တော့ ရမှာမဟုတ်ပါဘူး။ ဘယ်လိုပဲ ထိခိုက်နစ်နာနိုင်ပေမယ့် ကျမရဲ့သူငယ်ချင်း တက်ကြွလှုပ်ရှားတဲ့ ကျောင်းသားတွေ ရင်ဆိုင်နေရတဲ့ တရုတ်အစိုးရအေးဂျင့်တွေရဲ့ ခြိမ်းခြောက်၊ နှောင့်ယှက် ကိုယ်ထိလက်ရောက် ကျူးလွန်ခံနေရတာတွေက ဆယ်ဆပိုပါတယ်။”
Karin ဟာ တရုတ်ပြည်မကြီးမှာ နောက်ဆုံးဖြစ်ခဲ့တဲ့ ရှားရှားပါးပါး လူထုစုရုံး ဆန္ဒထုတ်ဖော်မှုတွေဖြစ်တဲ့ ၂၀၂၂ ခုနှစ် ကိုဗစ်ကပ်ရောဂါကာလကန့်သတ်မှုတွေကို ဆန့်ကျင့်ခဲ့ကြတဲ့ စက္ကူဖြူဆန္ဒပြပွဲ (White Paper Protests) တွေကို ထောက်ခံရပ်တည်ပြီး အမေရိကန်ကျောင်းပရိဝုဏ်တွေမှာ လှုံ့ဆော်နေတာပါ။ တရုတ်လူငယ် ကျောင်းသား တက်ကြွလှုပ်ရှားသူတွေဟာ စဥ်ဆက်မပြတ် အကြောက်တရား အောက်မှာရှိနေအောင် ခြိမ်းခြောက်ခံနေရတယ်လို့ သူ့ရဲ့ အတွေ့အကြုံတွေကို Karin က အမေရိကန်လွှတ်တော်မှာ ထွက်ဆိုခဲ့ပါတယ်။ အမေရိကန်က တက္ကသိုလ်တွေမှာ တရုတ်ကျောင်းသား အမြောက်အမြားရှိနေလို့ ဒီလို ခြိမ်းခြောက်မှုတွေကို ကျယ်ကျန်ပြန့်ပြန့်နဲ့ အရေးယူ တုံ့ပြန်နိုင်ဖို့ကိုလည်း သူက တောင်းဆိုခဲ့ပါတယ်။
တရုတ်မျိုးဆက်သစ်ဟာ ဆင်ဆာ ဖြတ်တောက်မှုတွေ၊ ဖိနှိပ်ခြယ်လှယ်မှုတွေရဲ့အောက်မှာ တီယန်နန်မင်ဖြစ်စဥ်လို သွေးစွန်းခဲ့တဲ့ အစိုးရ ဆန့်ကျင့်ရေး သမိုင်းဖြစ်စဥ်တွေကို သိခွင့်မရခဲ့ကြဘူးလို့လည်း ကြားနာပွဲမှာ Karin က ထောက်ပြပါတယ်။ Zhou နဲ့ Karin အပြင် တခြား ထွက်ဆိုသူအားလုံးက တီယန်နန်မင်သမိုင်းကို ထိန်းသိမ်းဖို့နဲ့ တရုတ် နိုင်ငံ မျိုးဆက်သစ်တက်ကြွလှုပ်ရှားသူတွေကို ပံ့ပိုးကူညီဖို့ အရေးကြီးကြောင်း အမေရိကန် လွှတ်တော်မှာ မီးမောင်းထိုး တင်ပြခဲ့ကြပါတယ်။
လက်ရှိ တရုတ် လူ့အခွင့်အရေးအဖွဲ့ကို ဦးဆောင်လှုပ်ရှားနေတဲ့ ကျောင်းသားဟောင်း Zhou ကတော့ တရုတ်နိုင်ငံမှာ ဒီမိုကရေစီ အခြေမတည်နိုင်ရင် ကမ္ဘာ့နိယာမ စံနှုန်းတွေကိုပါ ထိခိုက်လာနိုင်တယ်လို့ ပြောပါတယ်။
“လွန်ခဲ့တဲ့ ၃၅ နှစ်ကနေ ဒီနေ့အချိန်အထိ တီယန်နန်မင်က ပေးခဲ့တဲ့ အရေးကြီးဆုံး သင်ခန်းစာက အမေရိကန်ပြည်ထောင်စုရဲ့ တရုတ် နိုင်ငံဆိုင်ရာ မူဝါဒဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအပေါ် အာရုံစိုက်ဖို့ပဲ ဖြစ်ပါတယ် ။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မရှိခဲ့ရင် တရုတ် အစိုးရဟာ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှု အပါအဝင် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးတွေကို ပိုပြီး ပြင်းပြင်းထန်ထန်နဲ့ ခြိမ်းခြောက်လာမှာပါ။”
လက်တွေ့မှာလည်း တီယန်နန်မင်လို အရေးကြီး ရက်စွဲတွေရဲ့ နှစ်ပတ်လည်အချိန်တွေမှာ တရုတ်ခေါင်းဆောင်တွေဟာ ဒီ သမိုင်းဖြစ်ရပ်တွေကို ဆတ်ဆတ်ထိမခံ ဖြစ်နေဆဲဆိုပြီး နိုင်ငံတကာက သုံးသပ်ကြတယ်။ “တပြည်ထောင်စနစ် နှစ်မျိုး” ဆိုပြီး ပြည်မကြီးထက် လွတ်လပ်မှု ပိုရှိတဲ့ ဟောင်ကောင်မှာတောင် တီယန်နန်မင် နှစ်လည် မတိုင်ခင် ဒီမိုကရေစီလိုလားသူတွေကို အသစ်ပြဌာန်းထားတဲ့ လုံခြုံရေးဥပဒေနဲ့ အရေးယူတာတွေ တွေ့ခဲ့ရပါတယ်။
ဒါပေမယ့် တဘက်မှာလည်း တရုတ်နိုင်ငံဟာ တီယန်နန်မင် ဖြစ်စဥ်တုန်းက ကျောင်းသားလူငယ်တွေ တောင်းဆိုခဲ့ကြတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ဒီနှစ်ပေါင်း ၃၀ ကျော်အတွင်းမှာ သူ့နည်းသူ့ဟန်နဲ့ အောင်မြင်အောင် ဆက်လုပ်နိုင်ခဲ့တယ်လို့ မြန်မာနဲ့ ဒေသတွင်း အရေးတွေကို စောင့်ကြည့်လေ့လာနေတဲ့ မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP Myanmar) က ဒါရိုက်တာ တဦးဖြစ်သူ ဦးအောင်သူငြိမ်းက ဗွီအိုအေကို ပြောပါတယ်။
“၁၉၉၂ ခုနှစ်မှာ တိန့်ရှောင်ဖိန် (Deng Xiaoping) က ပြောခဲ့သလိုပါပဲ။ တံခါးဖွင့်မယ်ဆိုရင် ပြဿနာတွေကတော့ ရှိတာပဲ။ ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုရင်လည်း အခက်အခဲတွေ ရှိပါတယ်။ ဒါပေမယ့် ဒါကို ကြောက်နေလို့ မရဘူး။ ဖွင့်မယ်ဆိုရင် ပိုပြီးတော့ ရဲရဲတင်းတင်း လုပ်ပေါ့ဗျာ။ ပိုပြီးတော့ ဖွင့်ပေါ့။ ကျနော်ကတော့ သူပြောခဲ့တဲ့ဟာကို ထောက်ခံချင်တယ်ဗျာ။”
ဗဟိုချုပ်ကိုင်ထားတဲ့ စီမံကိန်း စီးပွားရေး စနစ်က မအောင်မြင်ဘဲ လူထု ခံစားနေရတာကို နားလည်လို့ တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်က ၁၉၇၈ ခုနှစ်က စပြီး ဈေးကွက်စီးပွားရေးစနစ်ကို တစိုက်စိုက်မတ်မတ်နဲ့ ဦးဆောင် ပြောင်းလဲခဲ့တာကို သူက ဥပမာပေးပါတယ်။ ဒီအချက်က ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံမှာ လူထု အထွေထွေအကျပ်အတည်းကြီးကို ကျောင်းသားတွေက ဦးဆောင် လှုပ်ရှား တောင်းဆိုခဲ့အပြီး စစ်အစိုးရ အဆက်ဆက်က တကယ် အပြောင်းအလဲ လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ် အချက် ဖြစ်တယ်လို့လည်း ဦးအောင်သူငြိမ်းက နှိုင်းယှဥ် သုံးသပ်ပါတယ်။
“ကျနော်တို့ ပြန်ပြီးတော့ သုံးသပ်လိုက်မယ်ဆိုရင်လည်း ကျနော်တို့က တံခါးကိုဖွင့်သလို၊ မဖွင့်သလိုပေါ့ဗျာ။ ရှေ့သွားလိုက်၊ နောက်ပြန်ဆုတ်လိုက်ပေါ့နော်။ စိုးရိမ်စရာမလိုဘဲ ဆက်ပြီးတော့ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ လိုတယ်လို့ ကျနော်မြင်ပါတယ်။”
ဒီအပြောင်းအလဲကို တွန့်ဆုတ်တာမျိုးမရှိခဲ့လို့ ဒီနေ့ ခေတ် တရုတ်ပြည်မှာ လွတ်လပ်မှုပိုင်းမှာထောက်ပြစရာတွေ ရှိပေမယ့် ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားနိုင်ငံကြီးအဖြစ် တရုတ် ပြည်သူတွေကို ဆင်းရဲတွင်းကနေ ဆွဲထုတ်နိုင်ခဲ့သလို မျက်မှောက် ကမ္ဘာ့ရေးရာတွေမှာပဲ သြဇာ လွှမ်းမိုးနိုင်တဲ့အထိ အင်အားကြီးသွားခဲ့တယ်လို့ ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။
ဒါပေမယ့် တီယန်နန်မင် ကျောင်းသားဟောင်း Zhou ကတော့ လူမြင်ကွင်း နေ့ခင်းဘက်မှာ စစ်တင့်ကားတွေသုံးပြီး ကိုယ့်ပြည်သူကိုယ် ပြန်သတ်တဲ့ အစိုးရတရပ်က ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံအများစုရဲ့ ထောက်ခံမှုရနေရင် အဲဒီ အစိုးရဟာ ပြည်တွင်းမှာဖိနှိပ်မှုတွေကို အကန့်အသတ်မဲ့ ကျူးလွန်နေမှာဖြစ်သလို နိုင်ငံတကာမှာလည်း ရန်လိုတဲ့ လုပ်ရပ်တွေ လုပ်နေဦးမှာပဲလို့ ဝီဂါ မွတ်ဆလင်အရေး၊ တိဗက်၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်အရေးကိစ္စတွေကို ဥပမာပေး ထောက်ပြပြီး အမေရိကန် လွှတ်တော်ကြားနာပွဲမှာ ထွက်ဆိုသွားပါတယ်။
Your browser doesn’t support HTML5