ဒီမိုကရက်ပါတီ သမ္မတလောင်းအဖြစ် ဒုသမ္မတဟဲရစ်စ်ကို ထောက်ခံသူတွေတိုး

မီရှီဂန်ပြည်နယ် Kalamazoo မြို့ သမ္မတမဲဆွယ်စည်းရုံးရေးပွဲတခုအတွင်းတွေ့ရတဲ့ အမေရိကန် ဒု-သမ္မတ Kamala Harris (ဇူလိုင် ၁၇၊ ၂၀၂၄)

နိုဝင်ဘာလ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ မပြိုင်တော့ဖို့ သမ္မတဂျိုးဘိုင်ဒန် ကြေညာလိုက်ပြီးနောက် သမ္မတလောင်းအဖြစ် ဒုသမ္မတကမ်မလာဟဲရစ်စ်ကို ဒီမိုကရက် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ အလှူရှင်တွေက ထောက်ခံမှုတွေလည်း တိုးလာနေပါတယ်။ သမ္မတဘိုင်ဒန် ကတော့ ရွေးကောက်ပွဲမှာ နောက်တကြိမ်မပြိုင်တော့ဖို့ မနေ့က ရုတ်တရက် ကြေညာခဲ့ပြီး ပြိုင်ဖက် ရီပတ်ဘလစ်ကန် သမ္မတလောင်ဒေါ်နယ်ထရမ့်နဲ့ ယှဉ်ပြိုင်ဖို့ ဒုသမ္မတဟဲရစ်စ်ကို ထောက်ခံကြောင်းလည်း ပြောဆိုခဲ့တာပါ။

အမေရိကန်မှာ လူဦးရေအများဆုံးပြည်နယ်ဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အထက်လွှတ်တော် အမတ်တဦးလည်းဖြစ်ခဲ့တဲ့ အသက် ၅၉ နှစ်အရွယ် ဒုသမ္မတဟဲရစ်စ်ကလည်း ဒီမိုကရက်ပါတီ သမ္မတလောင်းအဖြစ် အတည်ပြုနိုင်အောင် ကြိုးပမ်းမယ်လို့ ချက်ခြင်းဆိုသလို ကြေညာခဲ့ပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်တမ်းတွေမှာ ဒုသမ္မတရဲ့ ဆောင်ရွက်ချက်တွေအပေါ် အကဲဖြတ်ချက်တွေဟာ သမ္မတဘိုင်ဒင်ရဲ့ လုပ်ရပ်တွေကို ထင်ဟပ်နေပေမဲ့ မဲပေးခွင့်ရှိသူတွေကို ကောက်ယူထားတဲ့ စစ်တမ်းတချို့မှာတော့ သမ္မတဟောင်း ထရမ့်နဲ့ ယှဉ်တဲ့အခါ သမ္မတဘိုင်ဒင်ထက် ဒုသမ္မတဟဲရစ်စ်ကို အနည်းငယ် ပိုထောက်ခံတာ တွေ့ရပါတယ်။

ဆက်စပ်ကြည့်ရှုစရာ Kamala Harris ရဲ့ ဘဝနဲ့ နိုင်ငံရေးဖြတ်သန်းမှု

ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၁၀၀ ကျော်သာ ကျန်တော့တဲ့အချိန်မှာ ဒီမိုကရက်တစ် ပါတီကို ပေါင်းစည်းပြီး၊ ပြိုင်ဖက် သမ္မတဟောင်းထရမ့်ကို အနိုင်ယူဖို့ စွမ်းအားရှိသလောက် လုပ်ဆောင်သွားမယ်လို့လည်း ဒုသမ္မတဟဲရစ်စ်က ကြေညာချက်မှာ ပြောဆိုခဲ့တာပါ။ သမ္မတဘိုင်ဒန်နေရာမှာ အစားထိုးမယ့်သူအဖြစ် ဒုသမ္မတဟဲရစ်စ်ကို ဒီမိုကရက်ပါတီက လက်ခံအတည်ပြုလိုက်မယ် ဆိုရင်တော့ နှစ်ပေါင်း ၂၅၀ နီးပါး အမေရိကန်သမိုင်းမှာ ပထမဆုံး တောင်အာရှဒေသက လူမည်းအမျိုးသမီး သမ္မတလောင်း အဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဒီမိုကရက်ပါတီ သမ္မတလောင်းအဖြစ် ဒုသမ္မတဟဲရစ်စ်ကို ထောက်ခံသူတွေတိုး