သမ္မတဂျိုးဘိုင်ဒန်က လာမယ့် နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ သူပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဇူလိုင် ၂၁ တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒီသတင်းဟာ တကမ္ဘာလုံးက စောင့်စားနေတဲ့သတင်းဖြစ်ပြီး သူ့နေရာမှာ ဝင်ပြိုင်ဖို့ ဒုသမ္မတ Kamala Harris ကို ရွေးချယ်တာဟာလည်း မျှော်လင့်ထားကြတာ ဖြစ်ပါတယ်။ အခု လာမယ့်ရွေးကောက်ပွဲမှာ ဒုသမ္မတ ဟဲရစ်သာ ဝင်ပြိုင်ရင် အခြေအနေ ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါသလဲ။ အမေရိကန် နိုင်ငံရေးစောင့်ကြည့်လေ့လာသူ ဒေါက်တာတင့်ဆွေကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဒေါ်ခင်မျိုးသက်။ ။ အခု သမ္မတထရမ့်ကို ၂၀၂၄ မှာ ရီပတ်ဘလီကင်ပါတီက သူ့ကို သမ္မတလောင်းအနေနဲ့ ဝင်ယှဥ်ပြိုင်ဖို့ ရွေးပြီးပါပြီဆရာ၊၊ အခု ဒီမိုကရက်တစ်ပါတီကနေပြီးတော့ သမ္မတလောင်းအနေနဲ့ ဘယ်သူ့ကိုရွေးမလဲဆိုတာက အခုထက်ထိမရေမရာဖြစ်နေတယ်၊ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိသမ္မတက ကျန်းမာရေးကအစ လူတွေက သိပ်ပြီးတော့ အားမရဘူးဖြစ်နေတယ်။ အခုအချိန်မျိုးမှာ သမ္မတဘိုင်ဒန်ကနေပြီးတော့ ဒီကနေ့ တနင်္ဂနွေနေ့ ဇူလိုင်လ ၂၁ ရက်နေ့မှာ သူ ရွေးကောက်ပွဲမဝင်တော့ဘူးလို့ ကြေညာပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဆရာ ဒေါက်တာတင့်ဆွေရဲ့အမြင်ကိုပြောပြပေးပါ။ ဆရာ့အမြင်ဘယ်လိုရှိပါသလဲဆရာ။
ဒေါက်တာတင့်ဆွေ။ ။ ဟုတ်ကဲ့၊ ဒီသတင်းကို အမေရိကန်ပြည်ထောင်စုသာမက တကမ္ဘာလုံးက စောင့်နေတဲ့ သတင်းဖြစ်ပါတယ်။ သမ္မတဘိုင်ဒန်ကို ဒီမိုကရက်တစ်သမ္မတလောင်းအဖြစ်က သူကိုယ်တိုင်ကနုတ်ထွက်ပေးဖို့ဆိုတဲ့ဖိအားတွေကလည်း သူ့ကွန်ဂရက်စ်နဲ့သူ့ရဲ့ဆီနိတ်တာတွေကရော သူ့ပါတီတွင်းကပါ ဖိအားတွေ တယောက်ပြီးတယောက်ပေးနေတယ်၊ ထောက်ခံမှုကလည်း ဆက်ရှိနေတယ်။ အဲဒီအချိန်မှာ သမ္မတဘိုင်ဒန်ဘာလုပ်မလဲဆိုတဲ့သတင်းကိုစောင့်နေချိန်မှာ အခု မိနစ်ပိုင်းအတွင်းမှာ သမ္မတဘိုင်ဒန်က တရားဝင် သူ ရွေးကောက်ပွဲကိုမဝင်တော့ဘူး၊ သူ့အစား ကင်မလာဟဲရစ္စ်ကိုထောက်ခံပါတယ်ဆိုတဲ့သတင်း တကမ္ဘာလုံးကလည်း စိတ်ဝင်စားပြီး အံ့သြစရာကောင်းတဲ့သတင်းတခုဖြစ်တယ်လို့ ပဏာမ ကျနော်အဲလိုမြင်ပါတယ်ခင်ဗျ။
ဒေါ်ခင်မျိုးသက်။ ။ ဟုတ်ကဲ့ပါ။ အခု သမ္မတဘိုင်ဒန်က ဒုသမ္မတကင်မလာဟဲရစ္စ်ကို ထောက်ခံ endose လုပ်ပါတယ်ဆရာ။ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့ရော ဆရာ ဘယ်လိုမြင်ပါလဲဆရာ။
ဒေါက်တာတင့်ဆွေ။ ။ ဟုတ်ကဲ့၊ ဒီသတင်းမထွက်ခင် တကယ်လို့သာ သမ္မတဘိုင်ဒန်က ရွေးကောက်ပွဲမဝင်တော့ဘူးဆိုရင် ဘယ်သူဖြစ်မလဲဆိုတော့ စူးစမ်းမှု မှန်းဆမှုတွေရှိပါတယ်။ အဲဒီထဲမှာ ကင်မလာဟဲရစ္စ်နာမည်က နံပါတ် (၁) ဖြစ်ပါတယ်။ နံပါတ် (၂) တို့၊ (၃) တို့ဆိုတာက မရေရာဘူးပေါ့နော်။ အရင်သမ္မတအိုဘားမားရဲ့ဇနီး မီရှဲလ်အိုဘားမားရဲ့နာမည်လည်းထွက်တယ်။ စသဖြင့်ပေါ့၊ သို့သော်လည်းပဲ ကင်မလာဟဲရစ္စ်ရဲ့နာမည်က ထိပ်ဆုံးကဖြစ်တော့ အံ့သြစရာတော့ သိပ်မကောင်းဘူး။ ကင်မလာဟဲရစ္စ်ကို ဘိုင်ဒန်က ထောက်ခံမှုပေးခြင်းဟာလည်း ကင်မလာဟဲရစ္စ်အတွက် အင်မတန်မှကြီးမားတဲ့ ထောက်ခံမှုကြီးတခုရတဲ့အတွက် သူ အခု မိနစ်ပိုင်းအတွင်းမှာစရတော့မယ့် သမ္မတလောင်ကမ်ပိန်းအတွက် တွန်းအားကြီးတရပ်ဖြစ်တယ်လို့ မြင်ပါတယ်ခင်ဗျ။
ဒေါ်ခင်မျိုးသက်။ ။ သမ္မတဘိုင်ဒန်ကပြောပါတယ်။ အခု လာမယ့်နိုဝင်ဘာ ၅ ရက်နေ့ ရွေးကောက်ပွဲမှာဆိုလို့ရှိရင် သမ္မတဟောင်းထရမ့်ကိုနိုင်အောင်ပြိုင်နိုင်တဲ့သူက သူပဲရှိတယ်လို့ ပြောထားပါတယ်ဆရာ။ ကင်မလာဟဲရစ္စ်က ထရမ့်ကိုနိုင်,နိုင်ပါ့မလားဆရာ။
ဒေါက်တာတင့်ဆွေ။ ။ ဒီသတင်းကလည်း အင်မတန်မှစိတ်ဝင်စားစရာကောင်းပြီး အင်မတန်မှ မှန်းဆချက်တွေ ပေးကြတဲ့သတင်းဖြစ်ပါတယ်။ ဘိုင်ဒန်ကတော့ အဲလိုပြောတယ်။ တချိန်တည်းမှာ ဟိုဘက်က ရီပတ်ဘလစ်ကန်သမ္မတလောင်းထရမ့်ကတော့ ‘ဟဲရစ္စ်ကတော့ ဘိုင်ဒန်ထက်တောင်မှ နိုင်ဖို့လွယ်ပါသေးတယ်ကွာ’ ဆိုတဲ့ သဘောမျိုး ပြောခြင်းအားဖြင့် ရီပတ်ဘလစ်ကန် ကမ်ပိန်းဟာ ကင်မလာဟဲရစ္စ်ကို လျှော့တွက်မယ့်အနေအထားတရပ်ဖြစ်တယ်။ အဲလိုလျှော့တွက်ရင်တော့ ဒီမိုကရက်သမ္မတလောင်းအတွက် အားသာချက်တခုဖြစ်ပါတယ်။ ဖြစ်လာနိုင်တယ်ပေါ့လေ။ သို့သော်လည်းပဲ နှစ်ဘက်ပြိုင်ဆိုင်မှု သမ္မတလောင်းအစစ်နှစ်ယောက်ပြိုင်ဆိုင်မှုက အခုမှ စကြတော့မှာဖြစ်တဲ့အတွက် ဘာလာမလဲ ကျနော်တို့ပြောလို့မရဘူး။ နှစ်ဘက်လုံးကတော့ သူတို့ယှဥ်ပြိုင်တဲ့တဘက်ပါတီသမ္မတလောင်းကို အပြိုင်အဆိုင် နှိမ်ပြီးတော့၊ ချိုးပြီးတော့၊ အပြစ်တွေထောက်ပြပြီးတော့၊ အားနည်းချက်တွေဖော်ပြပြီးတော့ စကြတော့မှာဖြစ်ပါတယ်။ အဲဒီတော့ အလားအလာကတော့ ကျနော်မြင်ပါတယ်။ ဘိုင်ဒန်ထက် ဟဲရစ္စ်က အခုအသစ်တက်လာတဲ့တယောက်လို အားသစ်အားမာန်တွေနဲ့ယှဥ်ပြိုင်ကြိုးစားမယ်ဆိုရင် ဘိုင်ဒန်ထက်တောင်မှ ဒီမိုကရက်ဘက်ကအလားအလာ ကောင်းနေမလားလို့လည်း မျှော်မှန်းရပါတယ်ခင်ဗျ။
ဒေါ်ခင်မျိုးသက်။ ။ ဆိုတော့ ဒီရွေးကောက်ပွဲက တော်တော်စိတ်ဝင်စားစရာကောင်းလာပြီပေါ့နော်။ အခု ဒုသမ္မတဟဲရစ္စ်ကဝင်ပြိုင်မယ်ဆိုလို့ရှိရင် လူထုအနေနဲ့ အမေရိကန်ရော၊ တကမ္ဘာလုံးအနေနဲ့ရော ဘယ်လိုမျိုးများမြင်မယ်လို့ထင်ပါသလဲဆရာ။
ဒေါက်တာတင့်ဆွေ။ ။ ဒါလည်း တကမ္ဘာလုံး အင်မတန်မှစိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ RNC မှာ ဒေါ်နယ်ထရမ့်နဲ့ သူ့ရဲ့လက်ထောက် သမ္မတလောင်း Vance တို့က ပြောတဲ့ဟာတွေတော့ ကောင်းကောင်းကြားခဲ့ပြီးပြီ။ ဟဲရစ္စ်က သူတရားဝင် သမ္မတလောင်းအဖြစ်ကတော့ အခုမှစကြားရမှာပေါ့လေ။ သို့သော် ထရမ့်နဲ့သူ့ camp က ပြောတဲ့အပြောတွေမှာ အမေရိကန်ပြည်တွင်းရေးမှာလည်း စိုးရိမ်မှုတွေအကြီးအကျယ်ရှိကြတယ်။ ဒီမိုကရေစီနဲ့အမေရိကန်ရဲ့တန်ဖိုးတွေကျဆင်းမယ်၊ အမျိုးသမီးအခွင့်အရေးတွေကျဆင်းမယ်။ တခါ အဖြူမဟုတ်တဲ့လူမျိုးခြားတွေရဲ့အခွင့်အရေးတွေ ကျဆင်းမယ်ဆိုတဲ့ စိုးရိမ်ချက်တွေရှိတယ်။ နိုင်ငံတကာကလည်း နေတိုးအပါအဝင် မဟာမိတ်တွေဟာ ထရမ့်ရဲ့ RNC မှာပြောတဲ့အတိုင်းသာ လုပ်ရင် ကမ္ဘာ့လုံခြုံရေးကိစ္စမှာ သူတို့နဲ့မဟာမိတ်ပြုထားတဲ့ဘက်က ထရမ့်အတွက် စိုးရိမ်မှုတွေ အကြီးအကျယ်ရှိတယ်။ ဟဲရစ္စ်ကတော့ လက်ရှိဆောင်ရွက်နေတဲ့ ဘိုင်ဒန်ရဲ့ နိုင်ငံခြားရေးပေါ်လစီ၊ ဘိုင်ဒန်ရဲ့ပြည်တွင်းရေးပေါ်လစီတွေနဲ့ မကွာတဲ့လမ်းကြောင်းကိုသွားမှာဖြစ်တဲ့အတွက် စိုးရိမ်မှုတွေကို စိုးရိမ်စရာမဟုတ်ပါဘူးလို့သာ ထရမ့်က ချေကောင်းချေရလိမ့်မယ်၊ ချေနိုင်ရင်တော့တမျိုးပေါ့နော်။ ကင်မလာဟဲရစ္စ်ကတော့ ဘိုင်ဒန်ဆောင်ရွက်နေတဲ့ လမ်းကြောင်းတွေနဲ့သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေရော သူ့ရဲ့မဟာမိတ်တွေရောဟာ စိုးရိမ်စရာမရှိသလို မဟာမိတ်မဟုတ်တဲ့ တရုတ်လို နိုင်ငံကလည်းပဲ ထရမ့်ဆိုရင် သူတို့ပိုစိုးရိမ်မှာဖြစ်တယ်။ အီရန်ဆိုရင်လည်း ပိုစိုးရိမ်မှာ ဖြစ်တယ်။ ကင်မလာဟဲရစ္စ်ကဆက်လုပ်မယ်ဆိုလို့ရှိရင်တော့ ဒီမဟာမိတ်နဲ့ နိုင်ငံတကာ ချိန်ခွင်လျှာကလည်း ရှိရင်းစွဲနဲ့သိပ်မကွာတဲ့အနေအထားကို သွားမှာဖြစ်တဲ့အတွက် ဒီသမ္မတလောင်းနှစ်ဦးရဲ့ လာမယ့်မဲဆွယ်ပွဲတွေကနေသာလျှင် ဘာကောင်းမလဲ၊၊ ဘာဆိုးမလဲဖြစ်လာစရာရှိတဲ့အတွက် စိတ်ဝင်စားစရာကောင်းတဲ့ သမ္မတလောင်းနှစ်ယောက်ပြိုင်ပွဲကို စောင့်ကြည့်ဖို့လိုအပ်တယ်လို့ ကျနော် မြင်ပါတယ်ခင်ဗျ။
ဒေါ်ခင်မျိုးသက်။ ။ ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။
ဒေါက်တာတင့်ဆွေ။ ။ ဟုတ်ကဲ့ခင်ဗျာ။ ကောင်းပါပြီခင်ဗျ။
Forum