စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေကြား နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီ ဘက်က ကျေးရွာတွေရှိရာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။ ဒီအတောအတွင်း ခမ်းပတ်မြို့ကနေ ကလေးမြို့ထဲ တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေကတော့ ဆန်ပြတ်လို့ အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကလေးမြို့နယ်ထဲက စစ်ရေးနဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေကို နန်းလောင်ဝ် တင်ပြပေးထားပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်တပ်နဲ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား ဒီလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေက နှစ်ရက် ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး စစ်တပ်စစ်ကြောင်းတွေ ပြန်ဆုတ်သွားပြီးတဲ့နောက် သြဂုတ်လ ၁၄ ရက်နေ့မှာတော့ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ စစ်ဘေးရှောင် ကူညီပေးနေသူတွေက ပြောပါတယ်။
တိုက်ပွဲတွေအတွင်း ကျွန်းချောင်းကျေးရွာကနေ ဆေးခန်းလာပြတဲ့ အရပ်သား ၂ ဦးကို စစ်တပ်ဘက်က မီးရှို့သတ်ဖြတ်သွားတယ်လို့ ကလေး ဒေသခံ စစ်ဘေးရှောင်ကူညီနေသူက အခုလို ပြောပါတယ်။
“၁၁ ရက်နေ့မှာ အပြန်အလှန် ပစ်ခတ်တယ်ခင်ဗျ။ ၁၁၊ ၁၂၊ ၁၃ ရက်လောက်မှာ သူတို့ ပြန်ဆုတ်သွားတယ်။ ကလေးမြို့နဲ့ အနီးဆုံး စက္ကန့်ကျေးရွာပေါ့။ စက္ကန့် ကျေးရွာအဝင် ကျောက်ခွဲစက် ရှိတယ်။ အဲ့ဘေးမှာ စစ်ကောင်စီက ကလေးမြို့တောင်ပိုင်း ကျွန်းချောင်းကျေးရွာကနေ သားအမိပေါ့။ မိခင်ကို ဆေးခန်းသွားပြတယ်ခင်ဗျ။ အဲ့ဒါမှာ သတ်ဖြတ်တယ်။ ဆိုင်ကယ်လည်းမီးရှို့တယ်။ သားအမိ ၂ ယောက်လုံးကိုလည်း မီးရှို့ထားခဲ့တယ်ခင်ဗျ။ လက်နက်ကြီးနဲ့ တောက်လျှောက် ပစ်ခတ်တာရှိတယ်။ ကလေးမြို့နဲ့အနီးဆုံးရှိတဲ့ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်။ ဒီနေ့ဆို တောက်လျှောက်ထုနေတာ။ နေ့ဘက်ထုလိုက် ညဘက်ထုလိုက် တောက်လျှောက်ကိုထုနေတာ။”
စစ်တပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်ကျဆုံးမှု ရှိခဲ့ပြီး စစ်ရေး တင်းမာနေတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ တိုက်ပွဲအခြေအနေနဲ့ အရပ်သားသေဆုံးမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဒီအတောအတွင်း တမူးမြို့နယ်ထဲက ခမ်းပတ်မြို့မှာ ပြီးခဲ့တဲ့လက တိုက်ပွဲတွေကြောင့် ကလေးမြို့ဘက် စစ်ရှောင်နေကြသူတွေကြား ဆန်ရှားပါးပြတ်လပ်လို့ စားသောက်ရေး အခက်ကြုံနေရပြီး စစ်ရှောင်တချို့ကတော့ ခမ်းပတ်မြို့ထဲ ပြန် ဝင်နေထိုင်ဖို့ ကြိုးစားနေကြတယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။
“ပြန်ဝင်နေကြတာပဲ။ တချို့ကတော့ ပစ္စည်းတွေ ဘာတွေ ပြန်သယ်နေကြတဲ့ သူတွေလည်း ရှိတာပေါ့။ အကုန်တော့ မဟုတ်သေးဘူး။ တမိသားစုမှာ နည်းနည်း သွက်သွက်လက်လက် လူတွေပေါ့နော်။ ပြောမယ်ဆို ၂ ယောက် ၃ ယောက်စပေါ့။ အဲ့လိုလေးတွေ အိမ်မှာ ပြန်နေကြတာပဲ ရှိတယ်။ စုံစုံလင်လင်တော့ မဟုတ်သေးဘူးပေါ့နော်။ ခက်ခဲတာ ဒီကတော့ အစားအသောက် ဆန်တွေလည်း သိပ်မရှိတော့ဘူးလေ။ စပါးတွေကလည်း ရောင်းကုန်ကြတာ။ ဆန်စက်တွေကလည်း သိပ်မလည်ဘူးဆိုတော့ ဆန်ဝယ်စရာတောင် သိပ်မရှိတော့ဘူး။ ဒီမှာက ရှိတာလေးက သူတို့အရင်က ၇ သောင်းလောက်နဲ့ စားတာကို အခုက ၈၅/၉၀ လောက်နဲ့ ပြန်ဝယ်ရတာပေါ့။ ဈေးကလည်း တက်တာပေါ့။”
ခမ်းပတ်မြို့ထဲမှာ တိုက်ပွဲတွေမရှိတော့ပေမဲ့ နောက်ထပ် တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်နေရဆဲဖြစ်တာမို့ နေရပ်မပြန်ရဲသူတွေ အများအပြား ရှိနေတာပါ။ တချို့ကတော့ စစ်ရှောင်နေတဲ့ ကာလအတွင်း နေအိမ်တွေ ဖောက်ထွင်းခံရတာ ရှိလို့ နေအိမ်တွေကို ပြန်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။
ခမ်းပတ်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကို စစ်တပ်က ဖမ်းဆီးသွားပြီးတဲ့နောက် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်တို့ ၅ ရက်ကြာတိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်က ရဟတ်ယာဉ်နဲ့ လေကြောင်းကနေ ၂ ကြိမ် ပစ်ခတ်တဲ့အထိ ပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲတွေ စဖြစ်တဲ့အချိန်ကစလို့ ဒီကနေ့အထိ ဒေသခံတွေ စစ်ဘေးရှောင်နေရတာ ရက် ၂၀ ကျော် ကြာလာနေပြီ ဖြစ်လို့ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတာလို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
Your browser doesn’t support HTML5