တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် မြို့လုံးကျွတ်နီးပါး တိမ်းရှောင်ခဲ့ရတဲ့ စစ်ကိုင်းတိုင်း တမူးမြို့နယ် ခမ်းပတ်မြို့က ပြည်သူတချို့ သူတို့နေအိမ်တွေကို ပြန်လာနေကြပြီ ဖြစ်ပါတယ်။ စစ်တပ်ကုန်းနဲ့နီးတဲ့ အမှတ် ၁ ရပ်ကွက်က လူတွေကတော့ အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ပြီး ကျန် ရပ်ကွက်တွေက ကြာသပတေးနေ့ကစပြီး ပြန်လာနေကြတာပါ။ ရန်ကုန်က ပေးပို့ထားတဲ့ ခမ်းပတ်မြို့က နောက်ဆုံးအခြေအနေကို ကိုရန်နိုင်က တင်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ တတိယပတ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF တွေအကြား တိုက်ပွဲ ပြင်းထန်ခဲ့တဲ့နောက် ခမ်းပတ်မြို့က ပြည်သူတွေဟာ ကလေးမြို့နဲ့ အခြား နီးစပ်ရာ ဒေသတွေကို မြို့လုံးကျွတ်နီးပါး ထွက်ပြေး တိမ်းရှောင်ခဲ့ရတာပါ။ ဒီရက်ပိုင်းမှာတော့ ကလေးမြို့မှာ တိမ်းရှောင်နေသူအချို့ နေရပ်ကို စ ပြန်နေကြပြီလို့ ခမ်းပတ်မြို့က ဒေသခံတဦးက ပြောပါတယ်။
“မနေ့က စပြီးတော့ ဒီနေ့ရော ပြန်လာတဲ့သူလည်း ရှိတယ်။ မနက်ဖြန်လည်း သွားမယ့်သူလည်း ရှိတယ်။ လာမယ့်အပတ် အထိပေါ့နော။ အဆင်ပြေရင် ပြေသလို ပြန်လာဖို့တော့ အစီအစဉ်ရှိကြပါတယ်။ အခု ခမ်းပတ်မြို့ထဲမှာတော့ အမှတ် ၁ ရပ်ကွက်မှာတော့ ၄- ၅ အိမ်လောက်ပဲ ဝင်လို့ ရသေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ အမှတ် ၁ ရပ်ကွက်က တပ်ကုန်းနဲ့ နီးတယ်ဆိုတော့ နည်းနည်း စိုးရိမ်ရသေးတယ်ပေါ့။ အမှတ် ၂၊ အမှတ် ၃၊ အမှတ် ၄ တို့ကတော့ ဒီနေ့ပဲ ဝင်ကြဖို့၊ ခေါင်းဆောင်ပိုင်းက ပြောထားတယ်လို့ သတင်းကြားတယ်။ သူတို့ ကားစီစဉ်ပြီးတော့လေ။ ဒီနေ့ သူတို့ ဝင်လိမ့်မယ်။ သူတို့ ကောင်းကောင်း ဝင်လို့ ရပြီ။”
ခမ်းပတ်မြို့က စစ်ရှောင် နောက်တဦးကတော့ အခြေအနေကို စောင့်ကြည့်နေကြောင်းနဲ့ နှစ်ဖက်အပြန်အလှန် တိုက်ခိုက်မှုတွေ ငြိမ်နေတဲ့အတွက် ပြန်လို့ ရနိုင်မယ်လို့ ယူဆကြောင်း ပြောပါတယ်။
“ကျနော်တို့လည်း အခြေအနေ တချက် ပြန်ကြည့်ရမှာပေါ့။ ကလေးတွေနဲ့ ဆိုတော့လေ။ ကျနော် သိသလောက်ကတော့ ဟိုဘက်ဒီဘက် အပစ်အခတ် ရပ်တဲ့ ပုံစံဖြစ်တော့လေ။ အဲဒါကြောင့်မို့ ပြန်လို့ရပြီဆိုတာ ပြောတဲ့ဟာ။ လောလောဆယ်ကတော့ စိတ်ချရပါတယ်။ ကျနော့် အမြင်ပေါ့လေ။ မနက်ဖန်ကတော့ ပြန်မယ့်သူ တော်တော်များတယ်။”
ဒေသခံ အချို့ကတော့ ခမ်းပတ်မြို့ ခရစ်ယာန်များကောင်စီက ဘာသာရေးခေါင်းဆောင်တွေက စစ်ကောင်စီတပ်နဲ့ ဒေသခံPDF တွေအကြား ညှိနှိုင်းခဲ့တာကြောင့် အပစ်အခတ် ရပ်စဲနေတယ်လို့ ပြောဆိုကြပေမဲ့ သီးခြား အတည်ပြုချက်တော့ မရပါဘူး။
ခမ်းပတ်မြို့ဟာ အိန္ဒိယမြန်မာနယ်စပ် ကလေး- တမူးကားလမ်းပေါ်မှာ တည်ရှိပြီး တိုက်ပွဲဖြစ်ပွားချိန်က မြို့ခံ ပြည်သူ အများစုဟာ ကလေးမြို့ဘက်ကို တိမ်းရှောင်ခဲ့တာပါ။ တချို့ကတော့ ကျွန်းတောရေရှင်၊ စော်ဘွားရေရှင်နဲ့ အိန္ဒိယနိုင်ငံဘက်ကို တိမ်းရှောင်သူတွေလည်း ရှိခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ဘက်ကိုတော့ ကလေး ၃၀၀ ကျော် အပါအဝင် မြန်မာနိုင်ငံသား ၇၁၈ ဦးဝင် ရောက်ခဲ့ကြောင်း အိန္ဒိယနိုင်ငံထုတ် သတင်းစာတွေက ဖော်ပြပါတယ်။ ဒီလို ဝင်ရောက်လာသူတွေကို မဏိပူရပြည်နယ် အစိုးရက ရောက်ပြီး ၃ ရက်အကြာမှာ ပြန်လည် မောင်းထုတ်ခဲ့တယ်လို့ မြန်မာနိုင်ငံ ဒုက္ခသည်များကော်မတီ (ကဘော်ဒေသ) နာယက ဦးထန်းဆေးက ပြောပါတယ်။
“ ၃ ရက်မြောက်နေ့မှာပဲ မဏိပူအစိုးရက ဒီဟာ တရားမဝင် ဝင်ရောက်လာသူ၊ အထောက်အထားမဲ့ ဝင်ရောက်လာသူဖြစ်တဲ့အတွက် ပြန်ပြီးမှ နှင်ထုတ်ပါ။ မောင်းထုတ်ပါဆိုတဲ့ စာပြန်ထွက်တယ်။ အဲ့ဒါကြောင့် အိန္ဒိယစစ်တပ်တွေက ကျနော်တို့ မြန်မာစစ်ဘေးရှောင်တွေကို ပြန်မောင်း ထုတ်တယ်လေ။ ဒုက္ခသည်အဖြစ် လက်မခံရင်လည်းပဲ လူသားချင်းစာနာမှုအရ လက်ခံရမယ့် အခြေအနေမျိုး။ အဲဒီအဆင့်မှာ မထားဘဲနဲ့ ပြန်မောင်း ထုတ်တယ်ဆိုတော့ လူသားချင်းစာနာမှု တစက်ကလေးမှ မရှိပဲနဲ့ အင်မတန်မှ ရက်စက်တယ်လို့ ပြောလို့ ရတယ်။”
မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Mr. Zoramthanga ကလည်း စစ်ရှောင် မြန်မာပြည်သူတွေကို နှင်ထုတ်တဲ့အပေါ် လူသားချင်းစာနာမှုအရ လက်ခံပြီး အစားအသောက် ထောက်ပံ့ပေးသင့်ကြောင်း ပြောဆိုခဲ့ပါတယ်။
ခမ်းပတ်မြို့မှာ ဇူလိုင်လ ၂၂ရက်နေ့က တိုက်ပွဲတွေ စတင်ဖြစ်ခဲ့တာပါ။ ၂၃ ရက်နေ့မှာတော့ လက်နက်ကြီး ထိမှန်တာကြောင့် ဒေသခံ အမျိုးသားတဦး သေဆုံးခဲ့ရသလို၊ ၂၅ ရက်နေ့မှာတော့ စစ်ကောင်စီဘက်က လေကြောင်းကပါ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီတိုက်ပွဲကြောင့် ခမ်းပတ်မြို့ပေါ်က ပြည်သူ ထောင်နဲ့ချီပြီး တိမ်းရှောင်ခဲ့ရတာလည်း ဖြစ်ပါတယ်။