စစ်ကိုင်းတိုင်း၊ ကလေး-တမူး ကားလမ်းမကြီးကို တိုက်ပွဲအခြေအနေကြောင့် အသွားအလာ ကန့်သတ်ထားတာ အချိန်ကာလ ၁ လကျော် ကြာလာပြီဖြစ်လို့ ကုန်စည် အသွားအလာတွေ ခက်ခဲနေပြီး၊ မြို့တွင်းမှာ ကုန်စည်စျေးတချို့ သိသိသာသာ တက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကလေးမြို့မှာ ဆန်တအိတ်ကို ပျမ်းမျှ ၁ သောင်းဝန်းကျင်အထိ စျေးတက်သွားပြီး၊ တမူးမြို့မှာလည်း အခြေခံစားသောက်ကုန် စျေးနှုန်းတွေ တက်နေတာလို့ ပြောပါတယ်။ ကလေး-တမူး ကားလမ်းပိတ်လို့ ကြုံနေရတဲ့ အခက်အခဲတွေအကြောင်း ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
အိန္ဒိယနဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအတွက် အရေးပါသလို၊ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေနဲ့ ကူးသန်းသွားလာတဲ့ နေရာမှာလည်း အချက်အချာကျတဲ့ စစ်ကိုင်းတိုင်း၊ ကလေး-တမူး ကားလမ်းမကြီးကို ပိတ်ထားတာ အချိန်ကာလ ၁ လခွဲနီးပါး ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။ ကလေးမြို့မှာ အခုရက်ပိုင်းအတွင်း ဆန်တအိတ်ကို ၁ သောင်းလောက်အထိ စျေးတက်သွားတယ်လို့ ကလေးမြို့ခံတဦးက ပြောပါတယ်။
"ဆန်စျေး အခြေအနေကတော့ ကလေးဘက်မှာ ဧရာမင်း တအိတ်ကို ၉ သောင်းလောက် ဖြစ်နေပြီ။ ဒီရက်ပိုင်းကျမှ ဆန်စျေးတွေ တက်နေတာ။ အရင်တုန်းကတော့ ဆန်စျေးက ၇ သောင်း၊ ၈ သောင်း ကြားလောက်ပဲရှိတယ်။ ကားလမ်းတွေကလည်း ပိတ်တယ်ဆိုတော့လေ။ အဲဒါကြောင့် တက်တာလည်းဖြစ်မယ်။"
တမူးမြို့နယ်က ပန်းသာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ အဖွဲ့ဝင်တွေကို တမူးဒေသခံ ကာကွယ်ရေးတပ်တွေက ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့တုန်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းကစလို့ ပုံမှန်လမ်းကြောင်းဖြစ်တဲ့ ကလေး-တမူး လမ်းမပိုင်းကို အသုံးပြုလို့ မရတော့တာပါ။ တမူးမြို့မှာလည်း စားသုံးဆီ၊ ဆန်နဲ့ အခြေခံ စားသောက်ကုန် အပါအဝင် စက်သုံးဆီ စျေးနှုန်းတွေလည်း တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကြက်ဥတလုံးကို အရင်က ၂၅၀ ပေးဝယ်တာကနေ၊ အခု ၈၀၀ အထိ ဖြစ်နေတာလို့ ပြောပါတယ်။
ဆန်တအိတ်ကို အရင်က ၈ သောင်းခွဲ ပေးရတာကနေ အခုရက်ပိုင်းမှာတော့ ၁ သိန်း ၂ သောင်းအထိ ဈေးတက်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ကားလမ်းပိတ်ထားတာကြောင့် ကုန်အသစ်မဝင်နိုင်ဘဲ ရှိတဲ့အဟောင်းတွေကိုပဲ ထုတ်ရောင်းရတာကြောင့် ဈေးတွေ တက်ကုန်တာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းထဲက ဒေသခံကာကွယ်ရေး အဖွဲ့တွေနဲ့ စစ်ကောင်စီကြားက လက်နက်ကိုင်တိုက်ပွဲ အခြေအနေတွေကြောင့် ကလေး-တမူး ကားလမ်း အသွားအလာ ကန့်သတ်တာတွေက မကြာခဏဆိုသလို ဖြစ်နေသလို၊ ခုတကြိမ်ကတော့ ၁ လကျော်တဲ့အထိ ဖြစ်လာတာပါ။
စစ်ကိုင်းတိုင်းထဲက နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့မှာလည်း ပြီးခဲ့တဲ့ ဇူလိုင်လ အစောပိုင်းကတည်းက မိုးရွာသွန်းတဲ့ အရှိန်ကြောင့် နန်းယွန်း-ရှင်ဗွေယန်ကားလမ်းပိုင်း နေရာတချို့မှာ မြေပြိုတာတွေ ဖြစ်ခဲ့ပါတယ်။ လမ်းအသွားအလာ အခက်အခဲကြောင့် ကုန်တင်ကားတွေ ပြေးဆွဲဖို့ခက်ခဲနေပြီး၊ ကုန်စည်စီးဆင်းမှု ရပ်တန့်နေလို့ မြို့တွင်းထဲမှာ အခြေခံစားသောက်ကုန်နဲ့ စက်သုံးဆီစျေးတွေ အတော်လေး တက်လာနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။