စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းတိုင်းထဲမှာ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေကြရသူတွေက သန်းနဲ့ချီပြီး ရှိနေပါတယ်။ စစ်အာဏာသိမ်းပြီးချိန် ပဋိပက္ခတွေကြောင့် ၂ နှစ် ကျော် ကြာလာတဲ့အချိန်ထိ နေရပ်မပြန်နိုင်ဘဲ တောထဲမှာပဲ စစ်ဘေးရှောင်နေကြရတဲ့ ဒေသခံတွေမှာ ကျန်းမာရေး၊ စားသောက်ရေး နေထိုင်ရေးတွေနဲ့ ကလေးငယ်တွေရဲ့ ပညာသင်ယူရေး စတဲ့ ကိစ္စအဝဝမှာ အခက်အခဲတွေ ပိုများလာနေကြပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုငြိမ်းချမ်းအေးက တင်ပြပေးထားပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်းက ရေရှင်ကျေးရွာအပါအဝင် အနီးဝန်းကျင်ကျေးရွာတချို့က ဒေသခံတွေဟာ တောထဲမှာ စစ်ဘေးရှောင်နေကြရတာ ၂ နှစ်ကျော်ရှိနေကြပါပြီ။ လက်ရှိမှာတော့ ဒီရက်ပိုင်းအတွင်းဖြစ်နေတဲ့ သာစည် ကျေးရွာတိုက်ပွဲကြောင့် လမ်းပမ်းဆက်သွယ်ရေးတွေ ခက်ခဲကုန်ပြီး ကုန်ဈေးနှုန်းတွေ အဆမတန်တက်နေတဲ့အတွက် ရေရှင်ကျေးရွာနဲ့ အနီးဝန်းကျင်က စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အခြေခံပစ္စည်းတွေ အလွယ်တကူ ဝယ်ယူလို့မရကြတာကြောင့် ခက်ခဲနေကြတယ်လို့ ဦးမောင်စိုးက ခုလိုပြောပါတယ်။
“ကုန်စည်စီးဆင်းတဲ့လမ်းတွေကို သူတို့က အကုန်ပိတ်ဆို့ထားတော့ သယ်ဖို့ရာ အခက်အခဲဖြစ်တဲ့ခါကျတော့... ကားခတွေကရော၊ ဆိုင်ကယ်ကယ်ရီတွေကတဆင့် အဲ့လိုမျိုး သယ်ပြီးတော့ ပို့ရတဲ့ကိစ္စမျိုးကျေတော့ အဲ့ဒီမှာ မြို့ပေါ်မှာ ဈေးတက်တာရော။ ဒီမှာ ဆိုင်ကယ်ကယ်ရီတွေနဲ့ သယ်ရတာကြောင့်ရော အဲ့လိုတွေ တဆင့်ဆင့် ပေးကြရတော့ ဈေးတက်နေတာ။ အခု ဓာတ်ဆီဆိုရင် လုံးဝ ဝယ်လို့ မရတော့ဘူးဖြစ်နေတယ်။ တလီတာကို ၅,၅၀၀ ပေးဝယ်ရတယ်ဗျ။ တဂါလံကို ၂၂,၀၀၀ လောက်ဖြစ်နေတာ။ အဲ့ဒါကို လုံးဝဝယ်လို့မရတော့ဘူးဖြစ်နေတာ။ လုံးဝဝယ်မရတော့ ကျနော်တို့မှာ ဟိုနားဒီနားသွားဖို့ကိုတောင် ဆိုင်ကယ်လုံးဝ စီးမရဖြစ်နေတယ်ဗျ။ တချိန်တုန်းက အားဆေးပုလင်းတွေဆိုရင် တလုံးကို ၁,၀၀၀၊ ၁,၅၀၀ ပဲရှိတာ။ အခုဆို ၇,၀၀၀၊ ၈,၀၀၀ အထိ တက်နေတယ်ဗျ။”
ကုန်ဈေးနှုန်းတွေကြောင့်ရော လမ်းပန်းဆက်သွယ်ရေးတွေကြောင့်ပါ ရိက္ခာအလွယ်တကူဝယ်မရလို့ စားသောက်ရေး ခက်ခဲကြရတဲ့အပြင်ကို စစ်ရှောင် ကလေးတွေရဲ့ ပညာသင်ယူခွင့်လည်း ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။ ရေရှင် ကျေးရွာအနီးဝန်းကျင်မှာ ပညာသင့်ယူခွင့်ရနိုင်ဖို့ ကြိုးစာားနေကြရတဲ့ ကလေးအရေအတွက်က ၂၇၀ ကျော်ရှိပြီး လက်ရှိမှာ ဒီကလေးတွေအတွက် ကျောင်းသုံးစာအုပ်တွေကိုတောင် ဝယ်ယူလို့ မရနိုင်ဘူးလို့ ဦးမောင်စိုးက ခုလိုပြောပါတယ်။
“ကျနော်တို့ဘက်မှာ ကျောင်းသားလေးတွေကလည်း ဟိုဘက်ရွာ ဒီဘက်ရွာတွေကလည်း စစ်ရှောင်လာလို့ စစ်ဘေးရှောင်နေရတဲ့ကြားထဲမှာ ကျူရှင်လေးတွေလိုမျိုး သင်တဲ့အခါမှာ စာအုပ်ခဲတံကအစ အကုန် လိုအပ်ချက်တွေ ရှိကြတယ်ဗျ။ ကျနော်တို့ရွာမှာတော့ ၂၇၁ ဦးရှိပါတယ်ဗျ။ ၂၄၀ လောက်ကတော့ (စာအုပ်) လုံးဝမရဘူးဗျ။ ကျန်တဲ့ ၃၀ လောက်ကတော့ လိုအပ်သလောက် ဖတ်စာအုပ်နဲ့ ရေးစာအုပ်တော့ ကျနော်တတ်နိုင်သလောက် လှူနေပါတယ်ဗျ။ ဒီ ၂၃၀ လောက်တော့ စာအုပ်တွေ လုံးလုံး မရနိုင်သေးဘူး ဖြစ်နေတယ်ဗျ။”
စစ်ဘေးရှောင်ကလေးတွေ ပညာရေးအဆက်ပြတ်မသွားစေဖို့ CDM ဆရာတချို့နဲ့ လုပ်အားပေး ဆရာဆရာမ တချို့တို့က ပူးပေါင်းသင်ကြားပေးနေကြပေမယ့် လုံလောက်တဲ့သင်ကြားမှုတွေတော့ မရနိုင်ကြဘူးလို့ ဆိုပါတယ်။
ကန့်ဘလူခရိုင်မှာလည်း ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာတွေကို လုံးဝပြန်မဝင်နိုင်ကြဘဲ အမြဲတမ်းစစ်ဘေးရှောင်နေကြရသူက ၅ သောင်း ဝန်းကျင်ရှိပြီး ကျေးရွာအားဖြင့် ၂၄ ရွာနီးပါးလောက်ရှိတယ်လို့ ကျွန်းလှ၊ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ခံက ပြောပါတယ်။ ကျေးရွာကိုပြန်မဝင်နိုင်ကြတဲ့ စစ်ရှောင်တွေထဲမှာ တခြားမြို့ရွာကို ပြောင်းရွေ့သွားကြသူဦးရေက ၂၀,၀၀၀ ဝန်းကျင်ရှိပြီးတော့ တောထဲမှာ စစ်ဘေးရှောင်နေကြသူ ဦးရေက ၃၀,၀၀၀ ဝန်းကျင်ရှိတယ်လို့ ပြောပါတယ်။
စစ်ဘေးရှောင်တွေက အရင်နှစ်တွေက စိုက်ပျိုးရေးလုပ်နိုင်ပြီး ဝမ်းစာရိက္ခာ သိမ်းဆည်းနိုင်ပေမယ့် ဒီနှစ်က မိုးခေါင်တဲ့အတွက် ကောက်ပဲသီးနှံအထွက်နည်းပြီး ရိက္ခာ မလုံလောက်တာမျိုး ဖြစ်လာနိုင်တဲ့အတွက် ရေရှည်မှာတော့ စစ်ဘေးရှောင်တွေအတွက် ပိုပြီး ခက်ခဲလာနိုင်တယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူ ဒေသခံတဦးက ခုလိုပြောပါတယ်။
“ရေရှည်မှာတော့ ပိုပြီး ခက်ခဲလာနိုင်တယ်ပေါ့နော်။ ရာသီဥတုကလည်း မမှန်တဲ့ခါကျတော့ အခု ဒီနှစ်ဆိုရင် မိုးခေါင်တဲ့နှစ်လို့ ပြောလို့ရတယ်ပေါ့လေ။ စိုက်ပျိုးရေ အဓိက မရတဲ့ခါကျတော့ စစ်ရှောင်တွေက အရင်တုန်းက စစ်ရှောင်ရင်းနဲ့ လယ်လုပ်တာတွေရှိတယ်။ အဲ့တော့ သူတို့ ဘဝရပ်တည်ရေးအတွက် အဆင်ပြေတယ်ပေါ့။ ဒီနှစ်ကျတော့ အရင်နှစ်က စပါးဈေးကလည်း ကောင်းထားတဲ့ခါကျတော့ ရှိသမျှစပါးတွေ ထုတ်ရောင်းထားကြတာပေါ့။ ရောင်းထာားတော့ တရာသီစာ မိုးကုန်လောက်ထိ၊ နောက် စပါးပေါ်ချိန်လောက်ထိလောက်ပဲ စုဆောင်းထားတာတွေ ရှိတယ်ပေါ့လေ။ အဲ့တော့ ဒီနှစ်ကတော့ သေချာတယ်။ အဲ့လို အနေအထားမျိုးဖြစ်လာမှာ မဟုတ်ဘူးပေါ့လေ။ အဲ့တော့ အခြေခံ စားနပ် ရိက္ခာကတော့ အတော့်ကို ရှားပါးမယ့် အနေအထားဖြစ်နေတာပေါ့။”
စစ်ကိုင်းတိုင်းအတွင်းက စစ်ရေးပြင်းထန်တဲ့ ဒေသတွေနဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ နီးကပ်လွန်းတဲ့ ကျေးရွာတွေကတော့ ဒေသခံတွေဟာ ရွာတွင်းမှာ မနေနိုင်ကြဘဲ တောထဲမှာပဲ စစ်ရှောင်နေကြရတာဟာ နှစ်နဲ့ချီနေကြပြီဖြစ်ပါတယ်။ ဒီလို နှစ်နဲ့ချီ ရွာတွင်းပြန်မဝင်နိုင်ဘဲ စစ်ဘေးရှောင်နေကြရတဲ့ ဒေသခံတွေက သိန်းနဲ့ချီပြီး ရှိနိုင်တယ်လို့ စစ်ရှောင်ကူညီသူတွေက ဆိုပါတယ်။
ဒီလို အမြဲတမ်း စစ်ဘေးရှောင်နေကြရတဲ့သူတွေအတွက် ရေရှည်မှာ စားသောက်ရေး ဆေးဝါးရရှိနိုင်မှု ကုသနိုင်မှုတွေအပြင် ကလေးငယ်တွေအတွက် ပညာသင်ယူခွင့် အခွင့်အရေးတွေကလည်းပိုပြီး ခက်ခဲလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဘက်က စစ်ရှောင်တွေရှိတဲ့နေရာကို စစ်ကြောင်းထိုးတာ၊ စစ်ရှောင်စခန်းတွေနဲ့ စာသင်ကျောင်းတွေကို လေကြောင်းကနေ တိုက်ခိုက် တာတွေကြောင့်လည်း ဒေသခံတွေနဲ့ ကလေးငယ်တွေ သေဆုံးမှု များလာတဲ့အတွက် ဒေသခံတွေအတွက် ပိုပြီး သတိထားစရာဖြစ်လာတယ်လို့ ဆိုပါတယ်။
စ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်၊ တိုက်ပွဲတွေနဲ့ လေကြောင်းက ပစ်ခတ်တိုကခိုက်မှုတွေကြောင့် မန္တလေးတိုင်းက ဒေသတချို့နဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ သေဆုံးသူတွေနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်အရေအတွက်ဟာ တနေ့ထက်တနေ့ ပိုပြီး တိုးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသကျေးရွာတွေကိုအခြေစိုက်ပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတာကြောင့် နယ်မြေရှင်းလင်းရေးလုပ်နေတာဖြစ်တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြလေ့ရှိပါတယ်။
စစ်ရေးပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံတဝန်း ပြည်တွင်းမှာပဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူဦးရေဟာ အခုဆိုရင် ၁.၉ သန်းနီးပါးအထိရှိလာကြောင်း ဒီလထဲ ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ နောက်ဆုံးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီအထဲမှာ လူဦးရေ ၁.၆ သန်း နီးပါးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ပဋိပက္ခတွေနဲ့ လုံခြုံမှုကင်းမဲ့လာတဲ့ အခြေအနေအောက်မှာ နေရပ်စွန့်ခွာ ထွက်ပေးလာကြသူတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5