သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းနဲ့ကရင်နီဒေသတွင်း စစ်ကောင်စီကျူးလွန်မှု တိုးမြင့်လာ


ပုလဲမြို့နယ်ကျေးရွာတချို့ စစ်ဘေးရှောင်နေရ
ပုလဲမြို့နယ်ကျေးရွာတချို့ စစ်ဘေးရှောင်နေရ

မြန်မာစစ်ကောင်စီနဲ့ သူ့လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေဟာ အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာတွေကို ဗုံးကြဲ တိုက်ခိုက်တာ၊ ကျေးရွာတွေကို မီးရှို့တာလို စစ်ရာဇဝတ်မှုတွေကို ပိုပြီး ပြောင်ကျကျ တိုးလုပ်လာနေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့ IIMM က ထုတ်ပြန်ပါတယ်။ IIMM ရဲ့ နောက်ဆုံးအစီရင်ခံစာမှာ ထောက်ပြထားတဲ့ စစ်ရာဇဝတ်မှုတွေဟာ စစ်ကိုင်းနဲ့ ကရင်နီလို ဒေသတွေမှာတော့ နေ့စဥ် ကြုံတွေ့နေရတာဖြစ်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောကြပါတယ်။ ဒီအကြောင်းသတင်းပေးပို့ချက်ကို မမြသဇင်အောင် က တင်ပြပေးထားပါတယ်။

မြန်မာစစ်တပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ အာဏာသိမ်းပြီး နောက်ပိုင်းကစလို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ အရပ်သားတွေ နေထိုင်တဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်တာ၊ ရွာလုံးကျွတ်မီးရှို့တာ စတဲ့ စစ်ရာဇဝတ်မှုတွေကို မကြာခဏ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ် ဆိုတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေရှိတဲ့အကြောင်း သြဂုတ်လ ၈ ရက်၊ အင်္ဂါနေ့ကထုတ်ပြန်တဲ့ IIMM ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်နေခဲ့တဲ့ကရင်နီ ဒေသတွင်းမှာဆိုရင် စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ကျေးရွာတွေထဲ ဝင်ရောက် နယ်မြေရှင်းလင်းတာလို တိုက်ခိုက်မှုတွေအတွင်း ကရင်နီပြည်သူ အယောက် ၅၀၀ နီးပါး သေဆုံးခဲ့ရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့တည်ထောင်သူ ကိုဗညားက ပြောပါတယ်။

"တိုက်ပွဲတွေဖြစ်တယ်။ လူထုတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ကျနော်တို့တွေ့ရတယ်။ နောက်အိုး အိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။ နောက် လူသားဒိုင်းအနေနဲ့ အသုံးပြုတယ်။ ညှင်းပမ်း နှိပ်စက်တာတွေ လုပ်တယ်။ အခြားတဘက်မှာ ဘာကို ထောက်ပြလို့ရလဲဆိုတော့ ကရင်နီပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုရင် မိုဆို (ရွာ) မှာ ဖြစ်ခဲ့တဲ့ လူအယောက် ၃၀ ကို အစုလိုက် အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိတယ်။ နောက် ခြောက်မိုင်ဘက်မှာ လူ ဆယ်ဂဏန်း ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိတယ်။ နောက် လွိုင်ကော်မြို့နားမှာ လူ ၇ ဦးကို ကြိုးတုပ်သတ်ဖြတ်ခဲ့တာတွေ၊ ဒါတွေက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပြင် ခုနောက်ပိုင်း ပိုဆိုးလာတာက ကျောင်းတွေအပြင် လူထုတွေရှိတဲ့ ဆေးရုံ ဆေးခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာက အဆိုးရွားဆုံးသော လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ ပုံစံတွေကို တွေ့ရပါတယ်။"

IIMM အစီရင်ခံစာမှာ စစ်ကောင်စီကျူးလွန်ခဲ့တဲ့စစ်ရာဇ၀တ်တွေထဲမှာ အထင်ရှားဆုံးကတော့ လူပေါင်း ၁၅၅ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ ၂၀၂၃ ခုနှစ် ဧပြီလက စစ်ကိုင်းတိုင်းထဲမှာ ဖြစ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒီနှစ် ဧပြီလ ၁၁ ရက်နေ့က ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ရတာကို ရည်ညွှန်းပြီး စစ်တပ်ဟာ အရပ်သားတွေကိုမရှောင်ဘဲ အင်အား အလွန်အကျွံသုံးတိုက်ခိုက်တာ၊ ကျေးရွာတွေကို မီးရှို့တာတွေရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၃ ဇူလိုင်လအထိ စစ်တပ်အာဏာသိမ်းထားတဲ့ အချိန် ၂ နှစ်ခွဲအတွင်း နိုင်ငံတဝန်းမှာ လူငါးဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၁၄၄ ကြိမ်ရှိခဲ့ပြီး အရပ်သား ၁,၅၉၅ ဦး သေဆုံးခဲ့တယ်လို့ ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနကလည်း ပြီးခဲ့တဲ့ ဇူလိုင် ၃၁ရက်နေ့က ထုတ်ပြန်ထားပါတယ်။

IIMM အစီရင်ခံစာမှာ ဖော်ပြထားသလို အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ ရွာလုံးကျွတ်မီးရှို့တာလို စစ်ရာဇဝတ်မှုတွေ ကတော့ စစ်ကိုင်း တိုင်းအတွင်းမှာ နေရာတိုင်းလိုလို တွေ့နိုင်တယ်လို့ စစ်ကိုင်းတိုင်း ရေဦးမြိုကနယ်က ဒေသခံတဦးက ပြောပါတယ်။

"လူ့အခွင့်အရေးချိုးဖောက်ခံရတာတော့ စစ်ကိုင်းတိုင်းတတိုင်းလုံး ချိုးဖောက်ခံရတာ။ လူသတ်တယ်။ မုဒိန်းကျင့်တယ်။ မီးရှို့တယ်။ ကလေးသူငယ်တွေပါသတ်ဖြတ်တယ်။ သက်ကြီးရွယ်အိုတွေပါမီးထဲ ထည့်တယ်။ အိုးအိမ်တွေမီးရှို့တယ်။ ပစ္စည်းတွေခိုးတယ်။ အဲတော့ ဘာကျန်သေးလဲ။ စစ်ကိုင်းတိုင်းတတိုင်းလုံး မျက်ဝါးထင်ထင် တွေ့နေရတယ်။ ကျနော်တို့ကျေးရွာဆို လက်ရှိ အနေအထားက ပြာပုံဖြစ် နေတာ။ ၅၆၇ လုံး တလုံးမှ မကျန်တော့ဘူး။ ငတ်တလှည့်ပျက်တလှည့် နေထိုင်စားသောက်နေရတယ်။ အကြီးမားဆုံးဒုက္ခက နေစရာမရှိဘူးဗျာ။ စားစရာမရှိဘူးဗျာ။ ကိုယ့်အသက်အာမခံချက်မရှိဘူး။ အဲဒါအကြီးမားဆုံးဒုက္ခဘဲ။"

IIMM အစီရင်ခံစာမှာပါတဲ့ အထောက်အထားတွေဟာ မြန်မာနိုင်ငံတွင်း စစ်ရာဇဝတ်မှုတွေနဲ့ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ သိသိသာသာ တိုးမြင့်လာနေတယ်ဆိုတာကို ပြသနေသလို အရပ်သားတွေကို ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ တိုက်ခိုက်မှုတွေကိုဖော်ပြနေကြောင်း IIMM အကြီးအကဲ Nicholas Koumjian (နီကိုးလက်ခွန်ဂျမ်) က အစီရင်ခံစာ ထုတ်ပြန်ချိန်မှာ ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် ကျူးလွန်သူတဦးချင်းစီမှာတာဝန်ရှိနေပြီး တရားရုံးတွေမှာ အမှုစွဲဆိုနိုင်ရေး တည်ဆောက်နေကြောင်းလည်း မစ္စတာ Koumjian က ဆိုပါတယ်။ စစ်ကောင်စီဘက်က သူတို့ဟာ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်တာသာဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်တွေကို လက်မခံနိုင်ကြောင်းလည်း သူက ပြောပါတယ်။

IIMM အဖွဲ့က ထောက်ပြတဲ့ စွပ်စွဲ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်သိရဖို့အတွက် စစ်ကောင်စီပြောခွင့်ရကို ဗွီအိုအေက အကြိမ်ကြိမ်ဆက်သွယ်ပေမဲ့ ဖုန်းပြန်လည် ဖြေကြားခြင်း မရှိသေးပါဘူး။

IIMM အဖွဲ့အနေနဲ့ အခုစီရင်ခံစာအတွက် လူ ၂၀၀ ကျော်ကို တွေ့ဆုံမေးမြန်းပြီး မျက်မြင်သက်သေ ထွက်ဆိုချက်တွေနဲ့ အဖြစ်အပျက် ဓာတ်ပုံ၊ ဗွီဒီယို၊ အသံဖိုင်၊ စာရွက်စာတမ်းတွေ၊ တည်နေရာမြေပုံအပြင် လူမှုကွန်ရက်သတင်း၊ မှုခင်းဆိုင်ရာ အထောက်အထား စတဲ့ သတင်းရင်းမြစ် ၇၀၀ ကျော်ထံကနေ အချက်အလက်တွေ ရယူစုဆောင်းခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG