မကွေးတိုင်း ဂန့်ဂေါမြို့အနီးက မင်းရွာနယ်မြေရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့နောက် စစ်တပ်ဘက်က ပြန်ပြီး လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သလို ချင်းပြည်နယ် ဖလမ်းမြို့မှာလည်း စစ်တပ်စခန်းတွေ အတိုက်ခိုက် ခံခဲ့ရပါတယ်။ စစ်ကိုင်းတိုင်းမှာတော့ ကလေးမြို့အနီးက သာစည်ရွာမှာ စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွါးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ထဲက နောက်ဆုံးအခြေအနေတွေကို -ဒေါ်ခင်မျိုးသက်က စုစည်းတင်ပြပေးထားပါတယ်။
မကွေးတိုင်း ဂန့်ဂေါမြို့နဲ့ ၁၂ မိုင်ခန့်ဝေးတဲ့ မင်းရွာနယ်မြေရဲစခန်းကို သြဂုတ် ၁၅ ရက် မနက် ဝေလီဝေလင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်ဘက်က ဂျက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တဲ့အတွက် ကာကွယ်ရေးအဖွဲ့တွေက နောက်ပြန် ဆုတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းရွာနယ်မြေ ရဲစခန်း တိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ အဲ့ဒီက ဒေသခံတဦးက အခုလို ပြောပါတယ်။
“တိုက်ပွဲကတော့ မင်းရွာစခန်းမှာ။ ၅ နာရီ ၁၀ မိနစ်ကနေ မင်းရွာစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ပွဲ စဖော်တာပေါ့။ ထက်ဝက်လောက်ထိ စီးနင်းနိုင်ပြီးမှ ပြန်ဆုတ်ရတာပေါ့။ ဂန့်ဂေါ အမြောက်တပ်ကနေပြီးတော့မှ ၈ လုံးထက်မနည်းပေါ့။ ၁၅ လုံးလောက်ရှိမှာပေါ့။ အဲ့ဒါ ဒီဘက်ကို ရမ်းသမ်းပြီးတော့ အကုန်ပစ်ထုနေတာလေ။ ဂျက်ဖိုက်တာကနေလာပြီးတော့မှ လေယာဉ်နဲ့လာကြဲတယ်။ ၂ လုံး ဂျက်ဖိုက်တာက ၈ နာရီ ၁၀ မိနစ်မှာရောက်လာတာ။”
မင်းရွာနယ်မြေရဲစခန်း တိုက်ခိုက်ခံရတာ ဒီတကြိမ်ပါဆိုရင် ၃ ကြိမ်မြောက်ဖြစ်ပြီး ဒေသခံ အများအပြားလည်း ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
ချင်းပြည်နယ်ဘက်မှာတော့ ဖလမ်းမြို့အခြေစိုက် ခလရ (၂၆၈) တပ်ရင်းဌာနချုပ်ကို ချင်းအမျိုးသား တပ်မတော်နဲ့ ပူးပေါင်းအဖွဲ့တွေက သြဂုတ်လ ၁၂ ရက်မှာ ဝင်ရောက် တိုက်ခိုက်ခဲ့သလို သြဂုတ် ၁၄ ရက်မှာတော့ ထန်တလန်မြို့ က ခလရ (၂၆၉) ကို တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်ကျဆုံးမှုရှိခဲ့ပြီး လက်နက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ချင်းအမျိုးသား တပ်မတော် ပြောခွင့်ရ ဆလိုင်းထက်နီက အခုလို ပြောပါတယ်။
“ချင်းအမျိုးသား တပ်မတော်ဦးဆောင်မှုနဲ့ ဖလမ်း (ခလရ) ၂၆၈ တပ်ရင်း ဌာနချုပ်ကို ကျနော်တို့က သွားရောက်တိုက်ခိုက်တာပေါ့နော်။ ကျနော်တို့ဘက်က တယောက်ကျတယ်။ သူတို့ဘက်က ၆ ယောက် ကျပြီးတော့ ၉ ဦးခန့် ဒဏ်ရာရရှိတယ်ပေ့ါ။ အဲ့မှာ လက်နက်တို့ ဘာတို့နေရာကို ဝင်စီးပြီးတော့မှ ရှိသမျှ ရနိုင်သမျှ လက်နက် ၁၁ လက် ရရှိတယ်။ ၁၄ ရက်နေ့ပေါ့။ အဲ့ဒီမှာ ထန်တလန် စစ်ကောင်စီ တပ်စခန်းပေါ့။ ခလရ (၂၆၉) တပ်ရင်းဌာနချုပ်ကို သွားရောက် တိုက်ခိုက်ပြန် တာပေါ့။”
ဖလမ်း ခလရ ၂၆၈ ဝင်ရောက် အတိုက်ခိုက်ခံခဲ့ရတဲ့နောက် စစ်တပ်ဟာ ဖလမ်း မြို့အနီးက ကျေးရွာတွေကို လေကြောင်းက ဗုံးကြဲခဲ့သလို လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တဲ့အတွက် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ပြောပါတယ်။ ထန်တလန်အခြေစိုက် ခလရ ၂၆၉ ကို ဝင်ရောက်တိုက်ခိုက်ရာမှာတော့ စစ်ကောင်စီ တပ်သား ၂ ဦးကို အရှင်ဖမ်းမိခဲ့တဲ့အပြင် လက်နက်တွေကိုပါ သိမ်းဆည်းရမိတယ်လို့ ချင်းအမျိုးသား တပ်မတော်ပြောခွင့်ရက ပြောပါတယ်။
အခုလို စစ်တပ်ရဲ့ တပ်ရင်းဌာနချုပ်တွေ အတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။
စစ်ကိုင်းတိုင်းဘက်မှာလည်း စစ်ရေးတင်းမာနေဆဲ ဖြစ်ပြီး ကလေးမြို့အနီးက သာစည်ကျေးရွာမှာ သြဂုတ်လ ၁၅ ရက် မနက်ပိုင်းက စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နောက် စစ်တပ်ဘက်က လေကြောင်းကနေ ပစ်ခတ်ခဲ့တာပါ။ အခုလို လေကြောင်းကနေ အပစ်ခတ်ခံရတဲ့အခြေအနေနဲ့ ပတ်သက်လို့ စစ်ဘေးရှောင်ကူညီနေသူတဦးက ဗွီအိုအေကို ခုလို ပြောပါတယ်။
“သာစည်ကို မနက်ပိုင်းလောက်ကပစ်တာ။ လောလောဆယ်တော့ လေယာဉ်နဲ့ကြဲတယ်။ လက်နက်ကြီးနဲ့ထုတယ်ပေါ့။ ထိခိုက်ဒဏ်ရာရမှုအခြေအနေကတော့ မသိရသေးဘူး။ ထိတွေ့မှုဖြစ်ပြီး မကြာဘူး။ လေယာဉ်နဲ့ လာပစ်တာပေါ့။”
ကလေးမြို့က ကျေးရွာတွေမှာ သြဂုတ် ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေက နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွါးခဲ့ပြီး ကလေးမြို့ကို ဆေးခန်းလာပြတဲ့ အရပ်သား ၂ ဦးလည်း မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲကြောင့် သာစည်ကျေးရွာအပါအဝင် အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာ အများအပြားက ဒေသခံတွေဟာလည်း ပုန်းရှောင်နေရတယ်လို့ စစ်ဘေးရှောင် ကူညီနေသူတွေက ပြောပါတယ်။