ဖားကန့်ကျောက်စိမ်းတွင်း မြေပြိုမှု သေဆုံးသူအရေအတွက် တိုးလာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က မြေပြိုကျမှုအတွင်း သေဆုံးသွားသူများကို သယ်ဆောင်နေကြတဲ့ မြင်ကွင်း။ (ဇူလိုင် ၀၂၊ ၂၀၂၀)

[Zawgyi/Unicode]

ကြာသပတေးနေ့က ဖားကန့်ဒေသ မြေပြိုကျမှုကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့ပြီး ဒီကနေ့ ထပ်မံရှာဖွေရာမှာ အလောင်း ၁၁ လောင်း ထပ်မံတွေ့ရှိတာနဲ့ အစိုးရ၊ တပ်မတော်နဲ့ လုပ်ငန်းရှင်တွေက သေဆုံး ဒဏ်ရာရသူတွေအတွက် ထောက်ပံ့ကြတဲ့အခြေအနေကို တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ဖားကန့်မြို့နယ် ဝေခါကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းမှာ မြေပြိုကျမှုကြောင့် သေဆုံးသွားသူတွေကို ဒီကနေ့ ဆက်လက်ရှာဖွေရာမှာ အလောင်း ၁၁ လောင်း ထပ်မံတွေ့ရှိခဲ့ပါတယ်။

ဒီကနေ့ ရှာဖွေမှုအခြေအနေကို ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်က အခုလို ပြောပါတယ်။

“ဒီနေ့က ၁၁ လောင်းတွေ့တယ်။ ၁၁ လောင်းတွေ့ ပြီးတော့မှ သူတို့က ၃ နာရီခွဲလောက်မှာ နားသွားကြတယ်။ ကယ်ဆယ်ရေး team တွေက။ မနေ့ကတော့ ထွေအုပ်ရုံးက ပြောတာကတော့ ၁၆၁ လို့ ပြောပါတယ်။ ဒီနေ့ ၁၁ ဆိုရင် ၁၇၂ ပေါ့။”

ထိခိုက်ဒဏ်ရာရသူ ၅၄ ယောက်ရှိပြီး ဖားကန့်ဆေးရုံမှာ ဆေးကုသပေးနေကြောင်းပြောပါတယ်။

ဒီကနေ့ မနက်မှာတော့ အစိုးရနဲ့ လုပ်ငန်းရှင်တွေက သေဆုံး ထိခိုက်သူတွေအတွက် ထောက်ပံ့ငွေ ပေးအပ်လှုဒါန်းခဲ့သလို တပ်မတော်ကလည်း ပါဝင်လှုဒါန်းခဲ့ကြောင်း ဦးခင်မောင်မြင့်က ဆက်ပြောပါတယ်။

SEE ALSO: ဖားကန့် မြေပြို သေဆုံးများမှုအတွက် စိတ်မကောင်းဖြစ် (ကုလအတွင်းရေးမှူးချုပ်)

“ကချင်ပြည်နယ်အစိုးရအဖွဲ့က သိန်း ၅၀၀။ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဖားကန့်က သိန်း ၅၀၀။ KNDPC ကုမ္ပဏီက ၁၀၀ ဆိုတော့ ၁၁၀၀ ရတာပေါ့။ ၁၁နာရီလောက်မှာကျတော့ မြောက်ပိုင်းတိုင်းမှုးကိုယ်တိုင်တက်လာပါတယ်။ ဦးတေဇကျော်။ တက်လာပြီးတော့မှ ကြည်း၊ ရေ၊လေ တပ်မတော်သားတွေကနေပြီးတော့မှ လှုဒါန်းတယ်ဆိုပြီးမှ သိန်း ၅၀၀ လှုဒါန်းတယ်။ နောက် ဆန်အိတ် ၁၀၀၊ ဆီပုံး ပုံး ၂၀၊ ဆား ပိဿာ ၈၀၊ ကုလားပဲက ပိဿာ ၃၀၀ ထပ်လှုဒါန်းသွားပါတယ်။”

ဖားကန့်ကျောက်စိမ်းတူးဖော်တဲ့ ဒေသမှာ အခုလို မြေပြိုတာကြောင့် မကြာခဏဆို လူသေဆုံးတာတွေ ရှိခဲ့ပြီး အဲဒီလိုဖြစ်တာဟာ စက်ယန္နရားကြီးတွေ အသုံးပြုပြီး အလွန်အကျွံ တူးဖော်မှုကြောင့်လို့ ဝေဖန်ကြသလို ဒါကို တားဆီးဖို့အတွက် ဥပဒေပြုရာမှာ ကြန့်ကြာနေတယ်လို့ ဦးခင်မောင်မြင့်က VOA ကို ပြောဆိုထားပါတယ်။

Green Land သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ တာဝန်ခံ ကိုနောင်းလတ်ကလည်း ဥပဒေအရ အားနည်းချက်တွေ ရှိသလို လုပ်ငန်းခွင်ကြီးကြပ်စိစစ်မှု အားနည်းတာတွေလည်း ရှိနေကြောင်း အခုလို ထောက်ပြပါတယ်။

“ပိတ်သိမ်းဖို့ ဆိုတဲ့နေရာမှာ ဒီကုမ္ပဏီက ဥပမာ ဒီလုပ်ကွက်ကို ဘယ်လို ပိတ်သိမ်းမလဲ။ ဘယ်လို ပုံစံအနေအထားနဲ့ ပိတ်သိမ်းမလဲ။ ဒီကျင်းတွေကို ပြောမယ်ဆိုရင် အန္တရာယ်ဆုံး ၅၀ ဒီကရီ လှေကားထစ် လျောဆင်းအနေနဲ့ လုပ်ထားသလား။ ဒါမှမဟုတ် နဂို မူရင်းပုံစံ ပြိုကျလွယ်တဲ့အနေအထား လုပ်ထားသလား။ ဒါ စိစစ်မှုအားနည်းတာပေါ့လေ။ အဓိက ပြည်နယ်ကလည်း စိစစ်မှုအားနည်းသလို၊ ဟို သံယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်ထောင်စုအဆင့်ကလည်း စိစစ်တာအားနည်းတယ်။ လက်ရှိ မြေပြင်မှာ ရှိတဲ့ ဒီ ကျနော်တို့ ဖားကန့်မြို့နယ်၊ လုံးခင်းတို့ ဌာနဆိုင်ရာ ကျောက်စိမ်းရုံးတို့ ဌာနဆိုင်ရာတို့လည်း စိစစ်တာ အားနည်းတယ်လို့ မြင်တယ်။ အဲဒါကြောင့် မြေပြိုမှုက ခဏခဏ ဖြစ်တယ်လေ။ ဥပဒေ လိုက်နာမှုကလည်း ကုမ္ပဏီအနေအထားနဲ့ အားနည်းတာပေါ့နော်။”

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝေခါရွာက ကျောက်စိမ်းလုပ်ကွက်ဟောင်းနေရာမှာ မြေပြိုကျမှုမှာ သေဆုံးသွားသူများကို သယ်ဆောင်နေကြတဲ့ မြင်ကွင်း။ (ဇူလိုင် ၀၂၊ ၂၀၂၀)

ဖားကန့်ဒေသအပါအဝင် ရတနာမြေတွေမှာ တူးဖော်ထုတ်လုပ်တာတွေကို ဒီလ ၁ ရက်နေ့က စတင် ပြီး မိုးတွင်း ၃ လ ရပ်နားဖို့ အစိုးရက အမိန့်ထုတ်ပြန်ထားတာဖြစ်ပါတယ်။

သေဆုံးရသူတွေအနေနဲ့ကတော့ စီးပွားရေးအခြေအနေအရ အန္တရာယ်ရှိတဲ့ကြားမှာ လုပ်ကိုင်နေကြတာလို့ မြင်ကြောင်းလည်း ကိုနောင်းလတ်က ဆက်ပြောပါတယ်။

“ပြောမယ်ဆိုရင် မြန်မာလူထုအနေအထားနဲ့ရော တိုင်းလူထု၊ ပြည်နယ်လူထုအနေအထားအရ စီးပွားရေးက ရှင်းရှင်းပြောရရင် ဒီ NLD လက်ထက်မှာ ကျနော်တို့ ကျပ်တည်းနေတဲ့အနေအထားမှာ ရှိတယ်။ ခု COVID 19 ဖြစ်တဲ့အချိန်မှာ ပိုဆိုးတာပေါ့။ ဖားကန့်က လူနေမှု သိပ်သည်းတဲ့အခါကျတော့ ဒီတစ်နေ့တာရဲ့ ဝမ်းစာကို ဖြေရှင်းဖို့အတွက် လုပ်ရတာကို။ အန္တရာယ်ရှိမှန်းသိလည်း ဘယ်သူမှတော့ မရှောင်နိုင်ဘူးလေ။ ကိုယ့်ရဲ့ ဝမ်းရေးအတွက် ရှိတာကိုး။ အဲဒါက အဓိက အခြေခံလိုအပ်ချက် လုပ်ငန်းကိုင်ငန်းအခွင့်အလမ်းကို အစိုးရက ဖော်ဆောင်ပေးမှု မရှိတဲ့ အနေအထားကြောင့် ဒီလို ဖြစ်နေတဲ့ အနေအထားပေါ့နော်။ အဲလိုလို့ပဲ မြင်ပါတယ်။”

ကြာသပတေးနေ့က လူရာနဲ့ချီပြီး သေဆုံးရတာနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဝမ်းနည်းကြောင်းထုတ်ပြန်သလို ကချင်ပြည်နယ်အစိုးရနဲ့ နိုင်ငံရေးပါတီတချို့ကလည်း ဝမ်းနည်းကြောင်း ထုတ်ပြန်ထားပါတယ်။

Global Witness ခေါ် နိုင်ငံတကာ သဘာဝသံယံဇာတအရေး စောင့်ကြည့်ရေးအဖွဲ့ကတော့ အခုလို မြေပြိုကျတာဟာ အစိုးရက တာဝန်မဲ့ကျောက်စိမ်းတူးဖော်တာတွေကို အရေးယူဖို့ ပျက်ကွက်တာကြောင့် လို့ ထောက်ပြထားပါတယ်။

ဖားကန့်ဒေသမှာ နှစ်စဉ် မြေပြိုတာကြောင့် အသေအပျောက်တွေ ရှိနေပြီး ၆နှစ်အတွင်းမှာ လူ ၅၀၀ ကျော်လောက် သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဖားကန့်ကျောက်စိမ်းတွင်း မြေပြိုမှု သေဆုံးသူအရေအတွက် တိုးလာ

[Unicode Version]









SEE ALSO: ဖားကန့် ကျောက်စိမ်းတွင်းမြေပြိုမှု လူ ၁၆၀ ကျော် သေဆုံး







ကချင်ပြည်နယ် ဖားကန့်မြို့နယ်က မြေပြိုကျတဲ့ မြင်ကွင်း တချို့။


