မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံး သဘာဝဘေးဒဏ်ဖြစ်တဲ့ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့တာ အခုဆို ၁၀ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ဒါပေမယ့် နာဂစ်ဒဏ် အကြီးမားဆုံးခံခဲ့ရတဲ့ ဒေသ တွေမှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေဟာ အခုချိန်ထိ မပြီးသေးဘူးလို့ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့က လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ပြောပါတယ်။ လက်ရှိ NLD အစိုးရလက်ထက်မှာ လုပ်ဆောင်နေတဲ့ ပြန်လည် ထူထောင်ရေး အစီအစဉ်တွေအကြောင်း ဒေါက်တာ လှမြတ်သွေးကို ဆက်သွယ် မေးမြန်းပြီး ကိုဇော်ဝင်းလှိုင်က တင်ပြ ပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ် မုန်တိုင်းကြောင့် လူပေါင်း ထောင်နဲ့ချီ သေဆုံးခဲ့ပြီး တချို့နေရာတွေမှာဆို မုန်တိုင်းဒဏ်ကြောင့် ရွာလုံးကျွတ် ပျက်ဆီး သွားတာတွေလည်း ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာ့သမိုင်းမှာ ဒီ နာဂစ် မုန်တိုင်းဟာ အသေအပျောက်နဲ့ ပစ္စည်း ဆုံးရှုံးမှု အများဆုံး မုန်တိုင်းအဖြစ် မှတ်တမ်းတင်ခံရတာ ဖြစ်ပါတယ်။
မေလ ၂ ရက်နေ့ဟာ နာဂတ်မုန်တိုင်း တိုက်ခတ်ခဲ့တာ ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နာဂစ်ဒဏ် အဆိုးရွားဆုံး ခံခဲ့တဲ့ လပွတ္တာမြို့နယ်အတွင်းက သူတချို့ဟာ ကနေ့အချိန်ထိ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ခံစားနေကြရတုန်းဖြစ်သလို အိုးအိမ်မဲ့ ဖြစ်နေသူတွေလည်း ရှိသေးတယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရ လူမှုရေး ဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ပြောပါတယ်။
“ကျမရဲ့ သုံးသပ်ချက်အရ ပြောရမယ်ဆိုလို့ရှိရင်တော့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေက အခုချိန်ထိတော့ အနည်းနဲ့အများ ရှိနေသေးတယ်ရှင့်။ ဒါ ပထမ တချက်ပါ။ ဒုတိယတချက် အနေနဲ့ သူတို့ ရပ်တည်ဖို့အတွက်က အဓိက နေရာလေး တနေရာပေါ့၊ ခိုင်ခိုင်မြဲမြဲလေး ရှိဖို့ လိုအပ်လိမ့်မယ်လို့ ထင်တယ်။ အဲဒါလေးတွေကလည်း ကျမတို့က အခု လုပ်ထားခဲ့တဲ့ အနေအထားလေးတွေ ဖြစ်ပါတယ်။ နောက် တတိယ အချက် အနေနဲ့ကတော့ သူတို့တွေမှာ ရင်းနှီး စားသောက်နိုင်တဲ့ အနေအထားလေး တခု ဖန်တီးပေးနိုင်ရမယ်။ အဲဒါကလည်း ကျမတို့က ဘယ်လောက် လူအများစုကို ကျမတို့ အစိုးရအနေနဲ့ ပေးနိုင်မလဲ၊ ထောက်ပံ့နိုင်မလဲ၊ ပန့်ပိုးပေးနိုင်မလဲ ဆိုတဲ့ အချက် ပေါ်မှာလည်း မူတည်တယ်လို့ ထင်ပါတယ်။”
သူတို့ဘဝတွေ ပြန်လည် ထူထောင်ရေးအတွက် အစိုးရတင်မကဘဲ ပတ်ဝန်းကျင် လူမှုအသိုင်းဝိုင်းကပါ စာနာစိတ်နဲ့ နားလည်မှုပေးပြီး ဝိုင်းဝန်း ကူညီပေးကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
“ဒီလူတွေကို ပတ်ဝန်းကျင်က၊ သူတို့နေတဲ့ ပတ်ဝန်းကျင်ကရော၊ ကျမတို့ အစိုးရကရော၊ အစိုးရလက်အောက်မှာ ရှိတဲ့ အဖွဲ့အစည်းတွေကပါ သူတို့ကို ကျမတို့ လူသားချင်း စာနာတဲ့၊ ဟာ ၁၀ နှစ်တောင်ရှိပြီ၊ ကိုယ့်ဟာကိုယ် ရပ်တည်ရတော့မယ်ဆိုတဲ့ အတွေးထက် အခုချိန်ထိ သူတို့မှာ ဒီ ဒဏ်ကို ခံစားနေရဆဲ ဖြစ်တယ်၊ တချို့တွေ ကျလို့ရှိရင်လည်း တော်တော်လေးဘဲ ကိုယ့်ဒူးကိုယ်ချွန်ပြီးတော့ လုပ်နိုင်တဲ့ အခြေအနေ လေးတွေလည်း ရှိတယ်။ တချို့တွေကျတော့လည်း ဘယ်လိုဘဲလုပ်လုပ် အဆင်မပြေတဲ့ ဘဝလေးတွေရှိတယ်။ ဒါကို ကျမတို့က စာနာပေးရလိမ့်မယ်။ စာနာပြီးတဲ့အခါကျတော့ အချင်းချင်း စာနာထောက်ထားမှုနဲ့ ပတ်ဝန်းကျင်ကလည်း သွားရမယ်။ အစိုးရအနေနဲ့ကလဲ စောင့်ကြည့်ပြီးတော့ ဘာလေး အဆင်ပြေနိုင်မလဲ၊ နောက် ဒီပတ်ဝန်းကျင်ကို ကျမတို့ ဘယ်လိုလေးလှအောင် ဖန်တီးပေးနိုင်မလဲ။ နောက် ဒီ ကျောင်းသားကလေးတွေ၊ ဒီကလေးတွေအတွက်ကိုလည်း ကျမတို့ အထူးသဖြင့် ဘယ်လို စောင့်ရှောက် ပေးနိုင်မလဲ။”
နာဂစ်ဒဏ် ခံခဲ့ရသူတွေအပါအဝင် မုန်တိုင်းတိုက်ခတ်ခဲ့တဲ့ ဒေသခံတွေအတွက် အစိုးရက ရင်းနှီး မတည်ငွေ ထုတ်ပေးမယ့် မြစိမ်းရောင်စီမံကိန်းကို အကောင်အထည်ဖော်နေပြီ ဖြစ်ကြောင်းလည်း ဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ပြောပါတယ်။
“မြစိမ်းရောင်ကတော့ ဆင်းရဲတဲ့ ကျေးရွာဒေသတွေမှာရှိတဲ့၊ ဆင်းရဲတဲ့ ကျေးရွာတွေကို အဓိကထားပြီးတော့ ထောက်ပံ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။ ဒါကတော့ ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။”
လက်ရှိမှာတော့ နာဂစ်ဒဏ်ခံခဲ့ရတဲ့ မိသားစုတွေက ကျောင်းသား လူငယ်တွေအတွက် ၁၀ တန်းအထိ အခမဲ့ ကျူရှင်ပြပေးတာ၊ အသက်မွေးဝမ်းကျောင်းမှု သင်တန်းတွေ ပို့ချပေးတာတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နာဂစ်ဒဏ် ခံခဲ့ရသူတွေ အများစုနေထိုင်တဲ့ တချို့ဒေသတွေမှာ အခြေခံပညာ မူလတန်းကျောင်းအပါအဝင် စာသင်ကျောင်း ဖွင့်ပေးဖို့ စီစဉ်နေကြောင်းလည်း ဝန်ကြီး ဒေါက်တာ လှမြတ်သွေး ပြောပါတယ်။
နာဂစ်တိုက်ခတ်ပြီးခါစမှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အစိုးရတွေက အကူအညီပေးဖို့ ကြိုးပမ်းခဲ့ပေမယ့် အဲဒီအချိန်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်တဲ့ စစ်အစိုးရက နိုင်ငံတကာက အကူအညီတွေကို အကုန် လက်မခံခဲ့ပါဘူး။ စစ်အစိုးရ လက်ခံခဲ့တဲ့ အကူအညီတွေကိုလည်း အာဏာပိုင်တချို့က အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့သလို တကယ် ဒုက္ခရောက်သူတွေထံ အကူအညီတွေ မရောက်ခဲ့တဲ့အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ ထင်သလောက် မအောင်မြင်ရတာလို့ ထောက်ပြ ပြောဆိုကြပါတယ်။
နာဂစ်ကာလအတွင်း အဆိုးရွားဆုံး ဖြစ်စဉ်တွေထဲမှာ ဒုက္ခရောက်သူတွေကို ကိုယ့်အသိစိတ်နဲ့ အကူအညီပေးကြတဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေနဲ့ တာဝန်သိ ပြည်သူတွေကို အာဏာပိုင်တွေက ဟန့်တား၊ ဖမ်းဆီးခဲ့တာနဲ့ သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံကို အတင်း အကျပ် အတည်ပြုခဲ့တဲ့ ဖြစ်ရပ်တွေဘဲ ဖြစ်ပါတယ်။
Your browser doesn’t support HTML5