သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဇာဂနာ ထောင်ဝင်စာ တွေ့ခွင့်ပြုမည်


ကိုဇာဂနာ ထောင်ဝင်စာ တွေ့ခွင့်ပြုမည်
ကိုဇာဂနာ ထောင်ဝင်စာ တွေ့ခွင့်ပြုမည်

နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ စွယ်စုံအနုပညာရှင် လူရွှင်တော်ကိုဇာဂနာရဲ့ ဆွေမျိုးသားချင်းတွေကို ထောင်ဝင်စာ တွေ့ဆုံခွင့်မပေးဘဲ တစ်နှစ်ခွဲလောက် တားမြစ်ထားရာက အခုတော့ ပြန်လည် တွေ့ခွင့် ပြုလိုက်ပါပြီ။ ကိုဇာဂနာ အကျဉ်းကျခံနေရတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားထောင်မှာ ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့တဲ့ တခြား နိုင်ငံရေးအကျဉ်းသား မိသားစုတွေကတဆင့် အခုလို အကြောင်းကြား လာခဲ့တာလို့ သူ့ရဲ့သားချင်းတဦးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြစ်ကြီးနားအကျဉ်းထောင်မှာ ထောင်ဒဏ် ၃၅ နှစ်ကျခံနေရတဲ့ လူရွှင်တော်ဇာဂနာ ခေါ် ကိုသူရကို မိသားစုဝင် အရင်းအခြာကလွဲလို့ တခြားဆွေမျိုးတွေကို တွေ့ခွင့်မပေးနိုင်ဘူးဆိုပြီး ထောင်ဝင်စာ ငြင်းပယ်ခံထားရတာ ၁ နှစ်ခွဲလောက် ရှိခဲ့ပါပြီ။ ဒီလို တားမြစ်ခံရပြီးတဲ့နောက် အခုနောက်ဆုံး ထောင်ဝင်စာ ပြန်ပေးခဲ့တာပါ။ ဒီလိုတွေ့ဆုံခွင့် ပြန်ပေးတယ် ဆိုတာကိုတော့ တရားဝင်သဘောမဟုတ်ဘဲ တခြား ထောင်ဝင်စာ တွေ့ဆုံခဲ့တဲ့ မိသားစုတွေကတဆင့် အသိပေးခဲ့တာလို့ ကိုဇာဂနာရဲ့ ခယ်မဖြစ်သူ မငြိမ်းက ပြောပါတယ်။

“အခု ထောင်ဝင်စာကတော့ ထွက်လာပြီ။ ကျမကို ထောင်ဝင်စာ လူကြုံထည့်ပေးလိုက်တဲ့သူကတော့ ထောင်ဝင်စာဝင်တဲ့ ကောင်လေးက သူ့အစ်ကို့ကို မှာလိုက်တယ်တဲ့။ ကိုသူရအိမ်ကို ပြောပေးပါ၊ ထောင်ဝင်စာ လာလို့ရပြီလို့ ပြောလိုက်တယ်တဲ့။ နောက်ပြီးတော့ ကိုသူရက သူ ထောင်ဝင်စာ သွားတွေ့တဲ့နေရာနဲ့ နီးတယ်ပေါ့နော်။ ပြီးတော့ ကိုသူရက လှမ်းအော်တယ်တဲ့။ မငြိမ်းကို ပြောလိုက်ပါတဲ့၊ သီးလေးသီးရဲ့ ခေါင်းဆောင်ဟာ ဇာဂနာလည်း မဟုတ်ဘူး။ ဂေါ်ဇီလာလည်း မဟုတ်ဘူးလို့ ပြောပေးပါလို့ ပြောတယ်တဲ့။ အဲဒါ လှမ်းအော်တယ်တဲ့။ သူကတော့ ဒါ မလွတ်တဲ့အကြောင်း သက်သေပြတဲ့အနေနဲ့တော့ ကျမ ထင်တာတော့ သူ လှမ်းပြီး အသံပြုတယ်ပေါ့။ သူတို့ လမ်းလျှောက် ဆုံကြတဲ့အချိန်မှာ ပြောလိုက်တယ်လို့ ထင်တာပဲ။ မနက်ဖြန် မနက်ဆိုရင် ကျမ မြစ်ကြီးနားထောင်ကိုလည်း ဆက်သွယ်မယ်။ မြစ်ကြီးနား ပြည်နယ်အကြီးအကဲ ဆီလည်း ကျမ ဆက်သွယ်ကြည့်မယ်။ ဟုတ်တယ်ဆိုရင် သူတို့ ကျမကို တရားဝင် အကြောင်းကြားရမယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ တရားဝင်စာနဲ့ ပိတ်ထားတာကိုး။”

မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးရေး တောင်းဆိုနေချိန်မှာပဲ ကိုဇာဂနာ အပါအဝင် တက်ကြွလှုပ်ရှားသူတချို့ ပြန်လည် လွတ်မြောက် လာတော့မယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာပါ။ ဒါပေမဲ့ ဒီသတင်းတွေဟာ လတ်တလောမှာ အခြေအမြစ်မရှိတဲ့ ပြောဆိုမှုတွေသာ ဖြစ်တယ်လို့လည်း မငြိမ်းကပြောပါတယ်။

“ကျမကို ပြည်တွင်းဂျာနယ်က သတင်းထောက်တွေက ကျမဆီကို ကြာသပတေးနေ့မှာ စ ဆက်လာတော့ တော်တော်ထူးဆန်းတဲ့ သတင်းတစ်ခုတော့ ကျမ ကြားရတယ်။ ကြားရတယ်ဆိုတာ ဘာ စပြောလဲဆိုတော့ ကိုဂေါ်ဇီလာက သူတို့တိုက်တွေကို ဖုန်းဆက်တယ်တဲ့။ ကိုသူရ ၂၈ ရက်နေ့မှာ မန္တလေး ရောက်မယ်။၂၉ ရက်နေ့မှာ အိမ်ရောက်မယ် ဆိုပြီးတော့ အဲဒါ အိမ်ကို သွားတွေ့လို့ ပြောတယ်ပေါ့။ တချို့တွေက ကျမ ဖုန်းနံပါတ်တောင် မသိဘူး။ အဲဒါကြောင့် ကျမလည်း တော်တော်ထူးဆန်းတယ်။ အဲဒီသတင်းကြီးကတော့ ကျမဆီမှာ တော်တော်ကို ပဟေဠိဖြစ်စရာ အဖြစ်အပျက်ကြီးတော့ ဖြစ်နေတယ်။ ဟုတ်လဲမဟုတ်ဘဲနဲ့ပေါ့နော် ကျမထင်တာကတော့ ကျမတို့ နိုင်ငံရေးမိသားစုတွေဘက်မှာဆိုရင် အရမ်းကြီး စိတ်ခံစားမှု ဖြစ်စေမယ့် သတင်းလေ။ သူ တော်တော် ပိုင်ပိုင်နိုင်နိုင်နေရာကပဲ သိလို့ပဲ ပြောသလား၊ အဲဒီလိုမျိုးကြီးတော့ ကျမတို့ မိသားစုတွေအနေနဲ့ကတော့ ဖြစ်နေတယ်။”

ကိုဇာဂနာဟာ ၂၀၀၈ ခုနှစ်မှာ တိုက်ခတ်ခဲ့တဲ့ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘေးသင့်ခဲ့ရတဲ့ ဒုက္ခသည်တွေကို အကူအညီပေးရင်းနဲ့ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရတာပါ။ ဖမ်းဆီခံရပြီးတဲ့နောက် ထောင်ဒဏ် ၅၉ နှစ်ကျခံခဲ့ရပြီး အယူခံကြောင့် ထောင်ဒဏ်၂၄ နှစ်ထိ လျော့ချကာ လက်ရှိထောင်ဒဏ် ၃၅ နှစ် ကျခံနေရတာဖြစ်ပါတယ်။

နိုင်ငံရေးအပြောင်းအလဲတွေ လုပ်မယ်လို့ ကတိပေးထားတဲ့ အစိုးရအနေနဲ့ ကိုဇာဂနာ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးတာမျိုးလို သိသာတဲ့ လုပ်ဆောင်မှုတွေပြသဖို့ နိုင်ငံတကာက တောင်းဆိုနေကြသလို မကြာသေးခင်ကပဲ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တက်ကြွလှုပ်ရှားသူ ၁ သိန်းကျော်က အလားတူ တောင်းဆိုမှုတွေကို လက်မှတ်ရေးထိုးပြီး သမ္မတဆီ ပေးပို့ခဲ့တာပါ။

မြန်မာအစိုးရသစ်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကတော့ အကျဉ်းသားတွေ မကြာခင် လွှတ်ပေးမယ်ဆိုပြီး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကတိပေးခဲ့ပေမဲ့ ဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ပါမပါဆိုတာနဲ့ ဘယ်အချိန်လွှတ်မှာလဲ ဆိုတာတွေကိုတော့ မေးခွန်းထုတ်နေကြဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG