သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂစ်လေးနှစ်ပြည့်ပေမယ့် လူထုအခြေအနေ ပုံမှန်မဖြစ်သေး


မြန်မာနိုင်ငံမှာ သိန်းနဲ့ချီ သေဆုံးခဲ့တဲ့ နာဂစ်မုန်တိုင်း တိုက်ခိုက်ခံခဲ့ရတာ ဒီကနေ့ ၄ နှစ် ပြည့်ခဲ့ပါပြီ။ နာဂစ်မုန်တိုင်းဒဏ်ကို အဆိုးဆုံးခံခဲ့ရတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသက ပြည်သူတွေ ၄ နှစ်အကြာမှာ ဘယ်လောက် ဘဝတွေကို ပြန်လည် ထူထောင်နိုင်ကြပါသလဲ၊ ကူညီထောက်ပံ့မှုတွေကိုရော ဘယ်လောက် လုံလုံလောက်လောက် ရရှိခဲ့ကြပါသလဲ။ မြစ်ဝကျွန်းပေါ်ဒေသက တချို့ပြည်သူတွေကတော့ ဖွံ့ဖြိုးတိုးတက် မှုတွေ ဘက်စုံမှာ သိသိသာသာ ရှိမလာသေးဘူးလို့ ပြောနေကြပါတယ်။ အပြည့်အစုံကိုတော့ စုံးစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံးနဲ့ လူအသေအပျောက် အများဆုံးလို့ သတ်မှတ်ရမယ့် ဒီ နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတာ ၄ နှစ်ကြာခဲ့ပေမယ့်လည်း အခုချိန်ထိ ဖွံ့ဖြိုးမှုလုပ်ငန်းတွေ သိသိသာသာ တိုးတက်မလာသေးတဲ့ အပေါ် ဒေသခံတွေက အားမလို အားမရ ဖြစ်နေကြတာပါ။

စီးပွားရေးနဲ့ လယ်ယာကဏ္ဍကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စပါးကျည်လို့ သတ်မှတ်ထားတဲ့ ဒီ မြစ်၀ ကျွန်းပေါ်ဒေသက လယ်သမားတွေဟာ အရင် နာဂစ် မဖြစ်ခင်တုန်းက အနေအထားထက် စိုက်ပျိုးမှုနှုန်းဟာ အဆပေါင်းများစွာ လျော့ကျသွားတယ်လို့ လပွတ္တာမြို့နယ် NLD ဒုတိယဥက္ကဋ္ဌ ဒေါက်တာအေးကြူက အခုလို ပြောပြပါတယ်ဗျ။

"လယ်သမားတွေက လယ်တွေ အပြည့်မစိုက်နိုင်ကြဘူး။ ဟိုးတုန်းကဆို လယ်တွေက အဲဒီ အောက်ဘက် တကြောမှာ လယ်တွေက နင်းကန်ရတာပေါ့။ အခု လယ်စရိတ်တွေ မခံနိုင်လို့ မြေအပြည့်မစိုက်နိုင်ဘူး။ ဆယ်ပုံတပုံလောက်ပဲ စိုက်နိုင်တယ်။ နာဂစ်ဖြစ်ပီး နောက်နှစ်တွေ၊ နောက်နှစ်တွေကျတော့ ထွက်မြေ ကျတော့ စပါးတွေက မရဘူး။ ၃-၄ နှစ်လောက် စပါးတွေက ရှုံးတယ်။ ဒီနှစ်တော့ စပါးတော့ ရမ လား အောက်မေ့တယ်။ ဒီနှစ်မှာ စပါးဈေးတွေကကျတော့ လယ်သမားတွေ တော်တော်ဒုက္ခရောက်တယ်။ လယ်သမားတွေ အခြေအနေဆိုးနေတယ်။ စီးပွားရေးက နာဂစ်ဖြစ်ပြီး တော်တော်ကျတယ်။ နာဂစ်မဖြစ်ခင် တော်တော်ချမ်းသာနေတဲ့ ပင်လယ်ပိုင်းက နာဂစ်ဖြစ်ပြီးတဲ့အခါကျတော့ စီးပွားရေးပိုဆိုးလာတယ်။

ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ ဆားဆိုလည်း ဆားဈေးကဂျွမ်းပြန်ကျနေတာ။ ဆားသမားတွေလည်း နာဂစ်ဖြစ်ပြီးကတည်းက ဒုက္ခရောက်နေတာ"

ပညာရေးကဏ္ဍနဲ့ ပတ်သက်လို့လည်း လပွတ္တာမြို့နယ်မှာ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကိုမောင်ကြင်က အခုလို ရှင်းပြပါတယ်။

"ပညာရေးကဏ္ဍမှာတော့ အပြည့်စုံကြီးတော့လည်း မဟုတ်လှဘူး။ တချို့နယ်မြေတွေမှာတော့ အဆောက်အဦးကလည်း အခိုင်အမာတော့ မဟုတ်ဘူးပေါ့လေ။ ပြန်ဆောက်ထားတာလေးတွေလည်း ရှိတယ်။ ကျောင်းလည်းကျောင်း shelter လည်း shelter ဆိုပြီးတော့ - သဘောက မုန်တိုင်းကျလာခဲ့လို့ ရှိရင် ရှောင်လို့ရအောင်ဆိုပြီးတော့ အဆောက်အဦးလေးတွေ ဆောက်ပေးထားတာ ရှိတယ်။ အဲဒီ အဆောက်အဦးမှာ တချို့က ပညာသင်တယ်။ တချို့ကျတော့လည်း အဲဒါကို ပိတ်ထားပြီးတော့ မုန်တိုင်းသင့်တဲ့အခါမှာ အသုံးချဖို့လောက်ပဲ သုံးပြီးတော့ ကျောင်းအဖြစ်နဲ့ မသုံးတဲ့ဟာတွေလည်း ရှိတယ်။ ကျောင်းအဖြစ် သီးသန့်ကြီးရယ်လို့ လာပြီးဆောက်ပေးတဲ့လူကတော့ နည်းပါတယ်။"

နာဂစ်ဖြစ်ပြီးခါစက ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ NGO တွေနဲ့ အဖွဲ့အစည်းအတော်များများက ကျန်းမာရေး၊ ပညာရေးနဲ့ လယ်ယာကဏ္ဍတွေမှာ အကူအညီတွေ အလုံးအရင်းနဲ့ ပေးခဲ့ပေမယ့် အခုချိန်မှာ အဲဒီ အကူအညီတွေ မရှိကြတော့တဲ့အတွက် ဒေသခံတွေအနေနဲ့ အခက်အခဲ အမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

လပွတ္တာမြို့က နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသူတွေ လက်ရှိ ရင်ဆိုင်နေရတဲ့အခြေအနေကိုတော့ မြို့ခံ ကိုဇော်လေးက ပွင့်ပွင့်လင်းလင်းပဲ ဗွီအိုအေကို အခုလို ပြောပြပါတယ်။

"နာဂစ်ကတော့ ဘာမှမထူးဘူး။ လူတွေငတ်နေတာပဲ ထူးတယ် အကိုရေ့။ အစိုးရကလည်း လက်ပိုက် ကြည့်နေတယ်။ NGO အကူအညီတွေက လုံးဝရပ်သလောက်ဖြစ်နေပြီဆိုတော့ လုပ်နေကျ လုပ်ငန်းရှင်တွေ က အလုပ်တွေ မလုပ်နိုင်ကြတော့ဘူး။ မိရိုးဖလာလုပ်နေကြတဲ့ တောင်သူတွေ၊ ဆားဖိုသူကြီးတွေက လုပ်ဖို့ အရင်းအနှီးလည်းမရှိဘူး၊ လူအင်အားလည်းမရှိဘူး ဖြစ်သွားပြီ။ အဲဒါကို အဓိက ပံ့ပိုးကူညီနိုင်တဲ့လူနဲ့ အဖွဲ့အစည်းတွေလည်းမရှိဘူး။ အစိုးရကလည်း လက်ပိုက်ကြည့်နေတယ်။ ဒီလိုနွေမျိုးဆို ရေအတွက်ပါ ဒုက္ခရောက်နေတာပေါ့။ နယ်တွေမှာ"

ဒေသခံတွေ အခုချိန်မှာ အဓိက လိုအပ်နေတာကတော့ စီးပွားရေးလုပ်ကိုင်နိုင်ဖို့ မတည်ငွေဖြစ်တယ် လို့ လည်း ကိုဇော်လေးက ရှင်းပြပါတယ်။

"လိုအပ်တဲ့ဥစ္စာ အဓိကကတော့ ငွေရေးကြေးရေး ပံ့ပိုးမှုပေါ့။ ငွေရေးကြေးရေးကိုလည်း နှစ်ရှည် စီမံကိန်း မျိုးတွေနဲ့ ငွေထောက်ပံ့တဲ့သူကလည်း မဆုံးရှုံးရအောင် ဘယ်နေ့ဆို ဘယ်ပုံစံ၊ ဘယ်နေ့ဆို ဘယ်ပုံစံ လုပ်တဲ့သူတွေလည်း limit နဲ့ ဒီအပေါ်မှာ ကွင်းဆင်းပြီးတော့ ဒီငွေရေးကြေးရေးတွေ မဆုံးရှုံးရအောင် - လုပ်ငန်းရှင်တွေကလည်း လုပ်ငန်းခွင်မှာ ငွေသုံးစွဲတာ ထိရောက်မှုရှိလား၊ မရှိလား ဒါတွေကို သေချာ ကွင်းဆင်းပြီး လေ့လာပြီးတော့ တဆင့်ချင်းလုပ်သွားမှ ရမှာ။"

ဒါကတော့ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး ၄ နှစ်ကြာလာပြီးတဲ့နောက် မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသခံတွေ ရဲ့ ပြောပြချက်တွေပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ ရန်ကုန်မြို့တို့မှာ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အဲဒီ နာဂစ် မုန်တိုင်းကြောင့် လူပေါင်း သိန်းနဲ့ချီ သေဆုံးခဲ့တယ်လို့ ခန့်မှန်းထားကြတာပါ။ တချို့ဒေသတွေမှာ မုန်တိုင်းကြောင့် ရွာလုံးကျွတ် ပျက်ဆီးသွားတာတွေ ရှိခဲ့တာကြောင့် မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသတွေမှာ စီးပွားရေးနဲ့ မိရိုးဖလာ စိုက်ပျိုးရေးလုပ်ငန်းတွေ ပျက်ဆီး ဆုံးရှုံးခဲ့ရတာပါ။

မုန်တိုင်း ဖြစ်ဖြစ်ချင်း နိုင်ငံတကာက အကူအညီပေးဖို့ အဲဒီအချိန်က စစ်အစိုးရကို ကမ်းလှမ်းခဲ့ပေမယ့် အာဏာပိုင်တွေက ငြင်းဆန်ခဲ့တဲ့အတွက် မဆုံးရှုံးသင့်တာတွေ ပိုပြီး ဆုံးရှုံးကြရတယ် လို့ ဝေဖန် ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

XS
SM
MD
LG