ဒီမိုကရက်တစ်ပါတီ ဒုသမ္မတလောင်း စတင်စိစစ်နေ

သမ္မတအိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်မှာ ကောလိပ်အဆင့် ကျောင်းသားအားကစားသမားတွေကို စကားပြောကြားနေတဲ့ အမေရိကန်ပြည်ထောင်စု ဒုသမ္မတ ကမ်မလာဟဲရစ်စ် (ဇူလိုင် ၂၂၊ ၂၀၂၄)

အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒုသမ္မတကမ်မလာဟဲရစ်စ် (Kamala Harris) ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်တဲ့အခါ သူနဲ့တွဲဖက် ဒုသမ္မတလောင်းအဖြစ် ဘယ်သူ့ကို လျာထားမလဲဆိုတာကို အမေရိကန် နိုင်ငံရေးမှာ အများက အာရုံစိုက်နေကြပါတယ်။ ရီပတ်ဘလစ်ကန်ပါတီ သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) နဲ့ ဒုသမ္မတလောင်း ဂျေဒီဗန့်စ် (J.D. Vance) တို့ကို နိုဝင်ဘာရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် ဒီမိုကရက်တစ်ပါတီ ဒုသမ္မတလောင်းကို လက်ရှိ ဒုသမ္မတဟဲရစ်စ် (Harris) မကြာခင်ရွေးချယ် ကြေညာရပါလိမ့်မယ်။ အမေရိကန် သတင်းမီဒီယာတွေမှာတော့ အမေရိကန် ရှေ့နေချုပ်ဟောင်း Eric Holder နဲ့ သူ့ရဲ့ ဥပဒေရေးရာရုံးက ဒီမိုကရက်တစ်ပါတီ ဒုသမ္မတလောင်းလျာထားမယ့်သူကို စိစစ်နေတဲ့အကြောင်း သတင်းတွေ ဖေါ်ပြပါတယ်။

ဒီမိုကရက်အုပ်ချုပ်ရေးမှူး ၅ ယောက်နဲ့ အထက်လွှတ်တော်အမတ်တယောက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဒုသမ္မတဟဲရစ်စ်ရဲ့ မဲဆွယ်စည်းရုံးရေးမှူးတွေက တောင်းခံထားပြီး စိစစ်နေတဲ့အကြောင်း Wall Street Journal သတင်းစာမှာ ရေးပါတယ်။ အဲဒီအထဲမှာ မြောက်ကယ်ရိုလိုင်းနားပြည်နယ်အုပ်ချုပ်ရေးမှူး Roy Cooper, ပန်ဆယ်ဗေးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Josh Shapiro, မီရှီဂန်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Gretchen Whitmer, မင်နီဆိုးတားပြည်နယ်အုပ်ချုပ်ရေးမှူး Tim Walz နဲ့ အီလီနွိုင်းပြည်နယ်အုပ်ချုပ်ရေးမှူး J.B. Pritzker တို့ အပြင် အရီဇိုးနားပြည်နယ် ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် Mark Kelly တို့ ပါဝင်တဲ့အကြောင်း သတင်းစာက ရေးပါတယ်။

ဩဂုတ်လအတွင်း အီလီနွိုက်ပြည်နယ် ချီကာဂိုမြို့မှာ ဒီမိုကရက်တစ် ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပဖို့ စီစဉ်နေပြီး ညီလာခံ မကျင်းပခင် သီတင်းပတ်တွေအတွင်းမှာ ဒုသမ္မတလောင်း ရွေးချယ်ဖို့ လျာထားခံရသူနဲ့ ဒုသမ္မတဟဲရစ်စ်တို့ တဉီးချင်းတွေ့ဆုံ စကားပြောဆိုမယ့်အကြောင်း Brookings Institution က အကြီးတန်း သုတေသီ William Galston က VOA ကို ပြောပါတယ်။

Your browser doesn’t support HTML5

ဒီမိုကရက်တစ်ပါတီ ဒုသမ္မတလောင်း စတင်စိစစ်နေ