တူရကီလိုငလျင်မျိုး မြန်မာမှာကြုံရနိုင်သလား  

ပြင်းအား ၆.၈ ရစ်ချ်တာစကေးရှိတဲ့ ပုဂံငလျင်လှုပ်ခတ်စဉ်။ (ယခင်မှတ်တမ်းဓာတ်ပုံ) 

{{Zawgyi/Unicode}}

ရွေ့လျားနေတဲ့ ကျောက်ချပ်ထုကြီးတွေနဲ့ ပြတ်ရွေ့ကြောတွေရှိရာ မတည်ငြိမ်တဲ့ ငလျင်ရပ်ဝန်းပေါ်မှာ တည်ရှိတဲ့ တူရကီမှာ မကြာသေးခင်က လှုပ်ခဲ့တဲ့ငလျင်ကြောင့် လူပေါင်းသောင်းချီ သေဆုံးခဲ့ရပါတယ်။ ဒီလို မတည်ငြိမ်တဲ့ ငလျင်ရပ်ဝန်းမျိုးမှာတည်ရှိနေတဲ့ မြန်မာနိုင်ငံမှာရော အလားတူ အဖြစ်မျိုး ကြုံလာနိုင်ပါသလား။ ဘူမိနည်းပညာ အင်ဂျင်နီယာ ဒေါက်တာချစ်ကိုကို ကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြပေးမှာပါ။

ဒေါ်ခင်မျိုးသက်။ ။ အင်ဂျင်နီယာ၊ ဘူမိဗေဒပညာရှင်တယောက်အနေနဲ့ မြန်မာနိုင်ငံကငလျင်နဲ့ ပတ်သက်ပြီးတော့ သုံးသပ်ပြစေချင်ပါတယ်။ အခုဆို လောလောဆယ်မှာဆိုရင် တူရကီမှာငလျင်လှုပ် သွားပါတယ်။ ဒီဒေသဟာငလျင်အမြဲတမ်းလှုပ်ခတ်နေကျဒေသမို့လို့ လူတွေက ပြင်ဆင်ထားရင်းနဲ့ အခု အသေအပျောက်က လေးသောင်းကျော်သွားပါပြီ။ …ဆိုတော့ မြန်မာနိုင်ငံမှာလည်း ဒီလိုပဲပေါ့နော်-ငလျင်ဒဏ်ခံရနိုင်တဲ့ ငလျင်အများဆုံးလှုပ်တဲ့ဒေသဆိုပြီး မြန်မာပြည်မှာလည်း သတ်မှတ်ထားပါတယ်။ ဆိုတော့ ဒီလိုနေရာမျိုးမှာရော ဒီလိုမျိုး ကြုံတွေ့လာနိုင်သလား။ ဒီလိုငလျင်လှုပ်နိုင်ခြေရှိသလား။ အဲဒါလေး ပြောပြပေးပါ။

ဒေါက်တာချစ်ကိုကို။ ။ ဟုတ်ကဲ့ပါဗျ။ လိုရင်းတိုရှင်းဖြေရရင် လှုပ်နိုင်တယ်လို့ပဲ ကျနော်ဖြေမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ အင်အားကြီးမားတဲ့ငလျင်တွေ လှုပ်ခဲ့ဖူးတယ်ဆိုတဲ့ သာဓကတွေရှိပါတယ်။ ဒါတင်မကပါဘူး၊ မြန်မာနိုင်ငံသည် ငလျင်ဇုန်ကျတဲ့ Alpide belt ထဲမှာ ပါဝင်နေပါတယ်။

ဒေါ်ခင်မျိုးသက်။ ။ ဆိုတော့…မြန်မာနိုင်ငံက ငလျင်လှုပ်နိုင်တဲ့ Alpide ရပ်ဝန်းထဲမှာကျတယ်ဆိုတော့ စိုးရိမ်စရာအခြေအနေ ဘယ်လောက်များရှိပါသလဲ။

ဒေါက်တာချစ်ကိုကို။ ။ Alpide belt ထဲမှာရှိတဲ့ နိုင်ငံတွေ၊ ဒေသတွေကတော့ ငလျင်မကြာခနလှုပ်တာဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ ရစ်ချ်တာစကေး ၇ နဲ့ ၇.၉ ဆိုတဲ့ငလျင်မျိုးက မြန်မာပြည်မှာအရင်တုန်းကလှုပ်ခဲ့တဲ့အကြိမ်တွေအရ record လုပ်ထားတဲ့ပေါ့နော်၊ ကျနော် ကြည့်လိုက်တဲ့အခါကျတော့ ဒီလိုကြီးမားတဲ့ငလျင်တွေက ၁၂ နှစ်တခါလောက်တော့ လှုပ်တတ်တယ်ဆိုတော့-အဲတော့ ဒါ အင်မတန်စိုးရိမ်စရာကောင်းတာပေါ့။ ၁၂ နှစ်လောက်အကြာမှာ တူရကီ earthquake နဲ့စွမ်းအင်ချင်းတူညီလောက်တဲ့ငလျင်က ၁၂ နှစ်တကြိမ်လောက်လှုပ်နိုင်တယ်ဆိုတဲ့သဘောမျိုးမှာ သွားသက်ရောက်နေတာကိုး။

ဒေါ်ခင်မျိုးသက်။ ။ ဟုတ်ကဲ့၊ အခု ငလျင်လှုပ်သွားတဲ့တူရကီမှာဆိုရင် ဆီးရီးယားနဲ့နယ်စပ်ဒေသမှာဖြစ်ပါတယ်။ မြို့အလယ်ကြီးလည်းမကျပါဘူး။ ဒါပေမဲ့ ဒါပေမဲ့ လှုပ်သွားတဲ့နေရာက မြို့နဲ့နီးပါတယ်။ ဆိုတော့ ဒီလိုမျိုးမှာ လှုပ်သွားတဲ့အခါမှာ လူအသေအပျောက်တွေပိုများပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာရော ဒီလိုငလျင်လှုပ်နိုင်ရင် ဘယ်လိုမြို့နေရာတွေမှာ သတိကောင်းကောင်းထားဖို့ လိုပါသလဲ။

ဒေါက်တာချစ်ကိုကို။ ။ ဆိုတော့ မြန်မာနိုင်ငံအနေနဲ့ ဒီ အဓိကငလျင်လှုပ်တဲ့ ရှမ်းပြည်ဘက်မှာ ရှိတယ်။ နောက်တခါ စစ်ကိုင်းပြတ်ရွေ့ပေါ့နော်။ စစ်ကိုင်းပြတ်ရွေ့ကြီးက ဘာနဲ့တိုက်ရိုက်ဆက်စပ်နေလဲဆိုတော့ plate tectonic theory လို့ခေါ်တာပေါ့နော်။ ကမ္ဘာ့ရဲ့မြေလွှာအောက်မှာ ကျောက်ချပ် အလွှာချပ်ကြီးတွေရှိတယ်၊ အဲဒီကျောက်ချပ်ကြီးတွေက ရွေ့လျားနေတယ်။ အဲဒီရွေ့လျားတဲ့အခါကျတော့ ပွတ်တိုက်မှုဖြစ်တယ်၊ ပွတ်တိုက်မှုဖြစ်တဲ့အခါကျတော့ ပြတ်ရွေ့ဖြစ်တယ်။ အဲဒီရွေ့လျားမှုကြောင့် ဘာဖြစ်လဲဆိုတော့ သူက ငလျင်ကိုဖြစ်ပေါ်စေတယ်ပေါ့။ အဲဒီ ငလျင်ဖြစ်ပေါ်စေတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောကြီးက ဧရာဝတီမြစ်ကြောင်းတကြောင်း အတိုင်း ပေါ့နော်- ဟိုးကချင်ပြည်နယ်အထိ တက်သွားတာတွေ့ရပါလိမ့်မယ်။ …ဆိုတော့ မြန်မာနိုင်ငံမှာ လှုပ်ခဲ့တဲ့ငလျင်တွေကို ကြည့်လိုက် မယ်ဆိုလို့ရှိရင်လည်း မြန်မာပြည်ကမြို့ကြီးတွေ ဥပမာ ပဲခူးတို့၊ ရန်ကုန်တို့၊ နေပြည်တော်အပါအဝင်ပေါ့၊ မန္တလေး၊ စစ်ကိုင်း၊ မြစ်ကြီးနား- မြန်မာနိုင်ငံရဲ့လူဦးရေ ထူထပ်တဲ့မြို့ကြီးတွေကို ဒီပြတ်ရွေ့ကြီးက ဖြတ်သွားတယ်။ ဆိုတော့ ဒီပြတ်ရွေ့ကြီးက အဓိကငလျင်ကို လှုပ်စေနိုင်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ လူဦးရေထူထပ်တဲ့ နေရာတွေမှာဖြစ်မယ့်ငလျင်သည် လူတွေကိုသေဖို့အတွက် အခွင့်အရေးပိုရှိတယ်လို့ပဲ ယေဘုယျပြောလို့ရမှာပေါ့ခင်ဗျ။ အဲဒီတော့ အသေအပျောက်တွေများမယ်၊ အပျက်အစီးတွေများမယ်၊ အဆောက်အဦးတွေပျက်စီးမယ်။

ဥပမာဆိုပါတော့- ရေကာတာတွေရှိရင် ရေကာတာတွေကျိုးပေါက်သွားနိုင်တယ်၊ ပျက်စီးသွားနိုင် တယ်။ အဆောက်အဦးတွေရှိရင် ပြိုကျသွားနိုင်တယ်။ အဲဒီတော့ ကျနော်တို့ဆောက်ထားတဲ့ အဆောက်အဦးတွေက အထပ်မြင့်တွေများလာလေ၊ ပိုကြောက်စရာကောင်းလာလေ။ သို့သော် အထပ်မြင့်တိုင်းကြောက်စရာကောင်းတယ်-ဒီလိုတော့ ပြောလို့မရဘူးခင်ဗျ။ အဲဒီတော့ ငလျင်ဒဏ် ခံနိုင်တဲ့အနေအထားဖြစ်အောင်ဆောက်ထားတဲ့ အဆောက်အဦးတွေဆိုလို့ရှိရင်တော့ အတိုင်းအတာ တခုအထိ ခံနိုင်ရည်ရှိမှာပေါ့။ အထူးသဖြင့် ဂျပန်မှာရှိတဲ့ အဆောက်အဦးတွေဆို အထပ်မြင့် အဆောက်အဦးဖြစ်တယ်။ ငလျင်ဒဏ်ကို ကောင်းကောင်းခံနိုင်တယ်။ သို့သော် တူရကီမှာရှိတဲ့ အဆောက်အဦးတွေသည် ငလျင်ဒဏ်ကို ခံနိုင်အောင်ဆောက်ထားငြားသော်လည်း ဒါမှမဟုတ်လို့ရှိရင် အဲဒီလိုဆောက်ထားတဲ့ အဆောက်အဦးတွေသည် ရှေးကျတဲ့အဆောက်အဦးတွေဆိုရင် ငလျင်ဒဏ် ခံနိုင်အောင် ဆောက်ထားတာဖြစ်မှာမဟုတ်ဘူး၊ နောက်ကျတဲ့အဆောက်အဦးတွေ ကျတော့လည်း ငလျင်ဒဏ်ခံနိုင်အောင်ဆောက်ထားတာဖြစ်ကောင်းဖြစ်မယ်၊ သို့သော်လည်းပဲ အဲဒီမှာဆောက်တဲ့ ကုမ္ပဏီတွေရဲ့ ရေသာခိုမှုတွေကြောင့်မို့လို့ ပျက်စီးတာတွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒေါ်ခင်မျိုးသက်။ ။ ငလျင်ရဲ့ပြင်းအားနဲ့ပတ်သက်ပြီးတော့ပေါ့နော်- မြန်မာနိုင်ငံလိုနေရာမျိုးမှာ ပြင်းအား ၇ ကျော်ကျော်နဲ့ ၁၂ နှစ်မှာတကြိမ် လှုပ်နိုင်တယ်ဆိုတော့ ဒီပြင်းအားနဲ့ပတ်သက်ပြီးတော့ အများမျက်စိထဲမြင်သာအောင် ပြောပြပေးပါနော်။ အခု တူရကီမှာလှုပ်သွားတဲ့ငလျင်ရဲ့ပြင်းအားနဲ့ မြန်မာနိုင်ငံမှာလှုပ်မယ်ဆိုလို့ရှိရင် ဖြစ်လာနိုင်တဲ့ပြင်းအားပေါ့နော်- ဘယ်လောက်များ ပြင်းထန်နိုင်ပါသလဲ။ အဲဒါ ပြောပြပေးပါ။


ဒေါက်တာချစ်ကိုကို။ ။ ဟုတ်ကဲ့ပါဗျ။ အဲဒီ ငလျင်ကိုတိုင်းတာတဲ့နေရာမှာ တိုင်းတာမှုတွေ အမျိုးမျိုးရှိပါတယ်။ အဲဒီမှာ ကျနော်တို့သုံးတဲ့စကေးပေါ့နော်၊ အကြမ်းဖျင်း သုံးမျိုးသုံးစားလောက် ..အမှန်တော့ သုံးမျိုးသုံးစားတော့ မကပါဘူး။ သို့သော်လည်းပဲ အကြမ်းဖျင်း ကျနော်တို့သိထားတာက မာကယ်လီ စကေး ဆိုတာရယ်၊ ရစ်ချ်တာစကေးဆိုတာရယ်၊ နောက်တခါ Moment Magnitude scale ဆိုပြီး သုံးမျိုးသုံးစား တိုင်းတာပါတယ်။ အဲဒီထဲမှာ ထင်သာမြင်သာရှိတဲ့စကေးကတော့ ရစ်ချ်တာစကေးပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ သတင်းတွေထဲမှာ ဖော်ပြလို့ရှိရင်လည်း တခြားစကေးတွေအကြောင်း သိပ်မတွေ့ရပါဘူး။ ရစ်ချ်တာစကေး ဘယ်လောက်ရှိတဲ့ငလျင် လှုပ်သွားတယ်-လို့ပဲ ပြောပါတယ်။ …ဆိုတော့ ဒါကို မျက်စိထဲပေါ်လာအောင် ဖော်ပြရလို့ရှိရင် ဥပမာအဖြစ် ရစ်ချ်တာစကေး ၅ ပေါ့။ ၅ ရှိတဲ့ငလျင်လှုပ်သွားလို့ရှိရင် အဲဒီငလျင်ရဲ့ပြင်းအားက ဘယ်လောက်နဲ့သွားညီလဲဆိုတော့ ဟီရိုရှီးမားကို ချသွားတဲ့ အနုမြူဗုံး Little boy လို့ခေါ်တဲ့ အနုမြူဗုံးရဲ့နှစ်လုံးစာလောက်ရှိတယ်။ အကြမ်းဖျင်းပေါ့။ ၁.၉၉ ဆိုတော့ ၂ နီးပါးပေါ့။ နှစ်လုံးစာလောက်ရှိတယ်။ သို့သော် ကျနော်တို့မျက်စိထဲ မြင်သင့်တာက ဘာလဲ ဆိုတော့ ဒီငလျင်ပြင်းအား ရစ်ချ်တာစကေး ၅ ကနေ ၆ ၊ ၄ ကနေ ၅ စသဖြင့် တမှတ်တက်သွားတိုင်း သွားတိုင်း အဆက ၃၂ ဆ ပိုကြီးလာတယ်ဆိုတာကို သဘောပေါက်ဖို့လိုတယ်။ အဲဒီတော့ အခုနက ပြောတဲ့ ရစ်ချ်တာစကေး ၅ မှာ အနုမြူဗုံးနှစ်လုံးနဲ့ညီတဲ့အားသည် ရစ်ချ်တာစကေး ၆ မှာကျတော့ ၆၄ လုံးလောက်နဲ့သွားညီပါတယ်။ အဲဒီကမှ တဆင့်တက်လိုက်လို့ ရစ်ချ်တာစကေး ၇ ဆိုလို့ရှိရင် ဘယ်လောက်နဲ့သွားညီမလဲဆိုတော့ ၁၉၈၈ လုံးဖောက်တာနဲ့သွားညီမယ်၊ အဲဒီ little boy အနုမြူဗုံး ၁၉၈၈ လုံးဖောက်တာနဲ့ သွားညီမယ်။ ၇ ကနေ ၈ တက်လိုက်တဲ့အခါကျတော့ ဘယ်လောက်တောင် ကွာသွားပြီလဲဆိုတော့ အဲဒီအနုမြူဗုံးပေါင်း ၆၃,၁၂၅ လုံးဖောက်တာနဲ့ သွားညီမယ်ဆိုတော့ ရစ်ချ်တာစကေး ၈ နားကပ်နေတဲ့ငလျင်သည် ဘယ်လောက်တောင်ကြီးမားတဲ့ ပျက်စီးမှုဖြစ်စေနိုင်တယ်ဆိုတာ မျက်စိထဲ ပုံဖော်ကြည့်လို့ရပါတယ်။

ဒေါက်တာချစ်ကိုကိုပါ။ ငလျင်လှုပ်တဲ့ ဗဟိုချက်တိမ်ရင်လည်း အပျက်အစီးက ပိုများနိုင်တယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် မြစ်ဆုံလို ငလျင်တိမ် ဖြစ်ပွါးရာ ဇုံထဲ ကျနေတဲ့ နေရာမျိုး အတွက် သတိကြီးကြီးထားဖို့လိုတယ် ဆိုတာကို တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

Your browser doesn’t support HTML5

တူရကီလိုငလျင်မျိုး မြန်မာမှာကြုံရနိုင်သလား .mp3

===============

{{Unicode}}












