သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၈ ငလျင်စစ်တမ်း အပိုင်း (၂)


2018 Earthquake Summary ၂၀၁၈ ငလျင်စစ်တမ်း အပိုင်း (၂)
2018 Earthquake Summary ၂၀၁၈ ငလျင်စစ်တမ်း အပိုင်း (၂)
တိုက်ရိုက် လင့်ခ်

ငလျင်အန္တရာယ် အချိန်မရွေး ကျရောက်နိုင်ချေရှိနေတဲ့ မြန်မာနိုင်ငံမှာ မြစ်ဆုံဆည်လို စီမံကိန်းကြီးတွေ၊ အဆောက်အအုံတွေ အပါအဝင် သတိထားသင့်တာတွေကို အင်ဂျင်နီယာ ဘူမိပညာရှင် ဦးတင့်လွင်ဆွေက ပြောပြပေးမှာပါ။

ဦးတင့်လွင်ဆွေ။ ။ “ဒါကတော့ Technical factor တခု ပေါ့လေ။ နည်းပညာအချက်အလက် အနေနဲ့ စဉ်းစားကြတာ ဖြစ်ပါတယ်။ သူက ငလျင်တင် မဟုတ်ပါဘူး။ မြစ်ဆုံနေရာမှာက တခြားပြတ်ရွေ့တွေ အမည်တပ်မထားတဲ့ ပြတ်ရွေ့လေးတွေ ရှိပါတယ်။ နောက် ကျနော်တို့က ဒီစစ်ကိုင်း ပြတ်ရွေ့နဲ့ ဆိုရင် စစ်ကိုင်းပြတ်ရွေ့က ခွဲထွက်သွားတဲ့ ပြတ်ရွေ့ငယ် ကလေးတွေလည်း အများကြီး ရှိတယ်။ အဲဒီတော့ ငလျင်တင် မဟုတ်ပဲနဲ့ မြေထု ကလည်း ရွေ့လျားမှု ရှိတယ်။ နောက် foundation ground လို့ခေါ်တဲ့ အောက်ခံမြေသားကလည်း စီစစ်ဖို့လိုတယ်။ အထူးသဖြင့်ဆိုရင် serpentine အမျိုးအစား ကျောက်သားဆိုရင် တကယ်က သိပ်ပြီးတော့ ကောင်းလှတဲ့ မြေသားမျိုးတော့ မဟုတ်ဖူး။ ဒါပေမယ့် ငလျင်ကတော့ ရှိနေမှာပဲ။ ဘယ်နေရာမှာမဆို ငလျင်က ရှိနေတာမို့ technical factor အနေနဲ့ ထည့်သွင်းစဉ်းစားမယ် ဆိုရင်တော့ သူက အရေးတကြီးစဉ်းစားသင့် ပါတယ်။

နောက်ပြီးတော့ လူအများ အောက်ဖက်မှာ ပျက်စီးရနိုင်တဲ့ ပျက်စီးထိခိုက်နိုင်တဲ့ ထွက်ပြေးရနိုင်တဲ့ ပျက်စီးဆုံးရှုံးရနိုင်တဲ့ အချက်ကို ထည့်သွင်းတွက်ချက်သင့်ပါတယ်။ ခုနပြောသလိုပဲ ငလျင်အရှိန်ဆို များသောအားဖြင့် တိုင်းတာတဲ့ဟာတွေက ငလျင်အရှိန်ကိုပဲ တိုင်းပါတယ်။ ဒါပေမယ့် ground အောက်ခံမြေသားရယ် ပြတ်ရွေ့တွေရဲ့ ရွေ့လျားပြီးတော့ လှုပ်ရှားမှု ရှိတာတွေကလည်း တပိုင်းပါပါတယ်။ အဲဒါတွေလည်း အများကြီး အကျုံးဝင်ပါတယ်။ အဲဒါကို အခြေခံပြီး ပြောကြဆိုကြတာ ဖြစ်ပါတယ်။”

အခုမြစ်ဆုံဒေသမှာတင် ဆည်ဆောက်တာ မဟုတ်ဖူးပေါ့။ မြန်မာနိုင်ငံက စွမ်းအင် လိုအပ်ချက်တွေ အရမ်းကြီးနေတဲ့ အခါကျတော့ ရေအားလျှပ်စစ် ထုတ်ဖို့အတွက် လုပ်နေကြပါတယ်။ ဆိုတော့ ရေအားလျှပ်စစ် ထုတ်လို့ရှိရင် ထည့်သွင်း စဉ်းစားရမယ့် အချက်လေးတွေ ထောက်ပြပေးပါ။

ဦးတင့်လွင်ဆွေ။ ။“ ဟိုတုန်းကတည်းက ကျနော်တို့က ဆည်တွေဆောက်လို့ရှိရင် ဆည်ဆိုတာက infrastructure မှာတော့ အကြီးစားတွေပေါ့။ အဲဒါကို စပြီး တည်ဆောက်ချိန်ကတည်းက ဟိုရှေးရှေးက ဆည်တွေ ဆောက်စဉ်ကတည်းက ငလျင်ကို အမြဲတမ်း ထည့်သွင်းစဉ်းစား ဆောက်လေ့ရှိပါတယ်။ ကျနော်သိရသလောက်။ ကျနော်တို့လည်း ဒီဆည်တွေမှာ ကွင်းဆင်းဖူးပါတယ်။ အခု အချိန်ခါ မှာတော့ ပိုပြီးတော့ စေ့စပ်တဲ့ ပိုပြီးတော့ပြည့်စုံတဲ့၊ ငလျင် အချက်အလက် တွေကို စဉ်းစားပြီးတော့ ဆောက်သင့်ပါတယ်။ ပိုကောင်းပါတယ်။ နောက် အခုက ဒီငလျင် အချက်လက်တွေတင် မဟုတ်ပဲနဲ့ ခုနပြောတဲ့ လှုပ်ရှားမှု ရှိနိုင်တဲ့ ပြတ်ရွေ့တွေကို ဒီဆည်မဆောက်ခင်ပေါ့။ လေ့လာပြီးမှ ဆောက်ဖို့ ကောင်းပါတယ်။ နောက် ဆောက်ပြီးသား ဆည်တွေကိုလည်း ပြန်ပြီးတော့ အမြဲတမ်း quality check ပေါ့။ သူ့ရဲ့ ဒီဇိုင်းတို့ သူ့ရဲ့ stability တည်ငြိမ်မှု တို့ ကို ပြန်စစ်ပြီးတော့မှ ဖြစ်လာနိုင်တဲ့ တွေ့ရှိထားတဲ့ ငလျင် အချက်အလက်တွေကို အခြေခံပြီးတော့မှာ ပြန်ပြီးတော့ မြန်မြန်စစ်ဆေးပြီး လိုအပ်တာတွေကို ဆက်ပြီးတော့ ပိုကောင်းအောင် လုပ်သင့်ပါတယ်။”

မြန်မာနိုင်ငံအတွက် ငလျင်အန္တရာယ်ဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ရှိနေတာဖြစ်ပြီး အခြေခံအားဖြင့် အပိုင်း ၃ ပိုင်း ထားတာပါ။

ဦးတင့်လွင်ဆွေ။ ။“ကျနော်တို့က မြန်မာနိုင်ငံကို တောင် မြောက် ကြည့်လိုက်လို့ရှိရင် အနောက်ဖက်ကနေ အရှေ့ဘက်ကို သွားလို့ရှိရင် အနောက်ဖက်မှာ ကျနော်တို့က ရခိုင်ရိုးမတို့၊ ချင်းတောင်တန်းတို့၊ နာဂတောင်တန်းတို့ ဒီတောင်တန်းတွေ ရှိတဲ့ အပိုင်းပေါ့ အနောက်ဖက်တောင် တန်းများအပိုင်းပေါ့။ သူက ဘာလဲဆိုတော့ အနောက်ဖက်က အိန္ဒိယမြေထုချပ်နဲ့ အရှေ့ဘက်က Burma Plate လို့ခေါ်တဲ့ မြန်မာမြေထုချပ်တို့ တွန်းတိုက်လို့ ဖြစ်တဲ့ တောင်တန်းများ အပိုင်းပေါ့။ သူတို့ရဲ့ လှုပ်ရှားမှုက အရမ်းများတယ်။ သူတို့က တခြားဇုံ၊ တခြားနယ်နိမိတ်တွေ နဲ့စာရင် သူတို့ဆီမှာ လှုပ်ရှားမှုက ပိုများတယ်။

နောက် ဒုတိယက ဒီမြန်မာပြည်အလယ်ပိုင်းမှာ မြန်မာပြည်အလယ်ပိုင်းကျတော့ ခုနပြောခဲ့တဲ့ စစ်ကိုင်းပြတ်ရွေ့က ရှိနေတယ်။ မြန်မာပြည် အလယ်ပိုင်းက သူက နဲနဲနိမ့်တယ်။ နောက် စစ်ကိုင်းပြတ်ရွေ့က အနောက်ဖက်တကျောက အိန္ဒိယမြေထုချပ်ရဲ့ တွန်းတိုက်တဲ့ ဒဏ်ကြောင့် ဖြစ်တဲ့ တခြားကျနော်တို့ အမည်မတပ်ရ သေးတဲ့ ပြတ်ရွေ့ငယ် ကလေးတွေ ရှိတယ်။ သူတို့ကလည်း ငလျင် လှုပ်နိုင်တဲ့ အခြေနေရှိတယ်။ ပြီးတော့ ပခိုးရိုးမဖြစ်စဉ်ကလည်း ရှိတယ်။ ပခိုးရိုးမကလည်း မြင့်တက်တဲ့ အခြေနေရှိတော့ သူက ပခိုးရိုးမအတွင်းမှာလည်း လှုပ်တယ်။ ပခိုးရိုးမအနောက်ဖက် အစပ်မှာလည်း လှုပ်တယ်။ ဒီဟာကတော့ မြန်မာနိုင်ငံအလယ်ပိုင်းရဲ့ အခြေအနေဖြစ်တယ်။

နောက်တခုက အရှေ့ပိုင်းပေါ့။ ရှမ်းကုန်းပြင်မြင့် ကို တက်လိုက်တာနဲ့ ရှမ်းကုန်းပြင်မြင့် မှာလည်း ငလျင်လှုပ်နိုင်တဲ့ ပြတ်ရွေ့တွေ ရှိတယ်။ ဥပမာ ကျောက်ကြမ်း ပြတ်ရွေ့လို ပြတ်ရွေ့အကြီးစား ကြီးတွေ ရှိတယ်။ ၂၀၁၁ ကဆို တာလေမှာ တာချီလိတ်နားမှာ လှုပ်တဲ့ နမ်းမား ပြတ်ရွေ့ဆို ဒီပြတ်ရွေ့နဲ့ အပြိုင် ဟိုဘက်ခြမ်း ဝနယ်ဘက်မှာလည်း ပြတ်ရွေ့အကြီးကြီး ရှိတယ်။ ဝနဲ့ ရှမ်းပြည်မြောက်ဖက်ဖျားမှာ ရွှေလီဘက်ခြမ်း မှာဆို ပြတ်ရွေ့အကြီးစားကြီးတွေ ရှိပါတယ်။ သူတို့ကလည်း သီးခြား ယန္တရားပေါ့လေ။ ဖြစ်စဉ်တွေနဲ့ လှုပ်တယ်။

ပြန်ပြီးချုပ်လိုက်ရင်တော့ ၃ ပိုင်းပေါ့လေ။ အနောက်ဖက် တောင်တန်းများအပိုင်း၊ အလယ်ပိုင်းနဲ့ အရှေ့ဘက်ပိုင်း ပါ။ သီးခြားစီ ယန္တရားလေးတွေ ရှိတယ်။ သူတို့ကလည်း လှုပ်ပါတယ်။ အလှုပ်ဆုံးကတော့ အနောက်ဖက်ခြမ်းပါ။ သူက တနှစ်ကို ခန့်မှန်းပြောရရင်တော့ ရရှိထားတဲ့ ဒေတာ အချက်အလက်ကိုမှီပြီး ပြောရရင်တော့ ပမာဏ ၆ ကတော့ တနှစ်ကို တကြိမ်အနဲဆုံး လှုပ်တယ်။ အနောက်ဖက် တောင်တန်းများအပိုင်းက။ နောက် မြန်မာပြည် အလယ်ပိုင်းကတော့ ၂ နှစ်ကို တကြိမ်လောက် လှုပ်တယ် - ပမာဏ ၆ ကတော့။ အရှေ့ဘက်ခြမ်းကျတော့ သူက ဆယ်နှစ်ကို တကြိမ် ၆ နှစ်ကို တကြိမ်လောက် လှုပ်တယ်။ အဲဒီလို အခြေနေရှိတယ်။”

မြန်မာနိုင်ငံမှာ ငလျင်အန္တရာယ်က အချိန်မရွေး ကျရောက်နိုင်တော့ ဘာတွေ သတိပေးချင်ပါသလဲ။ ဘာအချက်တွေ သတိထားရမလဲ။ ဘာလုပ်သင့်သလဲ၊ ခုနပြောတော့ မန္တလေး မြေနုဒေသတွေမှာ အဆောက်အဦး အမြင့်ကြီးတွေ ဆောက်တာကို တိုးချဲ့နေတာတွေ သတိထားသင့်တယ် ဆိုတာမျိုးပေါ့။ အဲဒီလို သတိထားရမှာလေးတွေ နဲနဲ ပြောပြပေးပါ။

ဦးတင့်လွင်ဆွေ။ ။“ဟုတ်ကဲ့။ ပထမတပိုင်းကတော့ အုပ်ချုပ်မှု အပိုင်း နောက် အင်ဂျင်နီယာ အပိုင်းပါ။ အုပ်ချုပ်မှု အပိုင်းကတော့ ဘယ်အရပ်ဒေသမှာ ငလျင်အကြီးစား အန္တရာယ် အကြီးစား ရှိနိုင်တယ် ဆိုတဲ့အကြောင်းကို အုပ်ချုပ်မှု အပိုင်းက သိရှိထားပြီးတဲ့ အခါကျတော့ လိုအပ်တဲ့ ထောက်ပံ့မှုတွေ၊ လိုအပ်တဲ့ပြင်ဆင်မှုတွေ၊ ထိန်းချုပ်မှုတွေ ပေးနိုင်ဖို့ပါ။ ဒါ အစိုးရပိုင်းကပါ။

အင်ဂျင်နီယာ အပိုင်းကတော့ အင်ဂျင်နီယာအများစုက ငလျင်နဲ့ ပတ်သက်ပြီးတော့ သိထားပြီးသား များပါတယ်။ အဆောက်အဦးဆောက်တဲ့အခါ ငလျင်ဒဏ် ခံနိုင်အောင် ဆောက်ဖို့အတွက် ဒီဇိုင်းတွေ ဘာတွေ ထည့်သွင်း စဉ်းစားတာမျိုးတွေ ရှိတယ်။ သို့သော်လည်းပဲ ဒါကို ကျနော်တို့က ကြီးကြပ် ပံ့ပိုးပေးဖို့ လိုပါတယ်။

ခုနပြောတဲ့ အရေးကြီးတဲ့ စက်မှုဇုံလိုမျိုးဆို ကျနော်တို့က ဒါတွေဟာ အရေးကြီးတဲ့ နေရာတွေဖြစ်တယ်။ နောက် ကျောင်းလိုမျိုးက အရေးကြီးတဲ့ အဆောက်အဦးတွေ ဖြစ်တဲ့အတွက်ကြောင့် ဒါကို သေသေချာချာ စဉ်းစားပြီးတော့မှ နေရာနဲ့ အောက်ခံမြေသား တွေကို သေသေချာချာ လေ့လာပြီးမှ စီမံကိန်းတွေ ချတာတို့၊ အဆောက်အဦး ဆောက်တာမျိုးတို့၊ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်တာတို့က အင်ဂျင်နီယာနဲ့ အစိုးရပိုင်းက လုပ်ရမှာပါ။

တဦးချင်းကျတော့ ကျနော်တို့ကနဲနဲတော့ခက်ပါတယ်။ ဘာလို့လည်း ဆိုတော့ ကိုယ်နေတဲ့ အဆောက်အဦးက ဘယ်နေရာမှာ ရောက်နေတယ်ဆိုတာက ပညာရှင်ကမှ ပြောပြနိုင်မှာလေ။ ဒါပေမယ့် တဦးချင်းကျတော့ ခက်တယ်။ နောက် ရှိပြီးသား အဆောက်အအုံတွေ ကျတော့ ပိုခက်ပါတယ်။ မြန်မာပြည်က ရှိပြီးသား အဆောက်အဦးတွေဖြစ်နေတယ်။ အဲဒီလိုဖြစ်နေတဲ့အပြင် အဆောက်အဦး တွေက နှစ်ပေါင်းများစွာ ကြာနေပြီဆိုတော့ သူတို့ရဲ့ အရည်အသွေး ကျဆင်း နေတာ ဆိုတော့ အဲဒါတွေအတွက် သေသေချာချာ သိထားရမယ်။ ကိုယ်နေတဲ့ အဆောက်အဦးရဲ့ အရည်အသွေးကျဆင်းမှု ဘယ်လောက်ရှိတယ် ဆိုတာကို သိထားဖို့ data ကို အရင်ဆုံး လေ့လာဖို့ လိုပါတယ်။ ကိုယ့်ဟာကိုယ် လေ့လာဖို့ပဲ လိုပါတယ်။

ပြီးတော့ ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်တွေကို သေချာလေ့လာပြီးတော့ ကိုယ် ဘယ်နေရာရောက်နေတယ် ဆိုတာကို လည်း သိထားဖို့ လိုပါတယ်။ အဲဒီတော့ ဟောင်းသွားတဲ့ အဆောက်အအုံတွေကို အသစ်ပြန်ဆောက်ဖို့ကလည်း စီးပွါးရေးအရ တချို့အတွက် ခက်ခဲပါတယ်။ တချို့ကလည်း ပြန်ပြင်နိုင်မယ့် သူကျတော့လည်း ဒီအချက်အလက်တွေကို သိရှိပြီးရင် အားနဲ နေတဲ့ အပိုင်းတွေကို ပြန်လည် ပြင်ဆင်သွားဖို့လိုပါတယ်။”

အဓိက ဦးစားပေး စောင့်ကြည့်ရမှာက ကျောင်းတွေ၊ ဆေးရုံတွေ ဖြစ်ပါတယ်။

ဦးတင့်လွင်ဆွေ။ ။“ကျနော်တို့က အရင့်အရင်က ဖြစ်ဖူးတဲ့ ငလျင် အဟောင်းတွေမှာ ငလျင်ကြီးဖြစ်ရပ် အဟောင်းတွေမှာ ကြည့်လိုက်လို့ရှိရင် အထိခိုက် အများဆုံးက ကျောင်းတွေ ဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ ဖြစ်ပါတယ်။ တောင်တွင်းကြီးရဲ့ အတွေ့အကြုံအရ ဆိုရင် စာသင်ကျောင်းတွေ အများအပြား ပျက်ပါတယ်။

မန္တလေးဆို ၁၈၃၉ ငလျင်ဆိုလို့ရှိရင် ဘုန်းကြီးကျောင်း အများစုက ပျက်စီးရတယ်။ အဲတော့ လူအများနေတဲ့ အဆောက်အအုံတွေကို ကျနော်တို့က ပြန်ပြီးတော့ စီစစ်သင့်တယ် ပေါ့နော်။ အရင် ပျက်ထားတဲ့ အခြေနေကနေ ကျနော်တို့ သိတယ် ဆိုရင် ပြန်ပြီး စီစစ်သင့်တယ်။ အဲဒါကို အထူးသဖြင့် အကာကွယ် ပေးသင့်တယ်။ ပြီးတော့ ဆေးရုံလည်း ပျက်လို့ မရပါဘူး။ ပြီးတော့ ရဲစခန်းတို့ဘာတို့၊ အကူအညီပေးမယ့် ဌာနတွေက ပျက်လို့ မရပါဘူး။ သူတို့က ကူညီမယ့် လူတွေ၊ ကူညီမယ့်သူ ကိုယ်တိုင်က ပျက်သွားလို့ရှိရင် ကျန်တဲ့ ဥစ္စာတွေ အကုန်လုံးက ပိုပြီးတော့ ဆိုးဝါးလာပါလိမ့်မယ်။ ဒါတွေဟာ ကျနော်တို့က အင်မတန် အရေးကြီးတဲ့ စစ်ဆေးထားရမှာတွေပါ။ နောက် နေရာနဲ့ဆိုင်တဲ့ သောက်သုံးရေတို့ဘာတို့ အစရှိသဖြင့် အဲဒီလို သိုလှောင်ထားတဲ့ စံနစ်တွေဘာတွေဟာ အင်မတန် အရေးကြီးတဲ့ အခါကျတော့ သူတို့ကို ဦးစားပေးသင့်ပါတယ်။”

အင်ဂျင်နီယာဘူမိ ပညာရှင် ဦးတင့်လွင်ဆွေပါ။

XS
SM
MD
LG