ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလားအလာ

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ စတုတ္ထအကြိမ် အစည်းအဝေး (သြဂုတ်လ ၂၁ ရက်နေ့ ၂၀၂၀)

(Zawgyi/Unicode)

ငိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမြန်ဆုံး ဆက်လက်ဆောင်ရွက်ဖို့ တပ်မတော်ရဲ့ တိုက်တွန်းချက်အပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်က တုန့်ပြန်ချက်တွေကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

အထွေထွေ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင်ကျင်းပနိုင်ပြီး COVID-19 ကပ်ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပြီဖြစ်တာကြောင့် NCA ခေါ် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့အပြင် မထိုးရသေးတဲ့အဖွဲ့တွေနဲ့ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမြန်ဆုံး ဆက်လက် ဆွေးနွေးဖို့ လိုအပ်ကြောင်း တပ်မတော်က တနင်္လာနေ့မှာပဲ ထုတ်ပြန်လိုက်တာပါ။

တချိန်တည်းမှာပဲ အဖွဲ့ဝင် ၅ဦးပါတဲ့ တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ဖွဲ့စည်းလိုက်ပြီး ဒီကော်မတီက NCA လက်မှတ်ထိုးအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးပိုမိုခိုင်မာအောင်နဲ့ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေနဲ့လည်း NCA လက်မှတ် ရေးထိုးသည်အထိ ဆက်လက်ဆွေးနွေးဖို့၊ ထာဝရ ငြိမ်းချမ်းရေးရသည်အထိ ဆက်လက်ဆွေးနွေးသွားဖို့ ထုတ်ပြန်ထားတာပါ။

ဒီထုတ်ပြန်ချက်အပေါ်မှာတော့ NCA လက်မှတ် မရေးထိုးသေးတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ TNLA တအန်း(ပလောင်)အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး တာ့အိုက်ကျော်က အခုလို ပြောဆိုပါတယ်။

“ ဒီဆွေးနွေးမှုကတော့ နဂိုတည်းက ကျနော်တို့ ရပ်တည်ချက်ကတော့ ဒီဆွေးနွေးပွဲကတော့ ကျနော်တို့ အမြဲတမ်းကြိုဆိုတယ်။ ကျနော်တို့ အမြဲတမ်းအဆင်သင့်ရှိတယ်။”

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ KIA ကချင် ၊ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန်၊့ AA ရခိုင် စတဲ့လက်နက်ကိုင်အဖွဲ့တွေဟာ Bilateral ခေါ် နှစ်ဘက်အပစ်ရပ်သဘောတူ စာချုပ်ချုပ်ဆိုရေးအတွက် ဆွေးနွေးနေကြတာဖြစ်ပါတယ်။

ပြီးခဲ့နှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံမှာ နောက်ဆုံးအလွတ်သဘောဆွေးနွေးခဲ့ပြီး COVID- 19 ကပ်ရောဂါကြောင့် ဆွေးနွေးပွဲတွေ ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ မဆွေးနွေးမီ ကျိုင်းတုံမှာဆွေးနွေးခဲ့စဉ်ကတော့ မြောက်ပိုင်းအဖွဲ့တွေဘက်က တောင်းဆိုထားတဲ့ နှစ်ဘက်အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပြီးရင် တိုက်ပွဲတွေ ပြန်မဖြစ်စေရေးအတွက် ကြားခံ စောင့်ကြည့်ရေးအဖွဲ့ထားရှိဖို့နဲ့ တပ်နေရာချထားရေးကိစ္စတွေကို တပ်မတော်ဘက်က လက်မခံတဲ့နောက် ဆွေးနွေးပွဲဟာ လမ်းကြောင်းပျောက်ခဲ့ရကြောင်းနဲ့ အခုတစ်ကြိမ်ထပ်မံတွေ့ဆုံရင်လည်း အလွတ်သဘောစတင်ဖို့များကြောင်း ဗိုလ်မှုးတာ့အိုက်ကျော်က ပြောပါတယ်။

“ အခုတစ်ခါ ပြန်တွေ့မယ်ဆိုရင်တော့ လမ်းကြောင်းတစ်ခုပြန်ရှာရအုံးမှာပေါ့။ လမ်းကြောင်းတစ်ခု ဘယ်လို ပြန်သွားကြမလဲ။ အလွတ်သဘောပဲဖြစ်မှာပေါ့နော။”

ပြီးခဲ့တဲ့လပိုင်းတွေက အစိုးရတပ်မတော်နဲ့ ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲတွေဖြစ်ခဲ့တဲ့ RCSS ခေါ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဆုံးဖြတ်ချက်အတိုင်း ဆွေးနွေးဖို့ ရှိနေကြောင်း အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုး စိုင်းခမ်းစံက ပြောပါတယ်။

“ ကျနော်တို့ RCSS ကျရှင်းပါတယ်။ ကျနော်တို့ Union Accord အပိုင်း ၃ အစိတ်အပိုင်း ၃အတိုင်းပဲ ကျနော်တို့ လုပ်ဆောင်သွားမှာပါ။ ၂ပိုင်းရှိတယ်လေ တစ်ခုကျတော့ EAO နဲ့ PPST နဲ့ သွားမှာလေနော်။ နောက်တစ်ပိုင်းကျတော့ RCSS နဲ့ Bilateral နဲ့ သွားမှာလေ။ အဲဒါ စီစဉ်တော့ စီစဉ်ထားတာ ဒါပေမဲ့ ရက်အတိအကျမသိတော့ ကျနော်လည်း ပြောလို့ မရဘူး။”

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်ရဲ့ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေကတော့ NCA လက်မှတ် ထိုးအဖွဲ့တွေနဲ့ ဆွေးနွေးတာတွေကို ဒီလကုန်ပိုင်းလောက် စတင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ အရင် ချုပ်ဆိုခဲ့တဲ့ Union Accord 3 မှာလည်း ဆက်ပြီးဆောင်ရွက်ရမယ့် ငြိမ်းချမ်းရေးကိစ္စရပ်တွေက ရွေးကောက်ပွဲအလွန်မှာ ဆက်ဆွေးနွေးရမယ့် ဟာတွေက ပြဌာန်းပြီးသားရှိပါတယ်။ အခုလည်း ရွေးကောက်ပွဲ ပြီးတာဖြစ်တဲ့အတွက် ဒါတွေက နဂိုကတိကဝတ်အတိုင်းပဲ ဆက်ပြီးဆွေးနွေးကြမယ်။ မြန်မြန်ဆွေးနွေးပြီးတော့ မြန်မြန်အဖြေရလေပိုကောင်းလေပဲ။ NCA ထိုးပြီးသားသူတွေနဲ့ ကျနော်တို့ ညီလာခံ ပြီးတဲ့နောက်ပိုင်းမှာ သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့အစည်းတွေမှာလည်း ဒါတွေကို Review လုပ်နေတယ်။ ပြီးရင်တော့လည်း ဒီလ မကုန်ခင်မှာ PPST က သူတို့ရဲ့ အစည်းအဝေးပွဲတွေရှိတယ်။ ”

NCA မထိုးရသေးတဲ့မြောက်ပိုင်းအဖွဲ့တွေအနေနဲ့ကတော့ တရုတ်ပြည်မှာရော မြန်မာပြည်မှာပါ COVID-19 ကပ်ရောဂါကို တစ်စုံတစ်ရာထိန်းချုပ်နိုင်ပြီဖြစ်တာကြောင့် အမြန်ဆုံးတွေ့နိုင်မယ်လို့ ယူဆကြောင်း ပြောပါတယ်။

တပ်မတော်ဘက်ကတော့ COVID ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ၊ အထွေထွေရွေးကောက်ပွဲကျင်းပရေးနဲ့ ထာဝရ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက် အကြမ်းဖက်အဖွဲ့အစည်းဒေသတွေကလွဲလို့ ကျန်ဒေသတွေကို နိုဝင်ဘာလကုန်ထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေရပ်ဆိုင်းကြောင်း ထုတ်ပြန်ထားပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့မှာ ပါဝင်တဲ့ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်နဲ့ AA ရခိုင် စတဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့က အပစ်ရပ်ကြေညာချက်ကတော့ ဒီလ ၉ရက်နေ့မှာ ကုန်ဆုံးခဲ့ပြီဖြစ်ပါတယ်။

ဒီလို နှစ်ဘက်ထုတ်ပြန်ထားပေမဲ့ ရခိုင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားတာ ရှိခဲ့ပါတယ်။

Your browser doesn’t support HTML5

ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလားအလာ


.................

(Unicode)
















