မြန်မာစစ်ကောင်စီကို လက်နက်တွေ ရောင်းချနေတာ ချက်ချင်း ရပ်ဆိုင်းဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။ ဆန်ဖရန်စစ္စကိုမှာ ကျင်းပနေတဲ့ အာရှ ပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေး APEC ညီလာခံ ဆန္ဒပြသူတွေထဲ မြန်မာ့အရေးလှုပ်ရှားသူတွေလည်း ပါဝင်တာပါ။ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှု မဟာမိတ်အဖွဲ့က ဉီးကိုကိုလေးက
"စင်္ကာပူ၊ ထိုင်း၊ အိနိ္ဒယ.. သူတို့တွေဟာ မြန်မာပြည်ကို လက်နက်ရောင်းချနေတာဖြစ်ပါတယ်။ အရောင်းအချဆုံးနိုင်ငံကတော့ ရုရှားဖြစ်ပါတယ်။ ဒုတိယက China (တရုတ်) တတိယက စင်္ကာပူ၊ ပြီးရင် အိနိ္ဒယ၊ ထိုင်းဖြစ်တယ်။ သူတို့တွေက ဒီလိုရောင်းချနေတဲ့လက်နက်တွေနဲ့ စစ်ကောင်စီက ဗုံးတွေကြဲနေတာ။ မြန်မာပြည်မှာ။" လို့ပြောပါတယ်။
အခုလိုလက်နက်ရောင်းချပေးတာကြောင့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်ချက်နဲ့ လူတွေ ထောင်နဲ့ချီသေဆုံးခဲ့ပြီး ဖြစ်သလို ရွာပေါင်း သောင်းနဲ့ချီမီးရှို့ ဖျက်ဆီးခံရကြောင်းလည်း ဆန္ဒပြသူတွေက ထောက်ပြပါတယ်။ အခုလို အကျိုးဆက်တွေကြောင့် မြန်မာအစိုးရနဲ့ ရင်းနီးတဲ့ ဆက်ဆံရေးရှိတဲ့ တရုတ်၊ ရုရှားအပြင် အာဆီယံနိုင်ငံတွေအနေနဲ့လည်း မြန်မာစစ်ကောင်စီနဲ့ ကုန်သွယ်မှုတွေကိုပါ ရပ်ဆိုင်းဖို့လည်း မြန်မာ့အရေးလှုပ်ရှားသူတွေက တောင်းဆိုပါတယ်။ မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်ဟာ အပြစ်မဲ့ အရပ်သားတွေကိုပါမရှောင် တိုက်ခိုက်နေတာတွေကို တားဆီးနိုင်ဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့လည်း Burma Act ဥပဒေပါ အချက်တွေအတိုင်း အမြန်ဆုံး အကောင်အထည်ဖေါ် ဆောင်ရွက်ဖို့လည်း တောင်းဆိုသလို လူသားချင်ဆိုင်ရာ အကူအညီတွေပေးသွားဖို့လည်း သူတို့က တောင်းဆိုပါတယ်။
ဆန်ဖရန်စ္စကိုမှာ သဘာဝပတ်ဝန်းကျင်အရေး၊ လုပ်ငန်းခွင် အခြေအနေ တိုးတက်ကောင်းမွန်ရေးနဲ့ အစ္စရေး ဟာမတ်စ်အရေးနဲ့ ပတ်သက်ပြီးတော့ လူမှုအသင်းအဖွဲ့ပေါင်း ၁၀၀ ကျော်က ဆန္ဒပြကြတာပါ။ ဒီ APEC ညီလာခံဘေးပန်းမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ ဗုဒ္ဓဟူးနေ့ကျရင် တနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မျက်နှာချင်းဆိုင် တွေ့ဆုံကြမယ်လို့ အိမ်ဖြူတော်က ပြီးခဲ့တဲ့သောကြာနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Your browser doesn’t support HTML5