ပြင်ဆင်ရေးဆွဲထားတဲ့ ၆၆ (ဃ) မှာ ဘာတွေ ထူးခြား ပြောင်းလဲမလဲ

တနင်္ဂနွေနေ့ ထုတ်နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားသည့် ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်မယ့် ဥပဒေကြမ်း

ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်မယ့် ဥပဒေကြမ်းကို အများပြည်သူ သိရှိ လေ့လာ အကြံပြုနိုင်ဖို့အတွက်ဆိုပြီး တနင်္ဂနွေနေ့ ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

လက်ရှိကျင့်သုံးနေတဲ့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ပုဒ်မခွဲ (ဃ) မှာပါတဲ့ ပြစ်မှုတွေထဲက အနိုင်အထက်ပြုခြင်း၊ မတရား တားဆီး ကန့်ကွက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းဆိုတဲ့ ပြစ်မှုတွေ အခုပြင်ဆင်မယ့် ဥပဒေကြမ်းမှာ ပါမလာတော့ပါဘူး။ ဒါပေမဲ့ လက်ရှိဥပဒေကိုအသုံးပြုပြီး တရားစွဲဆိုတာတွေမှာ အဓိကအသုံးပြုနေတဲ့ အသရေဖျက်ခြင်းဆိုတဲ့ ပြစ်မှုကတော့ ရှိနေဆဲပါပဲ။

လက်ရှိဥပဒေအရ ပြစ်မှုတခုခုနဲ့ တရားစွဲဆိုမယ်ဆိုရင် ဝန်ကြီးဌာနရဲ့ ကြိုတင်ခွင့်ပြုချက်ကို ရယူရမယ် လို့ ပြဌာန်းထားပေမဲ့ ပြင်ဆင်မယ့်ဥပဒေကြမ်းမှာတော့ ပုဒ်မ ၆၆ ပုဒ်မခွဲ (ဂ)၊ (ဃ) နဲ့ ပုဒ်မ ၆၈ ပုဒ်မခွဲ (က) ပါ ပြစ်မှုတွေနဲ့ တရား စွဲမယ်ဆိုရင် ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ယူစရာမလိုဘဲ တရားစွဲနိုင်တော့မှာဖြစ်ပါတယ်။ တနည်း အားဖြင့် ပြည်ထဲရေးဌာနလက်အောက်ခံ ရဲတပ်ဖွဲ့ရဲ့လုပ်ပိုင်ခွင့်နဲ့ တိုက်ရိုက် တရားစွဲနိုင်တော့မယ့်သဘောပါ။

အသစ်ပြဌာန်းချက်တွေအနေနဲ့ ပါလာတာကတော့ ပုဒ်မ ၆၅၊ ပုဒ်မ ၆၆ ပုဒ်မခွဲ (က)၊ (ခ) နဲ့ (ဃ) တို့ပါ ပြစ်မှုတွေကို အာမခံပေး နိုင်တဲ့ပြစ်မှုတွေအဖြစ် သတ်မှတ်ထားတာ၊ ပုဒ်မ ၆၆ (ဃ) ကိုသုံးပြီးတော့ အသရေဖျက်မှုနဲ့ တိုင်ကြားမယ်ဆိုရင် တိုက်ရိုက် မသက်ဆိုင်တဲ့ ကြားလူတယောက်ယောက်က တိုင်ကြားတာမျိုး လုပ်လို့မရတော့ဘဲ သက်ဆိုင်ရာ နစ်နာသူကိုယ်တိုင် ဒါမှမဟုတ် နစ်နာသူက ကိုယ်စားလှယ်လွှဲအပ်ထားသူကပဲ တိုင်ကြားရမယ်ဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။

လက်ရှိဥပဒေမှာတော့ တရားစွဲဆိုခံရသူကို အာမခံပေးခွင့် ရှိ မရှိ အတိအကျ ပြဌာန်းမထားတာကြောင့် ပုဒ်မ ၆၆ (ဃ) နဲ့ တိုင်ကြားခံရသူအများစုဟာ အမှုဖွင့်ပြီဆိုတာနဲ့ ရဲကဖမ်းဆီးပြီး အချုပ်ဘဝနဲ့ တရားရင်ဆိုင်ကြရတာကြောင့် ကျယ်ကျယ်ပြန့်ပြန် ဝေဖန်ခံနေရတာဖြစ်ပါတယ်။

ပုဒ်မ ၆၆ (ဃ) ကို ပယ်ဖျက်ပေးရေး တောင်းဆိုလှုပ်ရှားနေသူတွေကတော့ ဥပဒေမူကြမ်းမထွက်ခင်ကတည်းက သူတို့ တင်ပြ ထားတဲ့အချက်တွေ အခုမူကြမ်းထဲမှာ တခုမှပါမလာတဲ့အတွက် လွှတ်တော်မှာ ဆွေးနွေးတဲ့အဆင့်မရောက်ခင် ဆက်ပြီး တွန်းအားပေး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

Your browser doesn’t support HTML5

ပြင်ဆင်ရေးဆွဲထားတဲ့ ၆၆ (ဃ) မှာ ဘာတွေ ထူးခြား ပြောင်းလဲမလဲ