အခုလတ်တလော သတင်းသမားတွေ ဖမ်းဆီး တရားစွဲဆိုခံရတဲ့ဖြစ်ရပ်တွေနဲ့ပတ်သက်လို့ တပ်မတော်နဲ့ သတင်းမီဒီယာအကြားဖြစ်တဲ့ ပြဿနာတွေလို့မမြင်ဘဲ၊ တည်ဆဲဥပဒေတွေဟာ တရားမျှတရဲ့လားဆိုတဲ့ ရှုထောင့်ကနေ ကြည့်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောခဲ့ပါတယ်။ တချိန်တည်းမှာပဲ သတင်းသမားတွေ စိုးရိမ်နေကြတဲ့ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ)ကို ပြင်ဆင်ပြဌာန်းဖို့ စဉ်းစားနေတဲ့ အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ မခင်ဖြူထွေးက အခြေအနေအပြည့်စုံကို ပြောပြပေးမယ်။
သိပ်မကြာခင်တုန်းက သတင်းထောက်သုံးဦးကို တပ်မတော်က ဖမ်းဆီးခဲ့တာ အပါအဝင် အခုလတ်တလော သတင်းမီဒီယာသမားတွေ ဖမ်းဆီးခံရ၊ တရားစွဲဆိုခံရတဲ့ ဖြစ်ရပ်တွေနဲ့ပတ်သက်လို့ တပ်မတော်နဲ့ သတင်းသမားတွေကြားမှာဖြစ်တဲ့ ပြဿနာတွေလို့ ဆိုပြီး အမြင်ကျဉ်းကျဉ်းနဲ့ မရှုမြင်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုလိုက် တာပါ။ တည်ဆဲဥပဒေတွေဟာ တရားမျှတမှု ရှိရဲ့လား ဆိုတာကို ကြည့်ရမှာဖြစ်ပြီး မျှတမှုမရှိတဲ့ဥပဒေတွေကို လွှတ်တော်ကနေတဆင့် ပြင်ဆင် ပြဌာန်းနိုင်အောင် လုပ်ဆောင်ရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောဆိုသွားပါတယ်။
“အခုကိစ္စမှာ သတင်းထောက်သုံးဦးနဲ့ တပ်မတော်အကြားဖြစ်တဲ့ ကိစ္စ ဆိုတာမျိုး ဘောင်ကျဉ်းကျဉ်းနဲ့ ကြည့်လို့မရပါဘူး။ လက်ရှိတည်ဆဲ ဥပဒေတွေဟာ ကျမတို့ လိုလားတဲ့ တရားမျှတမှု၊ ဒီမိုကရေစီနည်းကျမှုဆိုတာတွေနဲ့ ကိုက်ညီမှုရှိရဲ့လားဆိုတာ ကြည့်ရပါမယ်။ ဥပဒေတွေဟာ တရားမျှတမှုမရှိဘူး ဒီမိုကရေစီနည်းမကျဘူးဆိုရင် ဒါကို လွှတ်တော်ကနေတဆင့် တရားဝင် လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ပြုပြင် ရေးဆွဲသွားရမှာဖြစ်ပါတယ်။ တရားခွင်မှာ သမာသမတ်ကျတဲ့ ဥပဒေတွေဖြစ်အောင် ကျမတို့ လုပ်ဆောင်ကြရပါမယ်။”
ပြီးခဲ့တဲ့လထဲ တပ်မတော်ကို အကြည်ညိုပျက်စေတယ်ဆိုပြီး The Voice အယ်ဒီတာချုပ် ကိုကျော်မင်းဆွေကို ဖမ်းဆီးခဲ့သလို၊ DVB သတင်းထောက်နှစ်ဦးနဲ့ ဧရာဝတီ သတင်းထောက်တဦးကိုတော့ တရားမဝင်အသင်းနဲ့ ဆက်သွယ်ခဲ့တယ်လို့ ဆိုပြီး တပ်မတော်က ဖမ်းဆီးတဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့ပြီးတဲ့နောက် မြန်မာ့သတင်းလွတ်လပ်ခွင့် အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း ဥရောပသမဂ္ဂ၊ အမေရိကန် အစိုးရ နဲ့ ပြည်တွင်း ပြည်ပ လူ့အခွင့်အရေး အဖွဲ့တွေက ထုတ်ဖော်ပြောဆို နေကြချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုလိုက်တာပါ။ ဥပဒေရေးရာကိစ္စတွေမှာ အုပ်ချုပ်ရေးပိုင်းက ဝင်ရောက်စွက်ဖက်လို့ မရဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“တရားစီရင်ရေးနဲ့ ဥပဒေရေးရာတွေမှာ အုပ်ချုပ်ရေးပိုင်းက ဝင်ရောက်စွက်ဖက်လို့ မရပါဘူး။ ဥပမာ - ကျမတို့အနေနဲ့ ဥပဒေမူကြမ်းတခုကို ဥပဒေပြုလွှတ်တော်ကို တင်သွင်းပြီး လွှတ်တော်ကနေ ဘယ်လို ပြင်ဆင်ပြီး ပြဌာန်းမလဲ ဆိုတာကို ဆုံးဖြတ်တာ ဖြစ်ပါတယ်။ အလားတူပဲ ကျမတို့အနေနဲ့ ကိစ္စတခုချင်းစီကို လိုက်ပြီး ဘယ်လို တရားရုံးတင် စစ်ဆေးရမယ်ဆိုတာမျိုး ပြောဆိုခွင့် မရှိပါဘူး။ အဲဒါက တရားစီရင်ရေးကဏ္ဍက လုပ်ဆောင်ရမယ့် အပိုင်းပါ။ ဒါပေမဲ့ တရားစီရင်ရေးကဏ္ဍက သူ့တာဝန်ကို မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်ခြင်း မရှိဘူးဆိုရင်တော့ အုပ်ချုပ်ရေးပိုင်းကနေ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်သွားဖို့ တာဝန်ရှိပါတယ်။”
DVB သတင်းဌာနက သတင်းထောက် ဦးအေးနိုင်နဲ့ ဦးပြည့်ဘုန်းနိုင်၊ ဧရာဝတီ သတင်းဌာနက သတင်းထောက် ဦးသိန်းဇော် ခေါ် လဝီဝမ်တို့ဟာ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ တအောင်းလက်နက်ကိုင်အဖွဲ့ TNLA နယ်မြေမှာ ဖမ်းဆီး မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးတဲ့ သတင်း သွားယူပြီးတဲ့နောက် အပြန် ဇွန်လ ၂၆ ရက်နေ့က တပ်မတော်စစ်ကြောင်းက ဖမ်းဆီးတာ ခံခဲ့ရတာဖြစ်ပါတယ်။ သူတို့ကို မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) နဲ့ တရားစွဲထားပြီးတော့ လက်ရှိ သီပေါအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ထားပြီး ဒီလ ၁၁ ရက်နေ့မှာ ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေးမယ်လို့လည်း သိရပါတယ်။
နေပြည်တော် နိုင်ငံခြားရေးဌာနမှာ နော်ေ၀ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒီကနေ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ကို လွှတ်တော်မှာ ပြင်ဆင်ပြဌာန်းဖို့ စတင်လုပ်ဆောင်နေတဲ့ အကြောင်းလည်း ပြောဆိုသွားပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုထားတဲ့ အမှုပေါင်း ၆၄ မှု ရှိပြီးတော့ သတင်းမီဒီယာသမားတွေ အပေါ် အရေးယူထားတဲ့အမှု ၉ မှုအထိရှိပြီး တရားရင်ဆိုင်နေရတဲ့ သတင်းသမား ၁၄ ဦး ရှိပါတယ်။ ဒီဥပဒေဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ချိုးဖောက်ပြီး သတင်းမီဒီယာသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်တဲ့ ဥပဒေတရပ်ဖြစ်တယ်လို့ဆိုပြီး ဒီဥပဒေကို ဖျက်သိမ်းပေးဖို့ ပြည်တွင်းပြည်ပ လူ့အခွင့်အရေး အဖွဲ့တွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
ဒီကနေ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ နော်ေ၀ နိုင်ငံခြားရေးဝန်ကြီး Borge Brende ကတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေမှာ နော်ဝေနိုင်ငံက ဆက်လက် ကူညီအားပေးသွားမယ့်အကြောင်း ပြောဆိုသွားပါတယ်။