အခုတလော လူတွေ စိတ်တဝင်စား ပြန်အပြောများလာတဲ့ ကိစ္စ တစ်ခုကတော့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ပြဿနာပါ။ The Voice နေ့စဉ် သတင်းစာ မှာ ကျည်ထောင်စု သစ္စာ ခေါင်းစဉ်နဲ့ သရော်စာ ရေးသားဖော်ပြလို့ ဆိုပြီး သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ သရော်စာရေးသားသူ ဗြိတိသျှ ကိုကိုမောင်တို့ နှစ်ယောက်ကို တပ်မတော်က ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်၊ ရဲစခန်းက ဖမ်းဆီးပြီး သက်ဆိုင်ရာ တရားသူကြီးက အာမခံကို ပယ်ချလိုက်တဲ့အခါ သတင်းမီဒီယာသမားတွေက ဒါဟာ သတင်းမီဒီယာ လောကကို ဖိနှိပ်မှု ဖြစ်တယ် ဆိုပြီး လှုပ်ရှားမှုတွေ ပြုလုပ်လာလို့ အများက ပြန် စိတ်ဝင်စားလာကြတဲ့ ပြသနာ တခု ဖြစ်ပါတယ်။ လက်ရှိ ပြသနာနဲ့ ပတ်သက်ရင် မေးစရာ မေးခွန်းတွေ အများကြီး ပေါ်ပေါက်လာတာ တွေ့နိုင်ပါတယ်။ ပုဒ်မ ၆၆(ဃ) ဟာ ပြင်ဆင်၊ ဒါမှမဟုတ် ပယ်ဖျက်သင့်တဲ့ ဥပဒေ ပုဒ်မ မျိုးလား၊ ဒါဆိုရင် အများပြည်သူ ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ထဲက အင်န်အယ်လ်ဒီ အမတ်တွေ ဘာကြောင့် မပြင်တာလဲ၊ သတင်းမီဒီယာ သမားတွေ ပြောသလို သူတို့ရေးသား ဖော်ပြတာတွေနဲ့ ပတ်သက်ရင် သတင်းမီဒီယာ ဥပဒေနဲ့ပဲ တရားစွဲသင့်သလား စတာတွေပဲ ဖြစ်ပါတယ်။ ခုတစ်ပတ် အဲဒီအကြောင်းတွေ ဆွေးနွေး တင်ပြသွားပါ့မယ်။
လက်ရှိ ပြဿနာ အကျဉ်းချုပ်ကတော့ The Voice သတင်းစာ မတ်လ ၂၆ ရက်နေ့ထုတ်မှာ ဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင်ရဲ့ ကျည်ထောင်စု သစ္စာ ဆိုတဲ့ သရော်စာ တစ်ပုဒ် ဖော်ပြပါတယ်။ ဒါဟာ တပ်မတော်က တပ်မတော်နေ့ကို ရည်ရွယ်ပြီး ရိုက်ကူးထုတ်လုပ်တဲ့ ပြည်ထောင်စု သစ္စာ ဆိုတဲ့ ဇာတ်ကားကို သရော်တာဖြစ်သလို၊ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ ယူဆပြီး ပထမ အဆင့် သတင်းမီဒီယာ ကောင်စီကို တိုင်တန်းပါတယ်။ သတင်းမီဒီယာကောင်စီကတော့ သူ့ရဲ့ လုပ်ထုံးလုပ်နည်း အတိုင်း တစ်ဖက်က ဖြစ်စေချင်တာ တစ်ဖက်ကို သီးသန့်စီ တွေ့ဆုံ ကြားနာ၊ ပြန်ကြားပေးပါတယ်။ တပ်မတော်ဘက်ကတော့ သူတို့ တောင်းပန်စေချင်သလို တောင်းပန်ရင် တရားမစွဲဘူး ဆိုတဲ့ သဘောပါ။ The Voice ဘက်ကတော့ တောင်းပန်မယ့် စာသားကို ညှိနှိုင်းချင်ပါတယ်။ နောက်တော့ ကိုယ့်စာသားနဲ့ ကိုယ် သတင်းစာမှာ တောင်းပန်စာကို ထည့်ပါတယ်။ ဒါကို တပ်မတော်ဘက်က လက်ခံပုံ မရပါဘူး။ ဒီလိုနဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ ဗဟန်း တရားရုံးမှာ တရားစွဲ၊ နောက်ပိုင်း အယ်ဒီတာချုပ်နဲ့ သရော်စာ ရေးသူကို ဖမ်းဆီး၊ တရားသူကြီးကလည်း အာမခံကိုပယ်ချ လိုက်တဲ့အခါ သတင်းမီဒီယာသမား တစ်ချို့ရဲ့ တုန့်ပြန် လှုပ်ရှားမှု ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
ဒီနေရာမှာ ပထမ ဆွေးနွေးဖို့ လိုတာက ပုဒ်မ ၆၆(ဃ) ပြသနာပါ။ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)မှာ ခုလို ဆိုထားပါတယ်။ ဆက်သွယ်ရေး ကွန်ယက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ် တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာ သုံးခြင်း၊ သို့မဟုတ် ခြိမ်းခြောက်ခြင်း- လို့ ပြဌာန်းထားပြီး အဲလို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒါဏ် ၃ နှစ်နဲ့ ငွေဒါဏ်ကျခံနိုင်ရတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်ထိ ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲ၊ ထောင်ချခံရမှုတွေမှာ တစ်မှုကို ပြစ်ဒါဏ် ၃ လကနေ ၆ လ အထိပဲ ရှိတာမို့ အဲဒါနဲ့ပတ်သက်ပြီး လူတွေက ဘာမှ သိပ်မပြောပါဘူး။ တကယ်ဝေဖန်ကြတာက လူတစ်ယောက်ဟာ နစ်နာသူ ကာယကံရှင် ကိုယ်တိုင် မဟုတ်လဲ ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲနိုင်တယ်၊ တရားရုံးက အမှုကို လက်ခံရင်၊ တစ်ဆက်တည်း တရားရုံးက အာမခံ လျောက်ထားမှုကို လက်မခံရင် ချုပ်နှောင် ခံထားရတဲ့ အခြေအနေအောက်မှာ တရားရင်ဆိုင်ရမယ် ဆိုတဲ့အချက်တွေကိုပဲ ဖြစ်ပါတယ်။ ဒီပုဒ်မကို လူတွေ အပြစ်တင်နေကြတဲ့ အဓိက အကြောင်းကတော့ တရားရုံးက မှန်တာ၊ မှားတာ ဆုံးဖြတ်တာ နောက်မှ၊ အချုပ်ထဲကို အရင်သွားရမယ်ဆိုတဲ့ ပြဿနာကြောင့်ပါ။
တကယ့်လက်တွေ့မှာလဲ အဲလို အချက်ကြောင့် ပုဒ်မ ၆၆(ဃ) ကို လူတွေ အလွန် သုံးစွဲလာတာ တွေ့ကြရပါတယ်။ တကယ်တော့ ဥပဒေ ပုဒ်မ တစ်ခု ပြဌာန်းလိုက်ပြီဆိုရင် တကယ့်လက်တွေ့ အဲဒီ ဥပဒေပုဒ်မဟာ နဂို ပြဌာန်းခဲ့သူတွေရဲ့ ရည်ရွယ်ချက်အတိုင်း ဖြစ်လာသလား၊ ဒါမှမဟုတ် မထင်မှတ်တဲ့ အကျိုးဆက်တွေ ဖြစ်လာသလား ဆိုတာ ပြန် ပြန်ပြီး ဆန်းစစ်နေဖို့ လိုအပ်ပါတယ်။ အခု ပုဒ်မ ၆၆(ဃ)ဟာ နဂို အဲဒီ ပုဒ်မကို ပြဌာန်းခဲ့သူတွေရဲ့ ရည်ရွယ်ချက်အတိုင်း မဖြစ်ပဲ လူပုဂ္ဂိုလ် တစ်ယောက်နဲ့ တစ်ယောက်ကြား၊ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းအကြား ဥပဒေပြဌာန်းချက်ပါ ပြသနာ ဖြစ်လိုက်ပြီ ဆိုတာနဲ့ တစ်ဖက်သားကို နစ်နာစေလိုတဲ့ သဘောနဲ့ ဒီ ပုဒ်မကို သုံးစွဲလာကြတာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။
ဒါပေမယ့် ဒီ ပုဒ်မကို ဘာကြောင့် NLD လွှမ်းမိုးတဲ့ လွှတ်တော်ဘက်က ပြင်ဆင်တာ၊ ပယ်ဖျက်တာ မလုပ်သေးသလဲ ဆိုတဲ့ မေးခွန်း ရှိပါတယ်။ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ၂၀၁၆ ဒီဇင်ဘာ ၂၁ ရက်နေ့က ပုဒ်မ ၆၆(ဃ) ပြင်ဖို့ လွှတ်တော်ထဲ တင်တာ မရှိသေးဘူးလို့ ပြောဆိုခဲ့ပါတယ်။ အဲဒီနေ့က သတင်းမီဒီယာသမားတွေကို ပြောတဲ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်ရဲ့ မှတ်ချက်စကားတွေက စိတ်ဝင်စားဖို့ အလွန်ကောင်းပါတယ်။ သူက လွတ်လပ်စွာပြောဆို ထင်မြင်ယူဆခွင့်ဆိုတာ လွတ်လပ်စွာဝေဖန်တိုက်ခိုက်ခွင့်၊ လွတ်လပ်စွာဆဲဆိုခွင့်၊ လွတ်လပ်စွာပုတ်ခတ်စော်ကားခွင့်နဲ့ မတူတဲ့အကြောင်း၊ အဲဒီလိုလူတွေကို ကင်းလွတ်ခွင့် ပေးလိုက်မယ် ဆိုရင် လူ့အဖွဲ့အစည်း တည်ငြိမ်မှု မရှိနိုင်တော့တဲ့အကြောင်း၊ ဒီ ပုဒ်မဟာ အာမခံ မပေးနိုင်ဘူး ဆိုတာလည်း မဟုတ်တဲ့အကြောင်း၊ အာမခံ ပေးမပေး ဆိုတာဟာ ဥပဒေနဲ့အညီ တရားသူကြီးရဲ့ ဆင်ခြင်တုံတရား အပေါ်မှာ တည်တဲ့အကြောင်း၊ ဆက်သွယ်ရေး ကွန်ယက် အသုံးပြုပြီး ရေးသားပြောဆို ထုတ်လွှင့်မှုတွေဟာ အလွန့်အလွန်ကို မြန်ဆန်၊ အလွန်လည်း ကျယ်ပြန့်တဲ့အကြောင်း၊ ဒီ ကွန်ယက် အသုံးပြုပြီး ဥပဒေ ချိုးဖေါက်တာတွေကို ထိထိရောက်ရောက် ဟန့်တားနိုင်ဖို့ လိုတဲ့အကြောင်း ပြောဆိုခဲ့ဖူးပါတယ်။
ဒါတင်မက ဦးဝင်းမြင့်က “မီဒီယာတွေ ဖြစ်စေချင်သလိုပြောမယ်ဆိုရင် သူတို့ကတော့ သူတို့ ရေးချင်တာရေးမယ်၊ ပြောချင်တာပြောမယ် အပြောခံရတဲ့သူက ခံဆိုရင် ၊ သူတို့ကတော့ ဥပဒေလွတ်လပ်ခွင့်အပြည့်ပဲ ကျန်တဲ့သူတွေက ခံဆိုတဲ့အခါကျတာ့ ကျနော်တို့က ဒါကို မျှမျှတတဖြစ်အောင် ချိန်ရတယ်” ဆိုသည်အထိ ပြောဆိုခဲ့ဖူးပါတယ်။ တကယ့်လက်တွေ့မှာလည်း မီဒီယာကို ဖိနှိပ်နေတာ ပုဒ်မ ၆၆(ဃ) လား၊ ဒါမှမဟုတ် တရားစီရင်ရေး စနစ်လား၊ ဒါမှမဟုတ် အခြား ဘာလဲ ဆိုတာကို အသေအခြာ စဉ်းစားကြဖို့ လိုပါတယ်။ ဥပမာအားဖြင့် ပြီးခဲ့တဲ့ ၂၀၁၆ ဧပြီလ ၂၄ ရက်နေ့ထုတ် 7 Day Daily မှာ “စစ်တက္ကသိုလ်ဆင်းညီနောင်များအား လက်ရှိအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် သူရဦးရွှေမန်း တိုက်တွန်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားဖော်ပြတဲ့ သတင်းကြောင့် 7 Day အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်းနဲ့ သတင်းထောက် ကိုမင်းဟိန်းကျော် တို့ိကို ရန်ကုန်တပ်နယ်က တပ်နယ်မှူး ဒုဗိုလ်မှူးကြီး လင်းထွန်းက ကမာရွတ်ရဲစခန်းမှာ တရားစွဲခဲ့တာဟာ ပုဒ်မ ၆၆(ဃ) နဲ့ မဟုတ်ပါဘူး။ အလွန်ကြီးလေးတဲ့ ပြစ်ဒါဏ် ချနိုင်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၁၃၁ နဲ့ ဖြစ်တာ တွေ့နိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပုဒ်မ ၆၆(ဃ) ပြင်ဆင်ဖို့ ရှိမရှိ မေးခွန်းမေးမယ့် အင်န်အယ်လ်ဒီ အမတ်တစ်ယောက်ရဲ့ မေးခွန်းကို ပါတီ စိစစ်ရေးကော်မတီက နှစ်ကြိမ်တိုင်တိုင် ပယ်ချခဲ့ပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ပုဒ်မ ၆၆(ဃ) ကို ပြင်ဆင်တဲ့ ဥပဒေကြမ်း တင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အင်န်အယ်လ်ဒီ ပါတီခေါင်းဆောင် ဦးဝင်းထိန်က ပြောလိုက်ပါပြီ။ ဒီ ပုဒ်မကို ပြင်ဆင်ပြီးတဲ့နောက် သတင်းမီဒီယာသမားတွေ ပြောနေသလို သူတို့ကို ဖိနှိပ်နေတာ ရပ်သွားပြီလား ဆိုတာ ပြန် ဆန်းစစ်ကြည့်ကြရပါလိမ့်မယ်။ နောက်တစ်ချက်က မီဒီယာတွေမှာ ဘာတွေရေးရေး၊ ဘာတွေ ဖော်ပြဖော်ပြ၊ တိုင်းပြည်အတွက် ဘယ်လောက် အန္တရာယ် ဖြစ်ဖြစ် အမြင့်ဆုံး ကျပ်ငွေ သိန်း ၅၀ လောက်ပဲ ပြစ်ဒါဏ်ချနိုင်တဲ့ သတင်းမီဒီယာ ဥပဒေနဲ့ပဲ အရေးယူပါလို့ တောင်းဆိုနေတာကရော လက်တွေ့ကျပါရဲ့လား ဆိုတာ ပြန်ဆန်းစစ်ကြဖို့ လိုနေပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။