လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ဒီမိုကရေစီစံနှုန်းတွေကိုထိခိုက်စေတယ်လို့ ဝေဖန်မှုတွေမြင့်တက်လာနေတဲ့ ပုဒ်မ ၆၆ဃ အပါအဝင် ဆက်သွယ်ရေးဥပဒေပြင်ဆင်ချက်မူကြမ်းကို ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေကတဆင့် အများပြည်သူသိရှိလေ့လာနိုင်အောင် ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ ပြည်သူအများနဲ့ လူမှုအဖွဲ့အစည်းတွေအနေနဲ့ မိမိတို့ဖြည့်စွက်ပြင်ဆင်လိုတဲ့ အကြံပြုချက်တွေကို လွှတ်တော်ဥပဒေကြမ်းကော်မတီကို ပေးပို့ဆွေးနွေးနိုင်တယ်လို့ လွှတ်တော်ဥပဒေကြမ်းကော်မတီက ဖိတ်ခေါ်လိုက်ပါတယ်။ အသေးစိတ် ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် ပြောပြပါမယ်။
ဆက်သွယ်ရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းဆိုပြီး ပြည်ထောင်စုလွှတ်တော်မှာ ပြန်လည်ပြင်ဆင်ပြဌာန်းပြီး နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးအတည်ပြုမယ့် ဥပဒေကို ဒီကနေ့ ဇူလိုင်လ ၉ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေ၊ ပြန်ကြားရေးဝန်ကြီးဌာနနဲ့၊ လွှတ်တော်အသီးသီးရဲ့ အင်တာနက်စာမျက်နှာတွေမှာ ဖော်ပြထားတာဖြစ်ပါတယ်။ အဓိကပြင်ဆင်ချက်တွေကတော့-ဆက်သွယ်ရေးဥပဒေပုဒ်မ ၃ ပုဒ်မခွဲ (န)ပါ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနဆိုတဲ့စကားရပ်အစား- ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနဆိုပြီး အစားထိုးရမယ်လို့ပါရှိပါတယ်။
နောက်ဆက်လက်ပြီးတော့ NLD အစိုးရလက်ထက် တရားစွဲဆိုမှုတွေနဲ့ ဖမ်းဆီးအရေးယူမှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ပါ အချက်တချို့ကိုလည်း အစားထိုးပြင်ဆင်ထားပါတယ်။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၈၀ပါ ပြစ်မှုတွေကို ရဲအရေးယူပိုင်ခွင့်ရှိတဲ့ပြစ်မှုများအဖြစ် သတ်မှတ်ပြီး သတ်မှတ်ထားတဲ့ပြစ်မှုတွေမှတပါး ကျန်ပြစ်မှုတွေကို တရားစွဲဆိုရာမှာတော့ ဝန်ကြီးဌာနရဲ့ ကြိုတင်ခွင့်ပြုချက်ကို ရယူမှာဖြစ်ကြောင်းနဲ့ ပုဒ်မ ၆၅နဲ့ ပုဒ်မ ၆၆ ပါ ပြစ်မှုတွေကို အာမခံပေးနိုင်တဲ့ပြစ်မှုများအဖြစ် သတ်မှတ်ပြီး မည်သည့်တရားရုံးမျှ ပုဒ်မ ၆၆ ဃပါ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုပြီး အသရေဖျက်မှုကို သက်ဆိုင်သူ ဒါမှမဟုတ် ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူရဲ့ တိုင်တန်းချက်အရမဟုတ်ဘူးဆိုရင် အရေးယူဆောင်ရွက်ခြင်းမရှိစေရ စသဖြင့် ဥပဒေကြမ်းမှာ အသေးစိတ် ဖော်ပြထားပါတယ်။
ဒီဆက်သွယ်ရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းအပေါ် ပြည်သူအများ နောက်အဖွဲ့အစည်းအသီးသီးအနေနဲ့ မိမိတို့ဖြည့်စွက်ပြင်ဆင်လိုတဲ့အကြံပြုချက်တွေကို လွှတ်တော်ဥပဒေကြမ်းကော်မတီကို စာနဲ့ပေးပို့ဆွေးနွေးနိုင်သလို လူကိုယ်တိုင်လည်း လာရောက်ဆွေးနွေးနိုင်ပါတယ်လို့ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်ဖြစ်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ရှေ့နေကြီးဦးအောင်သိန်းက ဖိတ်ခေါ်ပါတယ်။
“အကြံဉာဏ်တွေပေးချင်တဲ့လူတွေ ကျနော်တို့ ဥပဒေကြမ်းကော်မတီ ကိုပေးနိုင်ပါတယ်။ တက်လာတဲ့ အကြံဉာဏ်တွေပေးတဲ့အဖွဲ့အစည်းက အဖွဲ့အစည်းအနေနဲ့ ကိုယ်တိုင် တွေ့ပြီးတော့ ရှင်းပြဖို့ လာပြီးတော့ လျှောက်တဲ့လူတွေရှိတယ်။ နောက်ပြီးတော့ စာအားဖြင့်လည်း အကြံဉာဏ်တွေပေးတဲ့လူတွေလည်းရှိတယ်ပေါ့နော် ။ အဲဒါကိုကြည့်ပြီးတော့ ဒီမှာ ကျနော်တို့ ဥပဒေကြမ်းကော်မတီက အစည်းအဝေးထိုင်တယ်။ ထိုင်ပြီးတော့ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဒီဟာတွေက ဆက်လက်ပြီးတော့ အသုံးပြုသင့် မပြုသင့်ပေါ့ဗျာ ဘာကြောင့် ဒီဥပဒေက မရှိသင့်ဘူးဆိုတဲ့ တင်ပြချက်တွေကိုလည်း နားထောင်မယ်။ ရှိသင့်တယ်လို့ ပြောတဲ့လူတွေကိုလည်း ကျနော်တို့ နားထောင်ရမှာပေါ့ဗျာ။”
ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ ့ဥပဒေကြမ်းထဲမှာတော့ သုူတို့အဆိုပြုထားတဲ့ အကြံပြုချက်တွေ တခုမှ မပါဝင်ဘူးလို့ ၆၆(ဃ) ဖျက်သိမ်း ဦးဆောင်လှုပ်ရှားသူတဦးဖြစ်တဲ့ ကိုဆောင်းခက ပြောပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေတယ်ဆိုပြီး ၆၆ (ဃ) ဖျက်သိမ်းဖို့အပါအဝင် ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ပေးဖို့ တတ်ကြွလှုပ်ရှားသူတွေဘက်က အစိုးရပိုင်းနဲ့ရော လွှတ်တော်နဲ့ပါ တွေ့ဆုံဆွေးနွေးပြီး အကြံပြုချက်တွေ ပေးပို့ထားတာပါ။
“လွှတ်တော်ကို ပြီးခဲ့တဲ့ ၂ ပတ်လောက်က တောင်းဆိုခဲ့တာတွေရှိတယ်ပေါ့နော်။ ကျနော်တို့တောင်းဆိုချက်တွေထဲက တခုမှ မပါလာဘူး ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ၆၆ (ဃ) ဖျက်သိမ်းဖို့၊ အခြားပုဒ်မတွေကိုလည်း ပြင်တာတွေ ဖျက်တာတွေလည်းရှိတယ် စုစုပေါင်းအချက် ၂၀ ကျော်တယ်။ အဲဒီအချက်တွေကို လစ်လှူရှု့ပြီးတော့ ပုဒ်မ ၆၆ (ဃ) ကိုတင်တာပဲ တခုပဲ ဒီဥပဒေကြမ်း ထဲမှာ ပါလာတယ်ပေါ့နော် ဆိုတော့ အဲဒီဟာက ကျနော်တို့ တောင်းဆိုတာနဲ့ မကိုက်ဘူးလို့ပြောရမှာပေါ့နော်။ နောက်တခုက ကျနော်တို့ လက်ရှိပြင်တဲ့အချက်တွေက ကျနေ်ာတို့ လုံလောက်ပြီလားလို့ ကြည့်တဲ့အခါမှာ လုံလောက်မှုမရှိဘူးပေါ့နော်၊ ပိုဆိုးတာက ပုဒ်မ ၈၀ (ခ)ကိုဖျက်လိုက်တယ်ပေါ့နော်။ အားလုံးက အထူးသဖြင့် ပြည်ထဲရေးဝန်ကြီးဌာန ရဲတပ်ဖွဲ့ရဲ့ လက်အောက်မှာပဲ ရှိသွားတော့မယ်ပေါ့နော်။ ပြည်ထဲရေးလက်အောက်ကို ရောက်သွားတယ်ပေါ့နော်။ အဲဒီတော့ အဲဒါက ပိုပြီးတော့ ကြောက်စရာကောင်းလာတယ်ပေါ့နော်။ တကယ်လို့ ဥပဒေသာ ဒီအတိုင်းတင်လိုက်မယ်ဆိုရင် ကျနော်တို့ ပြည်သူတွေရဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို ဒီထက် ပိုပြီးထိခိုက်လာဖို့ ရှိပါတယ်ခင်ဗျ။”
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ နောက် အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ လွှတ်တော်နှစ်ရပ်စလုံးက အပြန်လှန်ဆွေးနွေးအတည်ပြုပြီးမှ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြဌာန်းမှာဖြစ်တဲ့အတွက် အကြေအလည် ဆွေးနွေးကြမှာဖြစ်တဲ့အကြောင်း အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်ဦးအောင်သိန်းကဆိုပါတယ်။
“အဲလိုနားထောင်ပြီးတဲ့နောက်ပိုင်းကြမှ ဌာနဆိုင်ရာတွေကို လှမ်းဖိတ်ရတယ်၊ ကျနော်တို့ ရှေ့နေချုပ်ရုံးတို့ တရားသူကြီးချုပ်ရုံးတို့ကို လှမ်းဖိတ်ရတယ်။ ပြည်ထဲရေးရုံးလည်း ပါနိုင်တာပေါ့လေ။ အဲဒါနဲ့ ပတ်သက်ပြီး ချဆွေးနွေးတယ်။ ပြည်သူ့လွှတ်တော်က ဥပဒေကြမ်းကော်မတီနဲ့ အမျိုးသားလွှတ်တော်က ဥပဒေကြမ်းကော်မတီတို့ ပေါင်းပြီးဖွဲ့ထားတာ တဖွဲ့ရှိတယ် အဲဒီတဖွဲ့ကို ထပ်တင်တယ်။ တင်လို့ အဲဒီ ၁ ဖွဲ့ကနေပြီးတော့ ပြီးပြီဆိုရင် ကျနော်တို့ လွှတ်တော်ကို ပြန်တင်တယ်။ လွှတ်တော်က တင်ပြီးတဲ့အခါကျတော့ အချောသတ်ပြီးသွားပြီဆိုရင် သမ္မတကိုတင်ရင် ဥပဒေဖြစ်သွားရော။”
ဒီအတွက် ဆက်သွယ်ရေးဥပဒေပါ ပြင်ဆင်သင့် ပယ်ဖျက်သင့်တဲ့ ဥပဒေပုဒ်မတွေနဲ့ပတ်သက်လို့ လွှတ်တော်တာဝန်ရှိသူတွေဆီကို ထပ်မံသွားရောက်ဆွေးနွေးမှာဖြစ်တယ်လို့ ကိုဆောင်းခကပြောပါတယ်။
“ကျနော်တို့မှာ မျှော်လင့်ချက်က လွှတ်တော်မှာပဲ ရှိတော့တယ်။ လွှတ်တော်ကို ရောက်သွားတဲ့အချိန် လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးအတည်ပြုပြီးသွားရင် ကျနော်တို့က ဘာမှလုပ်လို့မရတော့ဘူး အဲဒီတော့ လွှတ်တော် အမတ်တွေ၊ ကိုယ်စားလှယ်တွေနဲ့ ထပ်တွေ့ဖို့ ကျနော်တို့ ကြိုးစားနေတယ်။ နောက်တခုက ကျတော့ လူတွေပိုပြီးတော့ သိလာအောင် ကျနော်တို့ Online ကနေ advocacy လုပ်တာမျိုးတွေလည်း ဆက်လုပ်သွားမယ်ပေါ့နော်။ အချိန်ကတော့ သိပ်မကျန်တော့ဘူးပေါ့နော်။ ဒါပေမယ့် အဲဒီအတွင်းမှာပဲ ကျနော်တို့ ရသလောက်ဆက်ပြီးတော့ တွန်းလုပ်ရမယ်ခင်ဗျ။”
အများပြည်သူသိရှိနားလည်အောင်နဲ့ ဝိုင်းဝန်းအကြံပြုဆွေးနွေးနိုင်အောင် လူထုလှုပ်ရှားမှုတွေနဲ့ပညာပေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ၆၆ဃ ဖျက်သိမ်းရေးလှုပ်ရှားမှုပူးပေါင်းအဖွဲ့ကတော့ဆိုထားပါတယ်။