ရှမ်းတောင်မှာ စစ်ဘေးရှောင်တွေ ဖျားနာပြီး ရိက္ခာပြတ်လပ်မှုနဲ့ ကြုံနေရ

  • ဇော်ဝင်းလှိုင်

ရှမ်းပြည်နယ်အတွင်းက ဘုန်းကြီးကျောင်းတခုမှာ ခိုလှုံနေကြသည့် စစ်ဘေးရှောင်များ။ (မှတ်တမ်းဓါတ်ပုံ)

[[Zawgyi/Unicode]]

စစ်ရေးတင်းမာမှုတွေကြောင့် နယ်မြေအခြေအနေ မတည်ငြိမ်သေးတဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နမ်းနိန်းနဲ့ လုံပျဉ်ကျေးရွာတွေမှာ စစ်ဘေးဒုက္ခသည်တွေကို ဆက်လက် တိမ်းရှောင်နေရပြီး နေရပ် မပြန်ရဲကြသေးပါဘူး။ လက်ရှိမှာ စစ်ရှောင် ၆,၀၀၀ ထက်မနည်း ရှိနေပြီး စားရေးသောက်ရေး၊ ချက်စရာ ဟင်းသီးဟင်းရွက်တွေလည်း ခက်ခဲနေကြပါတယ်။ ဒါအပြင့် စစ်ရှောင်တွေအကြား ချောင်းဆိုး၊ ဖျားနာနေသူတွေလည်း ရာနဲ့ချီ ရှိနေပါတယ်။ ဒီသတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်။

တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ပြေးရှောင်လာတဲ့ စစ်ပြေးဒုက္ခသည်တွေကို ဘုန်းကြီးကျောင်း ဓမ္မာရုံနဲ့ ဘာသာရေး အဆောက်အအုံတွေမှာ ဖွင့်ထားတဲ့ ယာယီစစ်ရှောင်စခန်း ၁၃ ခုမှာ စစ်ပြေးဒုက္ခသည် ၆,၀၀၀ ထက်မနည်း နေရာချထားပေးတယ်လို့ ပင်လောင်းမြို့နယ်က စစ်ရှောင်အရေး ကူညီပေးသူတဦးက ပြောပါတယ်။

“ကျနော်တို့ အပြောင်းအရွှေ့လေးတွေတော့ ရှိကြတယ်။ ဘာလို့ဆို တချို့တွေမှာ ရွာတွေမှာသွားနေတဲ့ စစ်ရှောင် အထောက်အပံ့မရတော့ ကျနော်တို့ ခိုလှုံရာဖြစ်တဲ့ ဘုန်းကြီးကျောင်းတွေ လူများရှိနေတဲ့နေရာ ပြန်ပြီးတော့ ခိုလှုံကြတယ်၊ အဲ့ဒါပဲ။ လူဦးရေတော့ မတိုးကြပါဘူး။ ကျနော်တို့ အရင်က ၁၂ ဌာနရှိတယ်၊ အခုက ၁၃ ဌာနရှိတယ်။ တခုထပ်တိုးလာတယ်။ လူဦးရေကတော့ လေး ငါး ခြောက်ထောင်ဝန်းကျင်ပဲ။”

တိုက်ပွဲနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံတွေဟာ ရပ်ရွာကနေ ပြေးလွှားလာကြတာ တစ်လလောက် ရှိလာပြီး သူတို့တွေရဲ့ စားသောက် နေထိုင်ရေးအတွက် လိုအပ်ချက်တွေ ရှိနေတဲ့အကြောင်း စစ်ရှောင်အရေး ကူညီပေးသူက ပြောပါတယ်။

“လုံးလုံးကြီး ငတ်ပြတ်နေတဲ့အထိတော့ မဟုတ်ဘူး။ သူ့ရဲ့ ပုံမှန်လေ ဆန်၊ ဆီ၊ ဆား လောက် နိုင်သလောက်တော့ လုပ်ပေးနေတယ်။ ဒါမယ့် ဟင်းသီးဟင်းတွေကျတော့ ကျနော်တို့ ဒီဟင်းသီးရဲ့ ကာလအချိန်မဟုတ်တော့ နည်းနည်းတော့ ဟင်းတွေတော့ အခက်အခဲ ရှိတယ်ဗျ။”

အရေးပေါ်စားနပ်ရိက္ခာအတွက် အရပ်ဖက်အဖွဲ့အစည်းတွေ တတ်နိုင်သလောက် လာလှူပေးကြတာရှိပေမယ့် လုံလောက်မှု မရှိသေးဘူးလို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

“အဖွဲ့အစည်းတွေတော့ ကူညီတယ်ဆိုပေမယ့် အလုံအလောက်တော့ မရသေးဘူးရှင့် ဟုတ်။ အစားအသောက်ဆိုလည်း အရေးပေါ်လောက်ပဲ အဆင်ပြေတယ်။ နောက်တော့ တခြားနေရာဆိုလည်း အဲ့မှာ အစ်မတို့ ကိုယ်တိုင်းသွားပြီး လေ့လာတယ်။ တကယ်လို့ သူတို့ အကူအညီလိုရင်လည်း NGO တွေနဲ့ တတ်နိုင်သေလာက်တော့ ချိတ်ပေးတယ်ဆိုပေမယ့် အရေးပေါ်လောက်ပဲရကြတယ်ပေါ့နော်။”

စစ်ရှောင်တွေအများစုကလည်း ဖျားနာပြီး ချောင်းဆိုးတာတွေ ခံစားနေကြရတယ်လို့ ပြောပါတယ်။

“ဖျားနာတာတွေတော့ အများကြီး။ တလောတုန်းကဆိုရင် ကျနော်တို့ ရာနဲ့ချီနဲ့ကို ဖျားကြတာ ကူးကြတာပေါ့။ တနေရာထဲနေတော့လေ တစ်ယောက်က ချောင်းဆိုးရင် အကုန်းလုံးချောင်းဆိုး။ အပူတွေ၊ ငှက်ဖျား ရာသီအပြောင်းအလဲကြောင့်လား မသိဘူး တချို့ စစ်ရှောင်စခန်းဆို နှစ်ရာ သုံးရာလောက်တော့ ဖျားတယ်။”

နာမကျန်းသူတွေအတွက် ငွေးရေးကြေးရေးနဲ့ ဆေးဝါးတွေကို အလှူခံပြီး ပအိုဝ်းတိုင်းရင်းသားပါဝင်တဲ့ ကျန်းမာရေးအဖွဲ့တွေက လိုက်လံ ကြည့်ရှုပြီး ကုသပေးထားတယ်လို့ ဆိုပါတယ်။

ကယားပြည်နယ်ကနေ ရောက်လာတဲ့စစ်ရှောင်တွေထဲမှာ အများစုက အမျိုးသမီးတွေဖြစ်ပြီးတော့ အသက်အရွယ်ကြီးသူ၊ နာမကျန်းသူတွေနဲ့ ကလေးငယ်တွေအပြင် မွေးခါနီး ကိုယ်ဝန်ဆောင်တွေလည်း ပါဝင်ပါတယ်။ တိုက်ပွဲနဲ့ လက်နက်ကြီးဒဏ်တွေကြောင့် အများစုက အိုးအိမ် စွန့်ခွာလာကြတာပါ။ ရောက်လာကြတဲ့ စစ်ဘေးရှောင်တွေဟာ အတော်လေး ထိတ်လန့် ကြောက်ရွံနေကြပြီး ကိုယ့်ရဲ့နေအိမ် မပျက်စီးဖို့နဲ့ အိမ်ပြန်နိုင်ဖို့အတွက်ကိုလည်း မျှော်လင့်နေကြပါတယ်။

Your browser doesn’t support HTML5

ရှမ်းတောင်စစ်ရှောင်များ ရိက္ခာပြတ်ဖျားနာနေ

[[Unicode]]











