(Zawgyi/Unicode)
အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲ မတိုင်ခင် ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေး ရနိုင်ခြေရှိနေတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့မှာ ပြောပါတယ်။ ဒါဟာ သမ္မတအိမ်ဖြူတော်ရဲ့ ကျန်းမာရေးကျွမ်းကျင်သူတွေ ခန့်မှန်းတာထက် ပိုအပြုသဘောဆောင်တဲ့ ခန့်မှန်းချက် ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွက်ကာကွယ်ဆေးကို ဒီနှစ်ကုန်ထက် စောပြီး ရနိုင်ခြေရှိမရှိ သတင်းဌာနတခုရဲ့ မေးမြန်းချက်ကို သမ္မတက နိုဝင်ဘာ ၃ မတိုင်ခင် ရနိုင်သလို အဲဒီအချိန်လောက်မှာတော့ ရနိုင်လောက်ပြီလို့ ထင်ကြောင်း ဖြေကြားခဲ့တာပါ။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွါးရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားရတဲ့အတွက် အမေရိကန်စီးပွါးရေး ယိုယွင်းနေချိန်မှာပဲ သမ္မတ ထရမ့်က ဒုတိယသက်တမ်း အတွက် ပြန်အရွေးခံဖို့ လုပ်နေတာပါ။ ဒီကပ်ရောဂါကြောင့် အမေရိကန်ပြည်ထောင်စုမှာ ပျမ်းမျှအားဖြင့် တရက်ကို လူ တထောင်ကျော် သေဆုံးချိန်မှာပဲ စာသင်ကျောင်းတွေ ပြန်ဖွင့်တာကစပြီး အမေရိကန် လူနေမှုဘဝ နဂိုအတိုင်း ပြန်ဖြစ်လာဖို့ သမ္မတက ကြိုးစားနေတာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး အနည်းဆုံးတော့ ဆေးတမျိုးကို ရနိုင်ခြေရှိနေပြီး ဒီဆေးသုံးဖို့ ကလည်း နှစ်ကုန်လောက်ဆို စိတ်ချရမှာ ဖြစ်ကြောင်း အမေရိကန်အစိုးရ ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းပညာရှင် Dr. Anthony Fauci က ဗုဒ္ဓဟူးနေ့ ရိုက်တာသတင်းဌာန မေးမြန်းခန်းမှာ ဖြေကြားခဲ့တာပါ။
ကာကွယ်ဆေးထုတ်ဖို့ ကြိုးစားနေသူတွေထဲက အလားအလာကောင်းတဲ့ အမေရိကန် အခြေစိုက် Moderna Inc ကုမ္ပဏီ ကို တရုတ်အစိုးရနဲ့ ဆက်နွယ်နေတဲ့ ကွန်ပြူတာဖေါက်ထွင်းသူ ဟက်ကာ တွေက ပစ်မှတ်ထားနေတယ်လို့ တရုတ် ဟက်ကာတွေကို ခြေရာခံ စုံစမ်းနေတဲ့ အမေရိကန် လုံခြုံရေး အရာရှိ တဦးရဲ့ ပြောကြားချက်ကို ရိုက်တာသတင်းက ဖေါ်ပြပါတယ်။
တရုတ်က အမေရိကန်ဆီကနေ ကာကွယ်ဆေးတွေခိုးယူ ဖို့ရှိမရှိ အသေချာမပြောနိုင်ပေမယ့် ဖြစ်နိုင်ခြေရှိတယ်လို့လည်း သမ္မတက ပြောကြားခဲ့တာပါ။
Your browser doesn’t support HTML5
................
(Unicode)