လာမယ့်နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ ဝင်ပြိုင်တော့မှာမဟုတ်ကြောင်းပြောလိုက်တဲ့ သမ္မတဂျိုးဘိုင်ဒန်ရဲ့ ဆုံးဖြတ်ချက်ကိုလေးစားကြောင်း ဗြိတိန်အပါအဝင် မဟာမိတ်နိုင်ငံ ခေါင်းဆောင်အများအပြားက ပြောပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် Keir Starmer က သူဟာ သမ္မတဘိုင်ဒန်ရဲ့ ဆုံးဖြတ်ချက်ကိုလေးစားကြောင်း၊ သူ့ရဲ့ ကျန်ရှိနေသေးတဲ့ သမ္မတသက်တမ်းမှာ အတူလက်တွဲ လုပ်ဆောင်မှာဖြစ်ကြောင်း နေ့မှာပဲ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ စပိန်ဝန်ကြီးချုပ် Pedro Sanchez ကလည်း သမ္မတဘိုင်ဒန်ရဲ့ ရဲရင့်ပြီး ဂုဏ်သိက္ခာရှိရှိ ဆုံးဖြတ်မှုအတွက် လေးစားမြတ်နိုးပါကြောင်းနဲ့ သမ္မတဘိုင်ဒန်လက်ထက်မှာ ဆိုးဝါးတဲ့ကပ်ရောဂါနောက်ပိုင်း ကြုံလာရတဲ့ အမေရိကန် စီးပွါးရေးပြဿနာပြေလည်အောင်ဦးဆောင်ခဲ့မှုအပြင် ယူကရိန်းတွက်အကူညီပေးရာမှာ စံပြအဖြစ် ဆောင်ရွက်ပြီး ဒီမိုကရေစီနဲ့ လွတ်လပ်မှုကိုကာကွယ်တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောပါတယ်။
အိုင်ယာလန်ဝန်ကြီးချုပ် Simon Harris၊ နော်ဝေဝန်ကြီးချုပ် Jonas Gahr Stoere၊ ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Petr Fiala ၊ ပိုလန်ဝန်ကြီးချုပ် Donald Tusk တို့နဲ့ အနောက်မဟာမိတ်နိုင်ငံ ခေါင်းဆောင်တွေကလည်း သမ္မတဘိုင်ဒန်ရဲ့ ဆုံးဖြတ်ချက်ကို ချီးကျူးခဲ့ကြတာပါ။ ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov ကတော့ ရွေးကောက်ပွဲအတွက် အချိန် ၄ လ ကျန်သေးတာကြောင့် အပြောင်းအလဲတွေ ဖြစ်လာနိုင်တဲ့အတွက် စောင့်ကြည့်ရမှာဖြစ်ကြောင်း ပြောပါတယ်။
ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကင်ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းထားတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကတော့ သမ္မတဂျိုးဘိုင်ဒန်ဟာ သမ္မတမဖြစ်ထိုက်တဲ့သူလို့ ချက်ချင်းပဲ ပြောကြားခဲ့ပါတယ်။
Your browser doesn’t support HTML5