ပဲခူးရေကြီးမှု စိုးရိမ်ရေမှတ်အထက် ဆက်ပြီးရှိနေ

ပဲခူးတိုင်း ပဲခူးမြို့မှာ မိုးသည်းထန်စွာရွာသွန်းအပြီး ပဲခူးမြစ်စိုးရိမ်ရေမှတ်ကျော်လွန်သွားတာကြောင့် မြို့ထဲလမ်းတွေမှာ ရေကြီးရေလျှံနေတာကိုတွေ့ရစဉ် (ဩဂုတ် ၁၀၊ ၂၀၂၃)

မိုးသည်းထန် ရွာသွန်းလို့ ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်နေ့ ညပိုင်းကစပြီး ပဲခူးမြစ်ရေ မြင့်တက်ခဲ့ပြီး ဒီကနေ့ ညနေပိုင်းအထိ စိုးရိမ်ရေမှတ်အထက်မှာပဲ ဆက်ပြီးရှိနေတယ်လို့ ပဲခူးမြို့နယ် မီးသတ်ဌာနက သတိပေး ထားပါတယ်။ လက်ရှိ ပဲခူးမြို့ခံ လူဦးရေ တသောင်းလောက် ရေဘေးသင့်နေပြီး ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့ပေးထားကြောင်း မီးသတ်ဌာန တာဝန်ရှိသူက ဗွီအိုအေကိုပြောပါတယ်။ ရေဘေးသတင်းပေးပို့ချက်ကို မအင်ကြင်းနိုင်က ပြောပြမှာပါ။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပဲခူးမြို့မှာ ရေကြီးလို့ မြို့ခံ တသောင်းလောက် ရေဘေးသင့်နေတယ်လို့ ပဲခူးမြို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ ရေဘေးသင့် မြို့ခံတွေကို ယာယီကယ်ဆယ်စခ န်းဆီ နေရာပြောင်းရွှေ့ထားပြီး ဌာနဆိုင်ရာနဲ့ ပရဟိအဖွဲ့တွေက ထမင်းထုပ်ဝေနေတယ်လို့ အခုလို ဆက်ပြောပါတယ်။

“ကယ်ဆယ်ရေးစခန်းတွေမှာလည်း ထမင်းထုပ်ဝေတာတို့ ဘာတို့ ညာတို့ အဆင်ပြေအောင်လုပ်ပေးပါတယ်၊ ရပ်ကွက်ထဲကနေ ကယ်ထုတ်ရတဲ့အပိုင်းကတော့ ပြီးသလောက်ဖြစ်သွားပါပြီ ကျနော်တို့ ရပ်ကွက်ထဲက ဘေးဒုက္ခရောက်နေတဲ့ ခလေးတွေကတော့ မိသားစုတွေ အားလုံးကယ်ထုတ်ပြီးပါပြီ။”

မိုးသည်းထန် ရွာသွန်းလို့ ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်နေ့ ညပိုင်းကစ ပဲခူးမြစ်ရေ မြင့်တက်ခဲ့ပြီး သြဂုတ်လ ၁၁ ရက် ဒီကနေ့ ညနေပိုင်းအထိ စိုးရိမ်ရေမှတ်အထက်မှာ ရှိနေသေးတာမို့ မြို့ခံတွေ ပြန်လို့မရသေးဘူးလို့ ဆိုပါတယ်။

“လူဦးရေကတော့ တစ်သောင်းကျော်လောက်တော့ ရှိမယ်ထင်တယ်၊ ကျနော်တို့ စာရင်းကတော့ အတိအကျမမှတ်မိဘူးပေါ့နော်၊ ရပ်ကွက်အနေနဲ့ကတော့ ကျနော်တို့ ၈ ခု ပါ ခင်ဗျ၊ ကယ်ဆယ်ရေးစခန်းက အားလုံး ၂၈ ခု ဖွင့်ထားပါတယ်ခင်ဗျ။ ကျနော်တို့ ရေကျတယ်ဆိုပေမယ့် စိုးရိမ်ရေမှတ်ရဲ့ အထက်မှာပဲ ရှိနေပါသေးတယ်ခင်ဗျ၊ စိုးရိမ်ရေမှတ်က ၈၈၀ ပါ အခု လက်ရှိက ၉၆၀ ပတ်ဝန်းကျင်လောက်မှာ ရှိနေပါသေးတယ်ခင်ဗျ ပြန်လို့မရသေးဘူး။”

ပဲခူးတိုင်း ပဲခူးမြို့မှာ မိုးသည်းထန်စွာရွာသွန်းအပြီး ပဲခူးမြစ်စိုးရိမ်ရေမှတ်ကျော်လွန်သွားတာကြောင့် မြို့ထဲလမ်းတွေမှာ ရေကြီးရေလျှံနေတာကိုတွေ့ရစဉ် (ဩဂုတ် ၁၀၊ ၂၀၂၃)

ရေဘေးသင့်နေတဲ့ ပဲခူးမြို့ခံ တဦးကတော့ နေအိမ်အောက်ထပ်မှာ ရေမြုပ်နေတာမို့ ချက်ပြုတ်စားသောက်လို့မရဘဲ ရင်ဘတ်လောက်ရှိတဲ့ ရေကို ဖြတ်ပြီး ဝယ်စားနေရတဲ့အကြောင်း ခုလို ပြောပါတယ်။

“မြုပ်နေတာ ကျနော်တို့လည်း ရေမြုပ်တဲ့အပိုင်းပါပဲ၊ (ထမင်းဟင်း)ဝယ်စားတာပေါ့လေး ချက်လို့က အိမ်ကနှစ်ထပ် အောက်ထပ်က မြုပ်သွားတော့ ချက်လို့မဖြစ်တော့ ဝယ်စားတာပေါ့။ အဓိကတော့ သူက လုံးလုံးနေအိမ်မှာ နေလို့မရတဲ့ လူတွေကျတော့ စခန်းမှာ ဦးစားပေးပြီးတော့ သူတို့စီစဉ်ပေးတာပေါ့ အစားအသောက်ကတော့၊ ကျနော်တို့လို အိမ်နေရတဲ့ လူကတော့ ကိုယ့်ပါကိုယ် ထွက်ဝယ်ပေါ့၊ အပြင်ထွက်လို့တော့ ရသေးတယ်၊ အိမ်ရှေ့မှာ ဟိုဟာ…ရင်ဘတ်အောက်ရေနက်လောက်ရှိတယ် ဒါပေမယ့် သွားလာဝယ်စားလို့တော့ ရပါသေးတယ်။”

ရေးလွှမ်းမိုးမှုကြောင့် နေအိမ်အများစုက ရေမြုပ်နေတာကြောင့် ပစ္စည်းဆုံးရှုံးမှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ ခုရက်ပိုင်း မြန်မာနိုင်ငံ နေရာတော်တော်များများမှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီး၊ မြေပြိုမှုတွေနဲ့ ကြုံတွေ့နေရပြီး၊ ထိခိုက်သေဆုံးမှုတွေလည်း ကြုံနေရပါတယ်။ ဒါ့အပြင် စပါးစိုက်ခင်းတွေ ပျက်စီးတာ၊ ကားလမ်းရေကျော်တာတွေရှိနေသလို မြဝတီ အာရှလမ်းပိုင်းမှာလည် မြေပြိုပြီး လမ်းပိုင်းပြတ်တောက်ခဲ့တာကြောင့် သွားလာရေးအခက်အခဲရှိနေပြီး ကုန်သွယ်ရေးလုပ်ငန်းလည်း ထိခိုက်နေပါတယ်။

Your browser doesn’t support HTML5

ပဲခူးရေကြီးမှု စိုးရိမ်ရေမှတ်အထက် ဆက်ပြီးရှိနေ