သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ မိုးကြီးမြေပြိုမှုတွေကြောင့် သေကြေထိခိုက်မှုတချို့ရှိ


ကရင်ပြည်နယ်၊ မြဝတီမြို့မှာ မိုးကြီးရေလျှံပြီး ကားလမ်းတွေရေနစ်ကုန်တာကြောင့် ကုန်ကားတစင်း လမ်းချော်တိမ်းမှောက်သွားပုံ။ (Photo CJ)
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ မိုးကြီးရေလျှံပြီး ကားလမ်းတွေရေနစ်ကုန်တာကြောင့် ကုန်ကားတစင်း လမ်းချော်တိမ်းမှောက်သွားပုံ။ (Photo CJ)

မြန်မာနိုင်ငံ နေရာတော်တော်များများမှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီး၊ မြေပြိုမှုတွေနဲ့ ကြုံတွေ့နေရပြီး၊ ထိခိုက်သေဆုံးမှုတွေလည်း ကြုံနေရပါတယ်။ ရှမ်းပြည်နယ်မှာ ရေကြီးမြေပြိုမှုကြောင့် ကလေးငယ် ၁ ဦး သေဆုံးခဲ့တာပါ။ မြန်မာနိုင်ငံက ရေဘေးသင့် အခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို မမြသဇင်အောင် ပြောပြပါမယ်။

မြန်မာနိုင်ငံတဝန်း နေရာအတော်များများ အခုရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီး၊ မြေပြိုမှုတွေနဲ့ ကြုံတွေ့နေရပြီး ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ် မန်ကန်ကျေးရွာမှာ ရေကြီးမြေပြိုရာက မနေ့တုန်းက ၁ နှစ်ခွဲအရွယ် ကလေးငယ်တဦး သေဆုံး၊ နှစ်ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ ရွာခံတဦးက ပြောပါတယ်။

“မိုးက ဆက်တိုက်ရွာနေဆိုတော့နော်၊ အများကြီးပဲ ကျနော်တို့ရွာ မြေပြိုတဲ့နေရာတွေက၊ ကျနော်တို့ ဘုန်းကြီးကျောင်းမှာလည်း ပြိုတယ်၊ ပြီးတော့ ရွာအဝင်လမ်း၊ ပြီးတော့ ကျနော်တို့ ဓမ္မာရုံမှာရော တခြားအိမ်ရော အကုန်လုံးပြိုတယ်၊ ကျနော်တို့ ရွာထိခိုက်တဲ့လူက နှစ်ယောက်ပဲ တစ်ယောက်က သေတာလေ၊ နှစ်ယောက်က ဒဏ်ရာရတာ။ ဒီနေ့ ကျနော်တို့ နေနည်းနည်းသာတယ်၊ အဲ့မြေပြိုတဲ့နေရာ လမ်းပိတ်တဲ့ဟာလည်း ကျနော်တို့ မြေစာတွေရှင်းနေတယ်။”

သေဆုံးသူရဲ့ အဖွားနဲ့ အမေဖြစ်သူက ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ မြေပြိုခဲ့တဲ့ မန်ကန်ရွာမှာ ဘုန်းကြီးကျောင်းဆောင်တွေ ဓမ္မရုံတွေနဲ့ နေအိမ် ၈ လုံးလောက် ထိခိုက်ပျက်စီးသွားကြောင်းနဲ့ မန်ကန်ကျေးရွာအပြက် မန်အောင်ကျေးရွာ၊ ဆာလူကျေးရွာနဲ့ ဖလင်ကျေးရွာမှာ မြေပြိုတာတွေရှိတယ်လို့ ဆိုပါတယ်။ ဒီနေ့နေ့ခင်းပိုင်းလောက်မှာ မိုးလေသာနေတာမို့ မြေစာပိနေတဲ့ လမ်းတွေကို လိုက်လံလမ်းရှင်းနေပြီလို့ ဆိုပါတယ်။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပဲခူးမြို့မှာ ရပ်ကွက် ၁၀ ခု ထက်မနည်း ရေကြီးမှုဒဏ် ကြုံတွေ့နေရတယ်လို့ မြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။ မိုးသည်းထန် ရွာသွန်းလို့ မနေ့ ညပိုင်းလောက်က ပဲခူးမြစ်ရေ မြင့်တက်ခဲ့ပြီး လက်ရှိ စိုးရိမ်ရေမှတ်အထက် ကျော်လွန်သွားပြီးလို့ ဆိုပါတယ်။ ညအိပ်နေချိန်မှာ ရေတက်လာလို့ တချို့အိမ်တွေက ပစ္စည်းကောက်သိမ်းချိန်မရဘဲ ရုတ်တရက်ပြောင်းရွှေ့လိုက်ရတာလို့ မြို့ခံက ခုလို ပြောပါတယ်။

“အခုကျတော့ ဟိုဟာ စိုးရိမ်ရေမှတ်က ၈၈၀ လေ၊ အဲ့ဒီထက် ကျော်ပြီးတော့ ၉၀၀ ကျော်ရောက်နေပြီးဆိုတော့ မြုပ်တဲ့အပိုင်းတွေလည်း မြုပ်ကုန်တာပေါ့၊ မြုပ်တဲ့ရပ်ကွက် ၁၀ ရပ်ကွက်လောက်တော့ ရှိမှာပေါ့။ အခုတော့ ဆယ်သွယ်ရေးစခန်းတွေ ဖွင့်ထားတာ တွေ့တယ်၊ အိမ်ထောင်စုရာကျော်ပြီးတော့ လူ ၂၀၀၊ ၃၀၀ လောက်ထိတော့ ရှိမှာပေါ့၊ ကယ်ဆယ်ရေးစခန်း ၃၊၄ခုဖွင့်ထားတယ်၊ ဘုန်းကြီးကျောင်းတွေရယ် နောက် ကျောင်းတွေမှာရယ်။ ရေက ညက တက်တာ တက်တာ ညဘက် တက်တာမြန်သွားတာပေါ့၊ မြန်တော့ တချို့တွေလည်း သိမ်းချိန်မရဘူးပေါ့ နိမ့်တဲ့အပိုင်းတွေဆိုလည်း အိပ်နေရင်းနဲ့ ရေထိပြီးတော့မှ လန့်နိုးတာတွေ မြုပ်တာတွေ အဲ့ဒါမျိုးတော့ ရှိလာတယ်။”

ရေဘေးသင့်တဲ့ အိမ်ခြေ ၁,၀၀၀ ထက်မနည်း ရှိမယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ ရေဘေးသင့်သူတွေကိုတော့ ဘုန်းကြီးကျောင်း စာသင်ကျောင်းတွေမှာ ယာယီကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားပြီး လမ်းလျှောက်သွားလာလို့မရတဲ့ နေရာမှာ လှေတွနဲ့ ပြောင်းရွှေ့နေကြပါတယ်။ လက်ရှိ ပဲခူး-ရန်ကုန်ကားလမ်းမကြီးမှာ ရေကျော်နေပြီးမို့ ဆက်တိုက် မိုးရွာမယ်ဆိုရင် ဒီထက်မက အခြေအနေဆိုးသွားနိုင်တယ်လို့ ဆိုပါတယ်။

“ပဲခူး ရန်ကုန်လမ်းမကြီးကို ကျော်နေပြီးလေ၊ ကျော်နေတော့ ဒီလမ်းမကြီးကပဲ ကားတွေက အဓိကအသွားအလာလုပ်ကြတာကိုး၊ ဆိုတော့ အဲ့ဒီလမ်းတွေ ဥပမာ ကားအသေးလေးတွေဆို သွားလို့မရတော့ဘူး၊ mini bus တို့ express တို့ပဲ သွားလို့တော့တယ် အဲ့ဒါတောင် သိပ်မလွတ်ချင်တော့ဘူး၊ အခုထပ်တက်တယ် ဒီနှုန်းအတိုင်းထပ်တက်ဆိုရင် မနက်ဖြန်ဆိုရင် ကားအသွားအလာ သိပ်မကောင်းနိုင်တော့ဘူး။”

အလားတူ မွန်ပြည်နယ်မှာလည်း ရေလွှမ်းမိုးမှုကြောင့် လူပေါင်းထောင်နဲ့ချီ အရေးပေါ် ယာယီပြောင်းရွှေ့ခဲ့ရပါတယ်။ ဘီးလင်းမြို့ပေါ်ရပ်ကွက်နဲ့ အနိမ့်ပိုင်း ကျေးရွာအများစုမှာ ရေကြီးခဲ့တာပါ။ ရေကြီးရေလျှံတာ ၃ရက် မြောက်နေ့ ဒီကနေ့မှာ ရေနည်းနည်းပြန်ကျသွားလို့ တချို့ပြန်လို့ရတဲ့ လူတွေက နေအိမ်ပြန်ကြပြီး တချို့ကလည်း မပြန်နိုင်သေးဘူးလို့ ဒေသခံ စေတနာ့ဝန်ထမ်း ကူညီနေသူတဦးက ပြောပါတယ်။

“ တော်တော်များလည်း မြုပ်ပါတယ်၊ နှစ်ကျော့ပြောင်းလိုက်ရတယ်၊ ပထမတကျော့ပြောင်းတယ်၊ ရေကျတော့ ပြန်သွားကြတယ်၊ မနက်တော့ ရေကျတော့ တခါပြန်သွားတယ်၊ နောက်မနက်ကျတော့ ရေတက်ခါကျတော့ ပြန်ပြောင်းရတာနဲ့ နှစ်ခါပြောင်းရတာပေါ့၊ (အခု)တချို့ကတော့ ပြန်တယ် တချို့ကတော့ မပြန်ရသေးဘူး၊ တချို့ရေကျပေမယ့် လုံးဝအပြောင်ကြီးမဟုတ်သေးဘူး၊ ကျန်တဲ့ရေက ကျန်သေးတယ်လေ၊ မိန်းလမ်းလေးဘာတွေကတော့ နည်းနည်းရေလျော့သွားတာပေါ့၊ နေတွေကြာမှာ တဖက်တွေမှာ ကျန်သေးတယ် ရေတွေကတော့ ၊ အနိမ့်ပိုင်းတွေကတော့ မြုပ်သေးတယ်။”

ဘီးလင်းမြစ်ရေတွေ တက်လာလို့ ပြီးခဲ့တဲ့ သြဂုတ်လ ၂ရက်နေ့က အနိမ့်ပိုင်းရပ်ကွက် ကျေးရွာတွေ အရေးပေါ် ပြောင်းရွှေ့ခဲ့ကြရပါတယ်။ အာရှတလွှား နိုင်ငံတွေမှာ မကြာသေးခင်ကစလု့ိ မိုးသည်းထန် ရေကြီးမှုတွေ ကြုံနေရပြီး တရုတ်နိုင်ငံမှာ ဆိုရင်လည်း နှစ်ပေါင်း ရာကျော်အတွင်း အဆိုးဆုံးအဖြစ် ဘေဂျင်းမြို့တော်မှာ လူသေဆုံးတဲ့အထိ ဖြစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG