သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီ-ကော့ကရိတ်လမ်း ပျက်စီးမှုကြောင့် တခြားနယ်စပ်လမ်းတွေသုံးဖို့ မြန်မာပြင်ဆင်


မြဝတီလမ်းပိုင်းပြတ်တောက်လို့ ကုန်ကားတွေပိတ်မိနေ (သြဂုတ် ၈၊ ၂၀၂၃)
မြဝတီလမ်းပိုင်းပြတ်တောက်လို့ ကုန်ကားတွေပိတ်မိနေ (သြဂုတ် ၈၊ ၂၀၂၃)

ထိုင်း-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းပေါ်က မြဝတီ-ကော့ကရိတ်လမ်းပိုင်း ပြီးခဲ့တဲ့ရက်ပိုင်းက မိုးများပြီး မြေပြို ပျက်စီးခဲ့တာကြောင့် ပိတ်ထားရသလို၊ ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်တွေကို တခြား နယ်စပ်စခန်းတွေကနေ ပြောင်းလဲ ဝင်ထွက်ခွင့် ပေးသွားမယ်လို့ မြဝတီ ကုန်သွယ်ရေး ဦးစီးဌာနက ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ပါတယ်။ ပြည်တွင်းစစ် ပဋိပက္ခတွေနဲ့ သဘာဝဘေး နှစ်မျိုးလုံးကြောင့် ကုန်စည်စီးဆင်းမှုတွေ အတိုင်းအတာ တခုအထိ အခက်အခဲ စိန်ခေါ်မှုတွေ ကြုံတွေ့နေရတဲ့အကြောင်း ရန်ကုန်က ပေးပို့လာတဲ့ ဒီသတင်းကို ကိုငြိမ်းချမ်းကတင်ပြပေးပါမယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကရင်ပြည်နယ်တွင်း ရေကြီး မြေပြိုမှုတွေကြောင့် ထိုင်း−မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ အာရှလမ်းမကြီးရဲ့ မြဝတီ-ကော့ကရိတ် လမ်းပိုင်း ပျက်စီးသွားခဲ့သလို၊ ကုန်သွယ်မှုနဲ့ အသွားအလာတွေ နှောင့်နှေးသွားခဲ့ရပါတယ်။ ဒါကြောင့် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တွေကို တခြား နယ်စပ်ဂိတ်တွေ အပါအဝင် ပင်လယ်ရေကြောင်းကနေ ပြောင်းလဲ တင်သွင်းခွင့်ပေးသွားမယ်လို့ ကုန်သွယ်ရေးဦးစီးဌာန (မြဝတီ) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။ လိုင်စင် ခွင့်ပြုချက်ရထားတဲ့ ပို့ကုန်၊ သွင်းကုန်ပစ္စည်းအားလုံး ခွင့်ပြုပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာရှိတဲ့ သွင်းကုန် ကုမ္ပဏီပိုင်ရှင် ဦးလင်းလင်း ကတော့ အာရှလမ်းမကြီးမှာ ကားသွားလို့ မရသေးတဲ့အတွက် သူတို့အနေနဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ် ဘက်နေ ကုန်စည်တွေ လှည့်သွင်းဖို့ စဉ်းစားထားကြောင်း ဗွီအိုအေကို ပြောပါတယ်။

"စဉ်းစားတာတော့ မျိုးစုံတော့ စဉ်းစားရတာပဲ။ ကုန်ပစ္စည်းက ဒီဘက်မှာက ရပ်တန့်သွားလို့က အဆင်မပြေဘူးလေ။ အခု ကုန်ပစ္စည်းတွေက အရမ်းစျေးတက်နေတဲ့ အချိန်မှာ လမ်းပန်း ဆက်သွယ်ရေးက ပြတ်တောက်သွားတဲ့အခါ ဒီဘက်မှာ စျေးကွက်ဝယ်လိုအားအရ အရမ်း စျေးတွေ ထိုးတက်သွားမှာ ဖြစ်တဲ့အတွက် တခြား ဖြစ်နိုင်ခြေရှိတာ အကုန် လိုက်စဉ်းစားနေရတယ်။ မဲဆိုင်ဘက်တွေကတဆင့် ရန်ကုန်ဘက်ကို ပြန်ဝင်တဲ့ လမ်းကြောင်းကနေ အကုန် လိုက်စဉ်းစားနေရတယ်။"

ကရင်ပြည်နယ်၊ မြဝတီမြို့ တဖက်ကမ်း မဲဆောက်မြို့ကနေ ထိုင်းအထက်ပိုင်း မဲဆိုင်မြို့ကို ကုန်စည်တွေ တဆင့်သယ်ပြီး ရှမ်းအရှေ့ပိုင်းကနေ ရန်ကုန်ကို ပြန်သယ်ရတဲ့အတွက် ကုန်ကျစရိတ်တွေ များလာလိမ့်မယ်လို့လည်း သူက ပြောပါတယ်။

မြဝတီ- ကော့ကရိတ် လမ်းဟောင်းမှာ ကားလေးတွေနဲ့ သွားလို့ရသေးပေမဲ့ အဲဒီမှာလည်း မြေပြိုတာတွေ စဖြစ်နေတယ်လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တချို့က ပြောပါတယ်။ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ လမ်းတချို့ကို မြန်မာဘက်က လက်ရှိအချိန်အထိ ပိတ်ထားဆဲ ဖြစ်ပါတယ်။ မြဝတီ နယ်စပ်ဂိတ်နဲ့ သိပ်မဝေးလှတဲ့ ဘုရားသုံးဆူမြို့က ထီးခီး နယ်စပ်စခန်းကို ပြန်ဖွင့်ပေးမယ် ဆိုရင်တော့ အဆင်ပြေနိုင်ကြောင်း မွန်ပြည်သား ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရဲ့ အမှုဆောင်ဒါရိုက်တာက ဗွီအိုအေကို ပြောပါတယ်။

"တောင်က မိုးအရမ်းရွာ ပြိုတဲ့အခါကျတော့ ဘေလီဆင်ဖို့လည်း အဆင်မပြေဘူး၊။ တခြားလမ်းဆို import ၊ export က ထီးခီးလမ်းကနေ ပို့လို့ရတယ်။ တခုရှိတာက ဘုရားသုံးဆူလမ်းမှာက import ၊ export ပိတ်ထားတဲ့နေရာ ဖြစ်နေတယ်။ အစိုးရက ဘုရားသုံးဆူလမ်းကို ဖွင့်ပေးမယ်ဆိုရင် မြဝတီလမ်းက တလပဲပိတ်ပိတ်၊ နှစ်လပဲပိတ်ပိတ် ကျနော်တို့က ထီးခီးလမ်းကနေ ဝင်လို့ရတယ်။ မြဝတီလမ်းမှာက တိုက်ပွဲ အခြေအနေလေးတွေလည်း ရှိနေတယ်။ အဲဒါမို့ ထီးခီးလမ်းကို ဖွင့်ပေးမယ်ဆိုရင် အဆင်ပိုပြေတာပေါ့။ ကျနော်က ဒါ ကုမ္ပဏီတခုအနေနဲ့ ပြောပြတာပါ။"

မြဝတီ- မော်လမြိုင်ကားလမ်း၊ ၁၆၄ မိုင်မှာရှိတဲ့ ကျုံအိတ်တံတား တဝိုက်မှာ ရေကြီးနေပြီး ဒီနေ့မနက် တိုင်းတာချက်အရဆိုရင် ရေက အမြင့် ၂၉ ပေ (၉မီတာ) ကျော် ရှိတယ်လို့ လူမှုကူညီရေး အသင်းတချို့က ပြောပါတယ်။ ကားတွေလည်း ရာနဲ့ချီ ပိတ်မိနေတယ်လို့ ပြောပါတယ်။

မြဝတီ၊ ဝေါ်လေ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး စတဲ့ မြို့နယ်တွေမှာ မိုးသည်းထန်ပြီး ရေကြီး မြေပြိုတာတွေ ရှိနေပေမဲ့ စစ်ကောင်စီနဲ့ KNU/KNLA ကြား တိုက်ပွဲတွေကတော့ ပြင်းထန်နေပါတယ်။ စစ်ကောင်စီဟာ သူတို့လက်လွှတ်လိုက်ရတဲ့ မြဝတီမြို့နားက လက်ခတ်တောင် ဘုရားကုန်းကို ပြန်ရဖို့ နယ်ခြားစောင့် BGF တပ်တွေနဲ့တွဲပြီး တိုက်ခိုက်နေပြီး လက်နက်ကြီးတွေ အသုံးပြုပြီး အဓိက ပစ်ခတ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒေသခံ ပြည်သူတွေ အတွက်ကတော့ လက်ရှိမှာ သဘာဝဘေးနဲ့ စစ်ဘေး နှစ်မျိုးလုံးကနေ တိမ်းရှောင် နေကြရတာ ဖြစ်တယ်လို့ လူမှုကူညီရေး အဖွဲ့တွေက ပြောနေကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG